နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၆ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၆ မေ ၂၀၂၁)
ပုံ - မန္တလေးမြို့ရှိ ပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီစနစ်ချုပ်ငြိမ်းရေးနှင့် စစ်ကျွန်ပညာရေးစနစ်အလိုမရှိကြောင်း ဆန္တပြလှုပ်ရှားမှု မြင်ကွင်း(Photo - EPA)

ရန်ကုန်တိုင်းဒေသကြီး

• လှိုင်သာယာတွင် "တို့အလုပ်သမားတွေ အနာဂတ်အတွက် နိုင်ကို နိုင်ရမည်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြို့နယ်တွင်းနေ အလုပ်သမား၊ လူငယ်များက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• သင်္ဃန်းကျွန်း၊ လေးထောင့်ကန်ရပ်ကွက်ရှိ အမှတ် (၄) အထက်တန်းကျောင်းရှေ့ အုတ်တံတိုင်းတွင်များပေါ်တွင် လူငယ်များက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း စာများ ရေးကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။

• ဆိတ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများကလည်း "ငါတို့တွေက စပရင်လို ဖိလေ ကြွေလေဘဲကွ မင်းတို့ မြဲမြဲမှတ်ထား" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ယနေ့နံနက်ပိုင်းက ပုဇွန်တောင် ကုန်သွယ်ရေးဗဟိုဌာန၊ စာတိုက်နှင့် ရေကျော်လမ်း ရှိ YMBA အဆောက်အအုံရှေ့တွင် ရဲသားနှင့် ရဲမေ ၁၀ ဦးခန့်က ဖြတ်သန်းသွာလာသည့် ယာဉ်များအား တားဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး အချို့ယာဉ်များအား ပိုက်ဆံတောင်းမှုများလည်း ရှိသည်ဟု သိရသည်။

• ရွှေပြည်သာမြို့နယ်တွင်လည်း ဒေသခံများက ကြက်ခြေခတ်ထားသည့် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်ပုံများအား လမ်းများပေါ် ချနင်းကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

• မြောက်ဒဂုံမြို့နယ် (၄၁) ရပ်ကွက်တွင် ယနေ့နေ့လယ်ပိုင်းက ပေါက်ကွဲသံ ငါးကြိမ် ကြားခဲ့ရပြီး မည်သည့်နေရာတွင် ဖြစ်ပွားသည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

• ရန်ကုန်တွင် ရွှေစျေးနှုန်းတည်ငြိမ်ရေးအတွက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း - YGEA က အထူးစုံစမ်းစစ်ဆေး ရေးအဖွဲ့ - စစစ ၏ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်လိုက်သည်။ စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ရွှေစျေးမှာ တစ်ကျပ်သားလျှင် ၁၂ သိန်းကျော်မှ ၁၇ သိန်းကျော်အထိ မြင့်တက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး

• စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ညောင်ဦးမြို့ခံများက ပင်မသပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း လမ်းများပေါ်တက် တော်လှန်ဆန္ဒပြခဲ့ကြသည်။

• မန္တလေးတွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားရာ နေရာ/ယာဉ်တန်းများအနီးတွင် သွားလာခြင်းများ မပြုလုပ်ရန်နှင့် အိမ်စီးကားများအနေဖြင့် မှန်ချ မောင်းနှင်ပေးရန်၊ ရပ်ကွက်အတွင်း စစ်အုပ်စုကင်းပုန်းနှင့် ၎င်းတို့လက်ပါးစေများအား အချင်းချင်းလျှို့ဝှက်သတင်းပေးခြင်း၊ တော်လှန်ရေးတပ်သားများအား တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးရန်အတွက် မန္တလေး ပြည်သူ့ကာကွယ်တပ်ဖွဲ့က မေတ္တာရပ်ခံ သတိပေးထားသည်။

• မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ၅၈ လမ်း (၁၂၅-၁၂၆ ကြား) တွင် ဒေသခံပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင် ကြောင်းဆိုင်းဘုတ်များ စိုက်ထူကာ အာရုဏ်ဦး လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• မန်းမဟာမိတ် တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက စစ်အာဏရှင်စနစ် အပြီးတိုင်ရပ်ဆိုင်းသွားရေး အတွက် လမ်းများပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်ပေါင်းစုတွင် ဘုရားကြီးငြိမ်းချမ်းရေး၊ ဗကသ၊ မန်းတကသ၊ ကျောက်မျက်ရတနာပွဲစား၊ ခွပ်တဲ့ဒေါင်း G-Z၊ ဒေါင်းစစ်သည် စသည့် သပိတ်စစ်ကြောင်းများ ပါဝင်သည်။

• မန်းစက်မှုစုပေါင်းသပိတ်စစ်ကြောင်းကလည်း ယနေ့ နေလယ်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန်း မြတောင်သပိတ်စစ်ကြောင်းကလည်း ယနေ့နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ရပ်ဆိုင်းရေးအတွက် လမ်းများပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန်းလေးပြင်ရပ် သံဃာတော်များနှင့် ပြည်သူများ ပါဝင်သည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းက မယ်နုအုတ်ကျောင်း၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်ပြုလုပ်ခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များ လာရောက် ဖြိုခွဲခဲ့သည့်အတွက် လူစုခွဲခဲ့ရသည်။

• မန္တလေးမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းကတည်းက စစ်အုပ်စုဘက်က အင်အား အများအပြားသုံးကာ လုံခြုံရေးတင်းကြပ်ထားလျက်ရှိပြီး ယမန်နေ့ညနေပိုင်းကလည်း နန်းရှေ့စျေးဘက်တွင် မြေပြင်အနေအထား စစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်ဟု ယင်းစျေးအနီးရပ်ကွက်နေ မြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ ထို့ပြင် ယနေ့ နေ့လယ် ၃ နာရီကလည်း မြို့သို့ စစ်တပ်ဟယ်လီကော်ပတာ နှစ်စီး ဆင်းသက်ခဲ့သည်ဟုလည်း ဆိုသည်။

• စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ပြည်ကြီးတံခွန်တွေင် သံဃာနှင့် ပြည်သူများက ပျောက်ကြား သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။

• မတ္တရာမြို့နယ်၊ ကင်းရွာနေ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းမြိုင်က ၎င်းပိုင်ယာခင်းရှိ တဲနှစ်လုံးနှင့် မီးစက်၊ ကောက်ရိုးပုံများ မီးလောင်ကျွမ်းသည့်အတွက် စစ်အုပ်စုလက်နက်ကိုင်များ တိုင်ကြားခဲ့သည့်အတွက် ယနေ့နံနက် ၁၀ နာရီခန့်က လက်နက်ကိုင်များ ရွာတွင်း ဝင်လာကာ ပြည်သူနှစ်ဦးပိုင် နေအိမ်နှစ်လုံးအား ဝင်ရောက်ဖျက်ဆီးကာ ငွေနှင့် တန်ဖိုး ရှိပစ္စည်းများ သိမ်းယူသွားခဲ့သည်။ ထို့ပြင် နေအိမ်တွင်း ရပ်ထားသည့် ဆိုင်ကယ်များကို ဖျက်ဆီးသွားခဲ့သည်။

• မြင်းခြံမြို့ အ.ထ.က (၂) အနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ မြင်းခြံမြို့ အနီးရှိ သင်္ဘောဆိပ်များတွင်လည်း စစ်အုပ်စုလက်နက်ကိုင်များ ခြေရှုပ်လျက် ရှိသည်။ ယနေ့နံနက် ၂ နာရီနှင့် ၈ နာရီခန့်အချိန်တို့ကလည်း မြင်းခြံမြို့ (၁၂) ရပ်ကွက်၊ ဘုရားလမ်းရှိ စစ်အုပ်စုတပ်ဖွဲ့ဝင် ရဲဝန်ထမ်းတစ်ဦးအိမ်အနီးအနားတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ပေ။

• မိတ္ထီလာမြို့၊ သုဇနဗဟိုလမ်းရှိ ဦးထိန်မင်းခိုင်ဆိုသူနေအိမ်အား စစ်အုပ်စုလက်နက်ကိုင်များက ယနေ့နေ့လယ် ၁ နာရီခွဲကျော်ခန့်တွင် အင်အားအများအပြားဖြင့် ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

• မိုးကုတ်မြို့နယ် ကျောင်းသားသမဂ္ဂနှင့် ကျောက်ပြဿဒ်စံပြကျေးရွာနေ ပြည်သူများကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာ ဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ပြင်ဦးလွင်နေ ပြည်သူများက ချင်းပြည်နယ် မင်းတပ်မြို့နေ ပြည်သူများ ဘေးကင်းပါစေကြောင်းနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း Paper Strike ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• သာယာဝတီမြို့နေ ပြည်သူများကလည်း အ.ထ.က (၁) ကျောင်းရှေ့တွင် သွေးစွန်းကျောင်းစိမ်းဝတ်စုံများ ချိတ်ဆွဲ၍ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း သွေးသပိတ် ပြုလုပ်ခဲ့သည်။

• ထန်းတပင်မြို့နယ်၊ နတ်ရွာနေ ပြည်သူများကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ပဲခူးမြို့နေ လူငယ်များကလည်း စစ်အုပ်စု ဖိနှိပ်နေသည့်ကြားကပင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။ ပဲခူးတွင် ပြည်သူရာနှင့်ချီ သေဆုံးမှုတွင် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပဲခူးတိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီး အောင်ခိုင်မှာ ယမန်နေ့ နံနက်ပိုင်းက ရင်ဘက်အောင့်သည်ဟုဆိုကာ စွယ်တော်ဆေးရုံသို့ အရောက်တွင်ပင် သေဆုံးသွားခဲ့သည်ဟု သိရသည်။

• ပဲခူးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ရိုးမ) ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကာ NUG အစိုးရထံ သစ္စာခံသွားမည်ဟု ထုတ်ပြန်ထား သည်။

စစ်ကိုင်းတိုင်းဒေသကြီး

• စဉ့်ကိုင်မြို့နယ်၊ မုံပင်ရွာတွင် အကြမ်းဖက်စစ်အုပ်စုက စစ်ကား လေးစီး၊ အင်အား ၃၀ ကျော်ဖြင့် ရွာအတွင်း ဝင်ရောက်၍ သပိတ်ခေါင်းဆောင်များအား လာရောက်ဖမ်းဆီးရာ မတွေ့ရှိခဲ့သည့်အတွက် နေအိမ်များအတွင်းရှိ အသုံးအဆောင်နှင့် ပိုက်ဆံများအား ယူဆောင်သွားသည်။

• ကနီမြို့နယ်တွင်း ကျေးရွာများမှ စစ်အုပ်စုက ဖမ်းဆီးထားသည့် ရွာသားများအနက် ဇီးပင်တွင်းရွာမှ သုံးဦးနှင့် သမင်ခြံတောတိုက်မှ ခုနစ်ဦးမှာ မေလ ၁၅ ရက်က ပြန်လွတ်လာပြီဖြစ်ကာ နောက်ထပ် ၃၀ ဦးခန့်ကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားသည်။

• ခင်ဦးမြို့နယ်တွင်လည်း အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ယမန်နေ့က ကျေးရွာအတွင်း ဝင်ရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့် NLD ပါတီဝင်နေအိမ်များအား အဓိကထား ဖျက်ဆီးကာ ငွေကျပ် ၁၃ သိန်းနှင့် အသုံးအဆောင်ပစ္စည်းများ ယူဆောင်သွားသည်ဟု သိရသည်။

• ရွှေဘိုဒေသခံများကလည်း ယနေ့နံနက်ပိုင်းက လမ်းမများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ကလေးမြို့ အ.လ.က ၁ (ထ-ခွဲ) ကျောင်းတွင် ယနေ့နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

• ကလေးမြို့တွင် ည ခုနစ်နာရီနောက်ပိုင်း ကျန်းမာရေးကိစ္စမှအပ ပြင်ပသို့ သွားလာခြင်းများ မပြုလုပ်ဘဲ နေထိုင်ကြရန်နှင့် မြို့တွင်း စီးပွားရေးလုပ်ငန်းရှင်များမှ မော်တော်ယာဉ်များဖြင့် ကုန်ပစ္စည်းများ တင်ပို့သယ်ဆောင်ခြင်းများကို ည ၁၀ နောက်ပိုင်း လုံးဝရပ်ပေးထာကြပါရန် ကလေးမြို့ ခုခံကာကွယ်ရေးအဖွဲ့အစည်း - KRDA က ထုတ်ပြန်ထားပြီး တစုံတရာ ကိစ္စရပ်များ ဖြစ်ပေါ်ပါက စစ်အုပ်စုလက်ချက်သာ ဖြစ်ကြောင်း သတိပေးထားသည်။ ကလေးမြို့တွင် ယမန်နေ့ညပိုင်းက လည်း စစ်အုပ်စုဘက်က မြို့ပေါ်နေရာအချို့တွင် ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

• မုံရွာတွင်လည်း ပင်မဆိုင်ကယ်သပိတ်စစ်ကြောင်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ သည်။

• စစ်အုပ်စု ဖိနှိပ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ယင်းမာပင်မြို့နယ်တွင်းရှိ ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံ များအတွက် NUG အစိုးရက ရွက်ဖျင်တဲ၊ မိုးကာများနှင့် အခြားပစ္စည်းများအား ကျပ်သိန်းလေးဆယ်ကျော်ဖိုး ထောက်ပံ့ ပေးအပ်ခဲ့သည်။

• ပုလဲမြို့နယ်၊ မွေတုံကျေးရွာနေပြည်သူများက ကျေးရွာတွင်းကျောင်းများရှေ့တွင် စုဝေးကာ စစ်ကျွန်ပညာရေးအလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ဆားလင်းကြီး၊ ဖောင်းကားကျေးရွာသပိတ်စစ်ကြောင်းကလည်း လူအင်အားရာနှင့်ချီ စုဝေး၍ ကျေးရွာလမ်းများတွင်း လှည့် လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ဒီပဲယင်းမြို့နယ်၊ မြင်းတန်းကျေးရွာနေ ပြည်သူများက ပဲစိုက်ခင်းများအတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• အရာတော်မြို့နယ်၊ လိန်လှရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများ ရေးသား၍ Paper Strike ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး

• မကွေးတိုင်း၊ ကမ္မမြို့နေ ပြည်သူများက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ယနေ့နံနက်ပိုင်းက လမ်းများပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• မြိုင်မြို့နယ် မြောက်ဘက်ခြမ်းကျေးရွာများတွင်လည်း ဒေသခံ ကျောင်းသားနှင့် မိဘပြည်သူများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်းနှင့် စစ်အာဏရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• မင်းဘူးမြို့နယ် Gen-Z လူငယ်များကလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း အသံမတိတ် အလံမလိပ် ပျောက်ကြား သပိတ်ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသနေ ပြည်သူများမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ယနေ့နံနက်ပိုင်းက မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာနေ ပြည်သူများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြု လုပ်ခဲ့သည်။ ကနက်သီရိနေ မြို့ခံများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။

• လောင်းလုံမြို့နယ်၊ ကညုံကျွန်း၊ စစ်ပြဲ၊ ညောပြင်၊ ကဒက်ကြီး၊ ဝေဒီ၊ ညင်းမော်ကျေးရွာများတွင်လည်း ကျေးရွာသပိတ်စစ်ကြောင်းများ ဖွင့်ကာ စစ်အာ ဏာရှင်စနစ်ကို တိုက်ထုတ်တွန်းလှန်လျက် ရှိသည်။

• လောင်းလုံမြို့နယ်တွင် နေ့စဉ်ဆန္ဒဖော်ထုတ်နေသည့် ညောပြင်ကျေးရွာ၌ ယနေ့နံနက်ပိုင်းက ရဲနှင့် စစ်သား ၃၀ ခန့်က ကျေးရွာအတွင်းဝင်ရောက်ကာ သေနတ်များ ပစ်ဖောက်၍ ဖမ်းဆီးခဲ့ရာ ဒေသခံလေးဦးထက်မနည်း ဖမ်းဆီးခံထားရသည်။ ထို့ပြင် မောင်းမကန်ကမ်းခြေအနီးရှိ ပန်းတင်အင်းတွင်လည်း ယနေ့ နံနက်ပိုင်းက လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ယမန်နေ့ညပိုင်းကလည်း ကျောက်နီမော်ကျေးရွာနေ ပြည်သူ ၁၁ ဦးခန့်ကို စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးထားသည်။

• ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်၊ စွယ်တော်လမ်းနေ ကိုပိုင်ပိုင်ဦးအား ယနေ့နံနက် ၇ နာရီခွဲခန့်က စစ်အုပ်စု လက်နက်ကိုင်များက ၎င်း၏ နေအိမ်သို့ လာရောက်ဖမ်းဆီးရာ ဖမ်းဆီးမမိခဲ့သည့်အတွက် မိခင်ဖြစ်သူနှင့် ညီနှစ်ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးသွားသည်။

• ထားဝယ်မြို့ပေါ်ရှိ ကျောင်းသားနှင့် လူငယ်များကလည်း အာရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်ခဲ့သည်။ ထားဝယ်ပင်မသပိတ်စစ်ကြောင်းကလည်း နေ့စဉ်မပျက် လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြ တော်လှန်လျက်ရှိသည်။ ထားဝယ်တောင်ပိုင်းကျေးရွာများ ပူးပေါင်းသပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း ဆိုင်ကယ်များဖြင့် လှည့်လည်ကာ စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော် တော်လှန်ခဲ့ကြသည်။

• ထားဝယ်တွင် ယနေ့ နေ့လယ်ပိုင်းက တပ်ပေါင်းစု၊ အင်ဂျင်နီယာနှင့် ပညာရေးဝန်ထမ်းမိသားစုများ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

• ပန်းတနော် NLD ပါတီအတွင်းရေးမှူး ဒေါက်တာတင်မင်းထွဋ်ကို ယမန်နေ့ ည အသွားအလာကန့်သတ်ထားသည့် ၉ နာရီခန့် အကြမ်းဖက်စစ်အုပ်စုက စစ်ကားများဖြင့် ဝိုင်း၍ လာရောက်ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည် ကိုမူ မသိရသေးပေ။

• ပန်းတနော်မြို့ယ်တွင်း ကျေးရွာအုပ်စု (၅၆) အုပ်စုက အရေးပေါ်အင်အား ၅၀၀၊ အရံအင်အား ၁၀၀၀ ဖြင့် ပန်းတနော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကာ စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေများအား နည်းလမ်းမျိုးစုံဖြင့် နှိမ်နင်းသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

• ဒေးဒရဲနှင့် မြန်အောင်မြို့များတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းထားပြီ ဖြစ်သည်။

မွန်ပြည်နယ်

• သထုံတွင် ယနေ့နံနက် ၆ နာရီမှစ၍ ပေါက်ကွဲမှုသုံးကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည်။ နံနက် ၆ နဦရီက သထုံ အ.ထ.က (၂) ကျောင်းရှေ့တွင် ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ကာ ကျောင်းအုတ်တံတိုင်းအချို့ ပျက်စီးခဲ့ပြီး ၆ နာရီ ၄၅ မိနစ်တွင် စိုးရတနာကုန် တိုက်အနီးတွင် နောက်ထပ်တစ်ကြိမ် ထပ်မံပေါက်ကွဲခဲ့ရာ ထိခိုက်မှု မရှိခဲ့ဟု သိရသည်။

• ပေါင်မြို့တွင်လည်း ကျောင်းသားနှင့် လူငယ်များက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်

• ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ တနိုင်းဘက်အသွား လီဒိုလမ်းမကြီးပေါ်တွင် ယင်းလမ်းမကြီးပေါ်ရှိ နောင်းမီကျေးရွာမှ လူငယ် ၂၇ ဦးနှင့် ဝါရာဇွပ်ကျေးရွာမှ လူငယ် နှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ညနေပိုင်း ၅ နာရီခန့်က ဖမ်းဆီး လိုက်သည်။ ထို့ပြင် လီဒိုလမ်းမကြီးပေါ်ရှိ ဒွန်ဘုန်း၊ လဝါး၊ ဒွမ်ဘန် စသည့် ကျေးရွားများရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ကိုများကို ခေါ်ယူပြီးနောက် KIA တွင် စစ်မှုထမ်းရန် သွားသည့်သူများစာရင်းအား တောင်းခံမှုများကို စစ်အုပ်စုဘက်က ပြုလုပ် လျက်ရှိသည်။

• ဝိုင်းမော်တွင် ယမန်နေ့ည ၈ နာရီခန့်က ဒေသခံများ၏ စစ်အာဏာရှင်စနစ် ပျက်သုန်းရေး ပျောက်ကြားသပိတ် စစ်ကြောင်းကို စစ်အုပ်စုက ကားဖြင့် တိုက်၍ အကြမ်းဖက်ဖြိုခွဲခဲ့ရာ တစ်ဦး ဖမ်းဆီးခံခဲ့ရပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။

• ရွှေကူမြို့ ဧရာဝတီဒုတိယမြစ်ကျဉ်းနေရာတွင် စစ်အုပ်စုဘက်က တပ်သား ၅၀ ခန့်နှင့် လက်နက်၊ ရိက္ခာသယ်လာသည့် ပင်လုံအမည်ရှိသင်္ဘောအား ယနေ့နံနက် ၆ နာရီခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း နှစ်ကြိမ် ပစ်ခတ်ခံခဲ့ရဖူးသည်။

• မြစ်ကြီးနားတွင် အခြေခံပညာကျောင်းသားသမဂ္ဂနှင့် အထွေထွေသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ အထွေထွသပိတ်စစ်ကြောင်း လူစုခွဲပြီးချိန်တွင် စစ်အုပ်စုဘက်က အိမ်စီးကားဖြင့် လိုက်လံဖမ်းဆီး ခဲ့သည့်အတွက် ဆန္ဒပြပြည်သူ လေးဦး ဖမ်းဆီးခံခဲ့ရသည်။ မြစ်ကြီးနား၊ ရှမ်းစုမြောက်ရပ်ကွက်ရှိ အ.လ.က (၃) ရှေ့တွင်လည်း လူငယ်များက စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကြောင်း သွေးသပိတ် ပြုလုပ်ခဲ့သည်။

• မိုးညှင်းတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် တော်လှန် သောစာများ ကိုင်ဆောင်ထားသည့်ပုံများအား Animation ပုံစံပြောင်း၍ လူမှုကွန်ရက်ပေါ်တင်ကာ အိမ်တွင်းသပိတ် ပြုလုပ် ခဲ့သည်။

• ဖားကန့် အေးမြသာယာမှော်ပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း စစ်အုပ်စု မတရားဖိနှိပ်နေသည့် မင်းတပ်နေပြည်သူများနှင့် တသားတည်းရှိကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် ဖားကန့်၊ မရှီကထောင်နေပြည်သူများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ ဖားကန့်၊ တာမခန် မြို့သစ်နေ ပြည်သူများကလည်း ကချင်အလံများ လွှင့်ထူကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေး ဆန္ဒဖော်ထုတ်ခဲ့ကြ သည်။

• မိုးကောင်းနေပြည်သူများကလည်း နေ့စဉ်မပျက် လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအ တွက် ဆန္ဒပြတော်လှန်လျက်ရှိသည်။ နေ့လယ်ပိုင်းတွင်လည်း မြို့ခံများက ဆိုင်ကယ်သပိတ် ထပ်မံပြုလုပ်ကာ စစ်အာဏာ ရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။

• ဗန်းမော်ခရိုင်၊ နမ်ဆန်ယန် ရွှေမှော်ရွာထိပ်တွင် ဒေသခံပြည်သူများက "အခြေပြုခါစ ပြည်သူလူထုအတွက် စစ်မက် ကင်းစင်ပေးကြပါ" ဟု ရေးသားထားသည့် မေတ္တာရပ်ခံစာ ဆိုင်းဘုတ်များကို ကပ်ထားလျက်ရှိသည်။

ကယားပြည်နယ်

• ဒီးမော့ဆိုမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး မြို့နယ်လုံးကျွတ်လူထုသပိတ်ကို ကုန်းသာကျေးရွာ၌ ပြုလုပ်ခဲ့ရာ ပညာရေးဝန်ထမ်းများအပြင် ဒေသခံပြည်သူ စုစုပေါင်း အင်အား ထောင်နှင့်ချီ ပါဝင်ခဲ့သည်။

• လွိုင်ကော်မြို့နယ် ဘာဒိုနှင့် ထေးငှားလျားကျေးရွာတို့ စုပေါင်းကာ ယနေ့နံနက်ပိုင်းက လည်း "အားကစားသပိတ်" အမည်ဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။

ကရင်ပြည်နယ်

• မြဝတီ၊ အမှတ် (၁) ရပ်ကွက်၊ ယုဇနလမ်းရှိ ဂျပန်ကြီးစတိုးဆိုင်ရှေ့တွင် ယမန်နေ့ည ၈ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဆိုင်ရှင် ဦးစိုးနောင်မှာ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲက ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ကိုယ်စား ပြု ဝင်ပြိုင်ခဲ့သူဖြစ်ကာ စစ်အုပ်စုဒလန်ဟုလည်း သတင်းထွက်နေသူ ဖြစ်သည်။

ချင်းပြည်နယ်

• မင်းတပ်မြို့နေ ပြည်သူများအား ကာကွယ်ပေးရန်နှင့် စစ်အုပ်စုအား အရေးယူပေးရန် ကုလသမဂ္ဂထံ အမျိုးသားညီညွတ်ရေး NUG အစိုးရ သံအမတ် ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုထားသည်။ ယမန်နေ့ ညပိုင်းကလည်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက မင်းတပ်တွင် အကြမ်းဖက်မှုလုပ်ဆောင်နေသည့် စစ်အုပ်စု၏ လုပ်ဆောင်မှုများအား ချက်ချင်းရပ်တန့် ရန် တောင်းဆိုထားသည်။ ချင်းအမျိုးသားတပ်ဦး - CNF ကလည်း မင်းတပ်နေ ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ရှုတ်ချကန့်ကွက်ကြောင်း စာထုတ်ပြန်ထားသည်။

• မင်းတပ်မြို့တွင် စစ်အုပ်စုလက်နက်ကိုင်များက လေကြောင်းအကူအညီ ရယူကာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်မှုကြောင့် မေလ ၁၂ ညပိုင်းမှ မေလ ၁၅ ရက်အထိ မင်းတပ်မြို့ခံ ခြောက်ဦး ကျဆုံးခဲ့သည်။ လက်ရှိတွင် အကြမ်းဖက် စစ်အုပ်စုလက်နက်ကိုင်များက မြို့တွင်းလမ်းဆုံများနှင့် မင်းတပ်ပြည်သူ့ဆေးရုံတို့တွင်ပါ တပ်စွဲထားကာ မြို့ပြင်ထွက်ရန် ပြင်ဆင်နေသည့် ဒေသခံများကိုလည်း လိုက်လံခြောက်လှန့်ပစ်ခတ်လျက် ရှိသည်ဟု သိရသည်။

• တွန်းဇံတွင်လည်း Chinland Defense Force ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ကာ CDF ဗဟိုနှင့် NUG တို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်သည်။

• ဟားခါးတွင် Chinland Defense Force က ဖမ်းဆီးထားသည့် ယာဉ်ထိန်းရဲမှူးအပါအဝင် ဝန်ထမ်းသုံးဦးနှင့် သတင်းပေး ဒလန်အား ဖမ်းဆီးခံထားရသည့် မြို့ခံပြည်သူများအား လဲလှယ်ခြင်းလုပ်ရန် ကမ်းလှမ်းထားသော်လည်း ကမ်းလှမ်းမှုအတိုင်း မလုပ်ဆောင်ပါက သေဒဏ်ပေးမည်ဟု CDF ဟားခါးတပ်ဖွဲ့ဝင်တစ်ဦးကို မေးမြန်း၍ Chin World မီဒီယာက ရေးသားထားသည်။

ရှမ်းပြည်နယ်

• ၂၀၂၀ ခုနှစ် သီပေါ NLD ကိုယ်စားလှယ်လောင်း စိုင်းကံညွန့်မှာ ယမန်နေ့ နေ့လယ်ပိုင်းက တန့်ယန်းမြို့နယ်၊ ခိုယောင်းကျေးရွာ၌ နေထိုင်နေစဉ် တုတ်၊ ဓားများဖြင့် တိုက်ခိုက်ခံရပြီးနောက် သေဆုံးသွားခဲ့သည်။

• ကျောက်မဲတွင်လည်း စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးချထားသည့်ကြားကပင် ဒေသခံပြည်သူများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း မြို့တွင်းလှည့်လည်၍ ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့သည်။

• ဟဲဟိုးမြို့ခံများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နေပြည်တော်

• နေပြည်တော်၊ ရေဆင်းတက္ကသိုလ် ကျောင်းသားများကလည်း ချင်းပြည်နယ်၊ မင်းတပ်နေ အမျိုးသမီးများအား စစ်အုပ်စုက မတရားပြုကျင့်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း Paper Strike ပြုလုပ်ခဲ့သည်။

မေ ၁၆ သုံးသပ်ချက်

• ရန်ကုန်တွင် မြို့နယ်ပေါင်းစုံ လူငယ်သပိတ်မှာ ယနေ့ မရှိသော်လည်း အခြားမြို့နယ်အလိုက် သပိတ်လှုပ်ရှားမှုများ ပုံမှန်ရှိနေဆဲ ဖြစ်သည်။ လမ်းပေါ်တက် သပိတ်များ ရှိနေသလို ခုခံရေးလှုပ်ရှားမှုများလည်း ဆက်တိုက်ဆိုသလို ဖြစ်တည်လာ လျက်ရှိသည်။ စစ်အုပ်စုဘက်က သပိတ်များကို ဆိုင်ကယ်များအသုံးပြု၍ ဖြိုခွဲခြင်းပုံစံကို ပိုမိုသုံးလာနေပြီး အင်အားအနည်း ငယ်ဖြင့် မြို့ပတ်စစ်ဆေးမှုများ ပြုလုပ်ကာ အင်အားရှိသဟန် လုပ်ဆောင်လျက် ရှိသည်။

• မန္တလေးတွင် နံနက်ပိုင်းကစပြီး လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် သပိတ်များ အားကောင်းကောင်းဖြင့် ဆက်ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်က လမ်းသွားလမ်းလာနှင့် ဆိုင်ကယ်များ စစ်ဆေးမှုကို လျှော့ချကာ လုံခြုံရေးတွင်သာ အာရုံ စိုက်ထားလျက် ရှိပြီး အားကောင်းသည့် သပိတ်စစ်ကြောင်းများကို ဖြိုခွဲရန်အတွက် လုပ်ဆောင်လာလျက် ရှိသည်။

• သပိတ်အားကောင်းသည့် တနင်္သာရီတိုင်းတွင်း မြို့နယ်များတွင် စစ်အုပ်စုဘက်က သတင်းပေးအကူအညီဖြင့် ဖမ်းဆီးမှုများ စတင်လာပြီဖြစ်ကာ လုံခြုံရေးသတိပြုရန် လိုအပ်သည်။

• စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မင်းတပ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မြို့မှ နောက်ဆုတ်ပေးထားရပြီး စစ်အုပ်စုဘက်က လုံခြုံရေးအစီအမံများ ဆက်တိုးလုပ်ဆောင်ဆဲ ဖြစ်သည်။

• အခြားနယ်မြို့ကြီးများနှင့် ကျေးရွာများတွင် သပိတ်များ အားကောင်းလျက်ရှိပြီး အချို့မြို့များတွင် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းများသာမက ညသပိတ်နှင့် အာရုဏ်ဦးသပိတ်များ ပိုမိုများပြားလာလျက်ရှိသည်။

• စစ်အုပ်စုဘက်က နိုင်ငံအေးချမ်းပြီဟု ကြေညာနိုင်ရန်အတွက် သပိတ်အားကောင်းသည့် မြို့များအား အင်အားသုံးဖိနှိပ်မှုများ လုပ်ဆောင်လျက်ရှိသည့်အပြင် အချို့နေရာများတွင် ပြည်သူ့နေအိမ်များ ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယက်မှုများကိုပါ လုပ်ဆောင်နေသည်။ မြို့နယ်အချို့တွင် စစ်အုပ်စုအဖွဲ့ဝင် ရဲစခန်းများနှင့် အုပ်ချုပ်ရေးမှူးများအား နယ်ပြောင်းမှုများ လုပ်ဆောင်လျက်ရှိရာ ယင်းနယ်ပြောင်းသည့် မြို့နယ်များတွင် ဆန္ဒပြပြည်သူများအား ဖမ်းဆီး၍ ပိုက်ဆံတောင်းခြင်းများ ဆက်တိုက်ပြုလုပ်လာနေသည်။ မြို့ကြီးအချို့တွင်လည်း အိမ်စီးကားများအား တားကာ ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် ယာဉ်သက်တမ်းမတိုးရသေးသည့်ကားများအား တားဆီးကာ ငွေတောင်းယူမှုများကို ရဲနှင့် ယာဉ်ထိန်းရဲများက လုပ်ဆောင် လျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly