အသစ်ဖွဲ့စည်းလိုက်သည့် သတင်းမီဒီယာကောင်စီအနေဖြင့် အချိုးမညီဖွဲ့စည်းထားခြင်းကြောင့် ဖမ်းဆီးခံသတင်းသမားအရေးနှင့်ပတ်သက်၍ အများကြီးမျှော်လင့်မထားဟု ဆို

အသစ်ဖွဲ့စည်းလိုက်သည့် သတင်းမီဒီယာကောင်စီအနေဖြင့် အချိုးမညီဖွဲ့စည်းထားခြင်းကြောင့် ဖမ်းဆီးခံသတင်းသမားအရေးနှင့်ပတ်သက်၍ အများကြီးမျှော်လင့်မထားဟု ဆို
ဓာတ်ပုံ - EPA

မေ ၁၅

အသစ်ဖွဲ့စည်းလိုက်သည့် သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာဥပဒေ၊ သတင်းလွတ်လပ်ခွင့် များအပေါ် နားမလည်သည့်သူများဖြင့် အချိုးမညီဖွဲ့စည်းထားခြင်းကြောင့် အဆိုပါ ကောင်စီလုပ်ဆောင်မည့် မည်သည့်ကိစ္စမျိုးကိုမဆို အများကြီးမျှော်လင့်မထားကြောင်း  ဝါရင့်သတင်းစာဆရာတစ်ဦးက မဇ္ဈိမ သို့ ပြောသည်။

 “ သတင်းမီဒီယာဥပဒေနဲ့ သတင်းလွတ်လပ်ခွင့်ကိစ္စတွေ သူတို့နားလည်မှာ မဟုတ်တဲ့အတွက် မအပ်စပ်တဲ့ သူတွေပါတယ်လို့ဘဲ ပြောရမှာပေါ့ေ။ ဒါကြောင့် သတင်းသမားလွတ်လပ်ခွင့်ကိစ္စ၊ ဖမ်းဆီးခံရတဲ့သတင်း သမားတွေကိစ္စကို လုပ်နိုင်ဖို့တော့ အများကြီးမမျှော်လင့်ဘူး။ နောက်တစ်ချက်က ဒီကောင်စီကိုဖွဲ့တော့ ဖွဲ့ထားတယ်။ စစ်ကောင်စီက သူတို့ရဲ့ အခန်းကဏ္ဍာ၊ လုပ်ပိုင်ခွင့်ကို ဘယ်လောက်အထိ နားလည်သလဲ၊ အသိအမှတ်ပြုသလဲဆိုတာကိုလည်း ကျွန်တော်တို့ အများကြီးတော့ မမျှော်လင့်ဘူး။”  ဟု ဆိုသည်။

ဧပြီလ ၃၀ ရက်က အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းခဲ့သော အဆိုပါ သတင်းမီဒီယာကောင်စီတွင် သတင်းသမားမဟုတ်သည့်သူများ ၊ စာရေးဆရာများနှင့် ကဗျာဆရာများပါဝင်ခဲ့ပြီး သတင်းသမားများပါဝင်မှု အချိုးမညီသည့်အတွက် သတင်းမီဒီယာကျင့်ဝတ်ဆိုင်ရာများအပါအဝင် သတင်းမီဒီယာများအပေါ် အကာအကွယ်ပေးမှုများနှင့် သတင်းသမားများ ပရော်ဖက်ရှင်နယ်ကျကျလုပ်ဆောင်နိုင်ရန် မြှင့်တင်ပေးခြင်း ကဏ္ဍများတွင် မည်သို့မျှမဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

“ကျွန်တော်အမြင်မှာတော့ အချိုးအစားတွေလည်း လွဲနေတာပေါ့နော်။ အချိုးအစားတွေလွဲနေတာက သတင်းသမားဘက်က အချိုးအစား ဘယ်လောက်မှ မပါဘူး။ ဥပဒေပိုင်းဆိုင်ရာလည်း ဟုတ်တိပတ်တိ မပါဘူး။ နောက်ပြီးတော့ စာရေးဆရာလိုမျိုး၊ ကဗျာဆရာလိုမျိုးများတယ်။

လိုချင်တာက စာရေးဆရာ၊ ကဗျာဆရာတွေကို နိမ့်ချပြောတာမဟုတ်ဘူး။သို့သော် သတင်းမီဒီယာဥပဒေနဲ့ သတင်းလွတ်လပ်ခွင့်ကိစ္စတွေ သူတို့နားလည်မှာ မဟုတ်တဲ့အတွက် မအပ်စပ်တဲ့ သူတွေပါတယ်လို့ဘဲပြောရမှာပေါ့” ၎င်းကထပ်လောင်း သုံးသပ် ပြသည်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို အကြမ်းဖက်သိမ်းယူပြီးနောက်ပိုင်း ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ကာ နိုင်ငံတစ်ဝှမ်းရှိ သတင်းသမား ၈၀ ကျော်ကို ဖမ်းဆီးအရေးယူထားပြီး၊ လက်ရှိဖွဲ့စည်းလိုက်သည့် သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းသမား ဆယ်ဦးခန့်ကိုသာ ကူညီဆောင်ရွက်ပေးနိုင်သေးကြောင်း သိရသည်။

 “ အခုအသစ်ဖွဲ့လိုက်တဲ့ သတင်းမီဒီယာကောင်စီက ဖြစ်တဲ့နည်းနဲ့ ဖွဲ့ရတာ၊ ဖြစ်တဲ့သူနဲ့ ခေါ်ပြီးတော့ထည့်ဖွဲ့ရတယ်။ အဲ့ဒီထဲမှာပါတဲ့ အချို့သော သူတွေဆိုရင် တော်တော်လေးရုပ်ပျက်တာပေါ့နော်။ သူတို့က တကယ်လည်း သတင်းသမားမဟုတ်သလို သတင်းလောကကို သိက္ခာကျစေတဲ့သူပါတယ်။ ဒါကတော်တော်ကို ရုပ်ဆိုးတယ်။  ကောင်စီရဲ့ အနေအထားကတော်တော် ကို သိက္ခာကျစရာဖြစ်တယ်ပေါ့နော်။” ဆိုသည်။

စစ်ကောင်စီ၏လက်အောက်ခံ သတင်းမီဒီယာကောင်စီ အနေဖြင့် ဖမ်းဆီးခံ သတင်းသမားကိစ္စများ ဆောင်ရွက်ရာတွင် လွတ်လပ်စွာလုပ်ကိုင်ခွင့်မရရှိဘဲ ပြန်ကြားရေးဝန်ကြီးဋ္ဌာန၊ ပြည်ထဲရေး ဝန်ကြီးဋ္ဌာနနှင့် ကာကွယ်ရေးဝန်ကြီးဋ္ဌာနတို့ဖြင့် ညွှန်ကြားချက်အတိုင်းလုပ်ဆောင်နေရသည်။

အသစ်ဖွဲ့စည်းလိုက်သည့် အဆိုပါ သတင်းမီဒီယာကောင်စီကို ဧပြီလ ၃၀ ရက်က အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး၊ ဥက္ကဋ္ဌအဖြစ် ဒေါက်တာမျိုးသန့်တင်၊ ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ(၂)အဖြစ် ဦးတင်မောင်ဦး (ကြို့ပင်ကောက် တင်မောင်ဦး)၊ အတွင်းရေးမှူးအဖြစ် ဦးမျိုးထွန်း(မောင်စိမ်းနောင် လယ်ဝေး)၊ တွဲဖက်အတွင်း ရေးမှူး(၁)အဖြစ် ဦးရဲနိုင်စိုး၊ တွဲဖက်အတွင်း ရေးမှူး(၂)အဖြစ် ဦးအောင်ပြည့်စုံ၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးမင်းဟန်၊ စာရင်းစစ်အဖြစ် ဦးသက်နိုင်ဦးတို့ကို ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required