နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၅ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၅ မေ ၂၀၂၁)
ပုံ - မေလ ၁၅ ရက်၊ မန္တလေးမြို့ရှိ လူငယ်များ၏ အကြမ်းဖက်စစ်ကောင်စီအား အလိုမရှိကြောင်း သပိတ်စစ်ကြောင်းဖြင့် ဆန္ဒပြလှုပ်ရှားသည့် မြင်ကွင်း(Photo - EPA)

ရန်ကုန်တိုင်းဒေသကြီး

• ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းမရှိ အ.ထ.က (၅) ကျောင်းဝင်းအတွင်း ယမန်နေ့ နေ့လယ်ပိုင်းက မည်သူ ထောင်ထားမှန်းမသိသည့် ဗုံးခြောက်လုံး တွေ့ရှိခဲ့ကာ မပေါက်ကွဲသေးမီပင် စစ်အုပ်စုလက်နက်ကိုင်များက ရှင်းလင်းခဲ့သည်ဟု သိရသည်။ အဆိုပါ ကျောင်းအနီးတွင်ပင် ယနေ့နံနက်ပိုင်းအထိ စစ်အုပ်စုလက်နက်ကိုင်များ လုံခြုံရေးယူထားလျက်ရှိသည်။ 

• ရန်ကုန်မြို့ခံ လူငယ် ၃၀၀ ကျော်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း မြို့နယ်စုံသပိတ်ကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်တွင် ပြုလုပ်ခဲ့ရာ သပိတ်အပြီး လူစုခွဲချိန်တွင် စစ်အုပ်စုလက်နက်ကိုင်များက မီးတန်းကားတစ်စီး၊ ဆိုင်ကယ် ခုနစ်စီးဖြင့် လာရောက်ဖြိုခွဲခဲ့ရာ လူငယ် ခုနစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါမြို့နယ်စုံ သပိတ်စစ်ကြောင်းတွင် သာကေတ၊ မြေနီကုန်း၊ စမ်းချောင်းမှ လူငယ်သပိတ်စစ်ကြောင်းများ ပါဝင်သည်။ 

• “နောက်ဆုတ်စရာစိတ်မရှိတဲ့ မြောက်ဥက္ကလာ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြို့ခံလူငယ်အချို့က စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်ရေးအတွက် ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

• ယမန်နေ့က ကျောင်းနားနေဆောင်တွင် ပေါက်ကွဲမှုဖြစ်ကာ ကျောင်းတက်နေသူအချို့ ဖမ်းဆီးခံခဲ့ရသည့် ဒဂုံတက္ကသိုလ် ဂိတ်ပေါက်အနီးတွင် ယနေ့နံနက် ၁၀ နာရီကျော်က ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။ 

• မြောက်ဒဂုံ၊ အရှေ့ဒဂုံမြို့နယ်နေ လူငယ်များ စုပေါင်းသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် စာများရေးသားထားသော ဆိုင်းဘုတ်များ လွှင့်ထူကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ် ကျဆုံးရေးအတွက် လမ်းများပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• စစ်အစိုးရလက်အောက် အလုပ်မလိုသည့် အင်းစိန်မြို့နယ်နှင့် ကျောက်ဆည် (အင်းရောင်း) ရှိ မြန်မာ့ဆေးဝါးစက်ရုံ (BPI) မှ ဝန်ထမ်း ၂၀၀ ကျော်အား ဝန်ထမ်းအဖြစ်မှ လုံးဝထုတ်ပစ်လိုက်ပြီ ဖြစ်သည်။ 

• လူမှုကွန်ရက်ပေါ်တွင် ပျူစောထီး (ဗဟို) ညွှန်ကြားချက်ဟုဆိုကာ "ကန့်သတ်" ရေးထားသည့် စာမျက်နှာ သုံးခုပါ စာတစ် စောင်ပျံ့နှံ့လျက်ရှိပြီး ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အလိုက် လူထုကြားဝင်၍ သတင်းအချက်အလက်များ ရယူရန်၊ CDM ဝင်ထားသူများ ဘက်ပြောင်းပါက ဝိုင်းဝန်းကူညီကြရန် အချက်များ ပါရှိသည်။ 

မန္တလေးတိုင်းဒေသကြီး

• မြင်းခြံတွင် ယမန်နေ့ညပိုင်းက စစ်အုပ်စုဘက်က မြို့အနှံ့ လိုက်လံပစ်ခတ်မှုများ ရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်လည်း မြို့နယ်တွင်းကျေးရွာများသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တပ်စွဲထားမှုများ ရှိသည်ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။ ယနေ့နံနက်ပိုင်းက ထနောင်းတိုင်ကျေးရွာသို့ စစ်အုပ်စုဘက်က စစ်ကား ၁၂ စီး၊ မြေကော်ကားတစ်စီး၊ မြေသယ်ကားတစ်စီးဖြင့် ဝင်ရောက်ကာ ထနောင်းတိုင်ကျောင်းတွင် ယာယီတပ်စွဲထားကာ ကျွဲခြံကျေးရွာဘက်သို့လည်း ဝင်ရောက်မှုများ ပြုလုပ်လျက် ရှိသည်။ 

• မြင်းခြံ၊ ဇီးပင်ကန်အုပ်စု၊ ကျောက်ကွန်ရွာနေ ဆရာမတစ်ဦး၏ အမျိုးသား ဓားထိုးခံရမှုဖြစ်ပွားခဲ့ကာ မည်သည့်အတွက် ကြောင့်ဆိုသည်ကိုမူ စုံစမ်းဆဲ ဖြစ်သည်။ 

• မြစ်သားမြို့နေ လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် စစ်ကောင်စီဝင်များအား ရှုတ်ချကြောင်း ဆန္ဒပြခဲ့ ကြသည်။ 

• မန်း၊ အောင်မြေသာစံမြို့နယ်၊ ၆၂ နှင့် ၁၄ လမ်းထောင့်ရှိ ဇီဝိတသံဃာ့ဆေးရုံတွင် ယမန်နေ့ ညပိုင်းက ဆေးကုသနေသည့် လူနာတစ်ဦးအပါအဝင် စေတနာ့ဝန်ထမ်း ဆရာဝန်နှစ်ဦးနှင့် လူနာစောင့်တစ်ဦးက စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက် ဖမ်းဆီးသွားသည်ဟု သိရသည်။ ယနေ့ နေလယ် ၃ နာရီခွဲကမူ လူနာစောင့်ကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း လူနာနှင့် ဆရာဝန်နှစ်ဦးကို ဆက်လက်ထိန်းသိမ်းထားကြောင်း မြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။ 

• မန္တလေးမြို့ပေါ်တွင် စစ်အုပ်စုစီးပွားရေးဖြစ်သည့် မြန်မာဘီယာ ရောင်းချသည့်ဆိုင်များတွင် စားသောက်ခြင်း မပြုလုပ်ရန်နှင့် ထိခိုက်ဒဏ်ရာရမှု ရှိပါက မိမိတာဝန်သာဖြစ်ကြောင်း မန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။ ပြီးခဲ့သည့် ရက်ကလည်း မန္တလေးမြို့ပေါ်ရှိ Win Win 35 ဆိုင်ရှေ့တွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သေးသည်။ 

• မြတောင်နှင့် ကျောက်မျက်ပွဲစားစစ်ကြောင်းတို့ ပူးေပါင်းကာ မန္တလေး ကန်တော်ကြီးပတ်လမ်းပေါ်၌ စစ်အာဏာရှင်အလို မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• အမရပူရမြို့နယ်၊ မြစ်ငယ်တွင်လည်း ဒေသခံများက မြို့တွင်းကျောင်းအချို့ရှေ့တွင် "သင့်ကြောင့် စစ်ကျွန်ပညာရေးစနစ် မလည်ပတ်ပါစေနှင့်" အပါအဝင် စစ်ကျွန်ပညာရေးအလိုမရှိကြောင်း စာများကပ်ကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• မန်း၊ ချမ်းမြသာစည်မြို့နယ်နေ ပြည်သူများက စစ်အုပ်စုနှင့် ၎င်းတို့အား ကူညီနေသည့် လက်ပါးစေ သတင်းပေးဒလန်များ အား အဓိကထား ပစ်မှတ်တိုက်ခိုက်သွားရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• ပုသိမ်ကြီးမြို့နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကာ အကြမ်းဖက်စစ်အုပ်စုအား နည်းပေါင်း စုံဖြင့် တွန်းလှန်နေသူများကို ကာကွယ်ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။ 

• အမရပူရသပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုလက်နက်ကိုင်များ လိုက်လံဖြိုခွင်းနေသည့်ကြားကပင် လမ်းများပေါ်တက် ၍ အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန်း ပြည်ကြီးတံခွန်တွင် စက်မှုစုပေါင်း၊ အ.ထ.က (၂၇) ကျောင်းသား/သူ နှင့် Gen-Z လူငယ်များ သပိတ်စစ်ကြောင်းတို့ ပူး ပေါင်းကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် လမ်းပေါ်တက် ကြွေးကြော်တိုက်ပွဲဝင်ခဲ့သည်။ 

• နေ့လယ် ၂ နာရီခွဲခန့်က မန္တလေး ၆၂ လမ်း (၃၅ နှင့် ၃၆) ကြားရှိ ရှမ်းယဉ်ယဉ်စားသောက်ဆိုင်ရှေ့တွင် လက်လုပ်ဗုံး တစ်လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု မန္တလေးမြို့ခံတစ်ဦးက အတည်ပြုပြောဆိုသည်။ 

• မန္တလေး ၇၈ နှင့် ၃၈ လမ်း၊ မျက်ပါးရပ်တပ်ပိုင်မြေတွင် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ် သူတည်ဆောက်ထားသည့် ရတနာပုံခန်းမဖွင့်ပွဲအား မတ်လ ၁၆ ရက်တွင် ပြုလုပ်မည်ရာ မန္တလေးမြို့ပေါ် ၇၂၊ ၃၂ နှင့် ၂၆ လမ်းတို့၌ ယနေ့နံနက်ပိုင်းကတည်းက လုံခြုံရေးတင်းကြပ်ထားသည်ဟု မန္တလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည် ပြု ပြောဆိုသည်။ အဆိုပါ ခန်းမဆောင်ဖွင့်ပွဲတွင် ဧည့်ခံတီးခတ်ပေးရန်အတွက် မန္တလေးမြို့ဂုဏ်ဆောင် မြို့မအဖွဲ့အား ဖိအားပေးခေါ်ယူခဲ့သည့်အတွက် ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ 

• ရှေးဟောင်းဒေသ ပုဂံတွင်လည်း "ကျောင်းမတက်ဘူး၊ မီတာမဆောင်ဘူး၊ သွေးမအေးဘူး၊ လုံးဝမကြောက်ဘူး" ဟု ရေး သားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ပျက်သုန်းရေးအတွက် ဘူးသပိတ် ပြုလုပ်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• လက်ပံတန်းမြို့နယ်ရှိ Bago Weekly Journal သတင်းထောက် ကိုငြိမ်းချမ်းဝေအား စစ်အုပ်စလက်နက်ကိုင်များက အင်အား ၄၀၀ ခန့်ဖြင့် မေလ ၁၄ ရက် ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားသည်။

• ပြည်မြို့၊ ကိုးသောင်းစျေးအနီးရှိ မွန်ဟိန်းဆေးဆိုင်မှ မိုင်သဥ္ဇာမောင်ကို စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ ညနေပိုင်းက လာရောက်ဖမ်းဆီးသွားပြီး လူမှုကွန်ရက်ပေါ်တွင် CDM နှင့် ပတ်သက်သည့် ကိစ္စရပ်များ ရေးသားခဲ့မှုကြောင့်ဟု သိရသည်။ 

• ပဲခူးတက္ကသိုလ်ကျောင်းသားအချို့ကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• ပေါင်းတည်၊ ပျဉ်ပုံအုပ်စုမှ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးတင့်ဆွေမှာ ၎င်း၏ နေအိမ်အား မတ်လ ၇ ရက်က တူမီးသေနတ် ဖြင့် ပစ်ခတ်ခံရပြီးနောက် ရာထူးမှ နုတ်ထွက်သွားပြီ ဖြစ်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• မုံရွာမြို့ခံ ကဗျာဆရာ၊ ပရဟိတသမားဖြစ်သူ ဦးစိန်ဝင်းအား စက်မှုဇုန်ရပ်ကွက်နေ သူငယ်ချင်းဖြစ်သူအိမ်တွင် စစ်ဘေးရှောင်များအတွက် အလှူခံရန် သွားရောက်၍ စကားပြာနေစဉ် အမည်မသိသူတစ်ဦးက ဓာတ်ဆီဖြင့်လောင်း၍ မီးရှို့ခဲ့မှုကြောင့် မုံရွာဆေးရုံကြီးတွင် ကွယ်လွန်သွားပြီ ဖြစ်သည်။ ဓာတ်ဆီလောင်း မီးရှို့ခဲ့သူမှာ ထွက်ပြေးသွားသည့်အတွက် ဖမ်းဆီးမိခဲ့ခြင်း မရှိဟု သိရသည်။ 

• မုံရွာ ပင်မသပိတ်စစ်ကြောင်းက ကျေးရွာသပိတ်စစ်ကြောင်းတစ်ခုနှင့် ပူးပေါင်းကာ အင်အား ရာနှင့်ချီဖြင့် စစ်အာဏာရှင် စနစ်နှင့် စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ယင်းမာပင်မြို့နယ်တွင် စစ်အုပ်စုအန္တရာယ်တွင်း ကျရေက်နေသည့် ပြည်သူနှင့် CDM ဝန်ထမ်းများအား ကာကွယ်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းထားပြီ ဖြစ်သည်။ 

• ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့တောင်သူများကလည်း "တောင်သူလယ်သမား နင်းပြားခေတ်ကို ပြန်မသွင်ချင်ဘူး" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ရွှေဘိုမြို့နယ်၊ အုန်းပေါက်ရွာနေ မိဘပြည်သူနှင့် ကျောင်းသားများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ သည်။ ရွှေဘိုမြို့၊ (၄) ရပ်ကွက်ရှိ မြို့မစျေးတွင် ယနေ့နံနက်အစောပိုင်း အသွားအလာကန့်သတ်ထားသည့် နံနက် ၂ နာရီခန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ တစ်စျေးလုံးနီးပါး ပြာကျပျက်စီးခဲ့သည်။ အဆိုပါ မြို့မစျေးမှာ မြို့ပေါ်နေပြည်သူများ မကြာခဏဆိုသလို စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်ပြုလုပ်လေ့ရှိသည့် နေရာလည်း ဖြစ်သည်။ အဆိုပါ မီးလောင်မှုမှာ စစ်အုပ်စုလက်ချက်သာဖြစ်ကြောင်းလည်း ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

• ကလေးမြို့တွင်လည်း စစ်အုပ်စုဘက်က ဖိနှိပ်ဖမ်းဆီးမှုများ ဆက်တိုက်လုပ်နေသည့်ကြားကပင် ဒေသခံလူငယ်များ "ငါတို့အတွက် ရောင်နီ မင်းတို့အတွက် မှောင်ပြီ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ယနေ့နံနက်ပိုင်းက စစ် အာဏာရှင်စနစ် အပြီးချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ ယမန်နေ့ညပိုင်းက ကလေးမြို့လမ်းဆုံတွင် ပေါက်ကွဲမှု တစ်ရပ်ဖြစ်ပွားခဲ့ရာ အနီးအနားရှိ စားသောက်ဆိုင်တစ်ခုမှ မှန်များ ကွဲအက်ပျက်စီးခဲ့ပြီးနောက် စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာခဲ့ကာ ခြောက်လှန့်ပစ်ခတ်မှုအချို့ ပြုလုပ်ခဲ့သော်လည်း ထိခိုက်မှု တစုံတရာမရှိခဲ့ပေ။ 

• ဒီပဲယင်းမြို့နယ်၊ ရင်းရဲကျေးရွာနေ ပြည်သူများကလည်း သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ရပ်ဆိုင်း ရေးအတွက် ဆန္ဒပြတော်လှန်ခဲ့ကြသည်။ 

• ဝက်လက်မြို့တွင် စစ်အာဏာရှင်ကို အန်တုကာ ပြည်သူ့ဘက်ရပ်၍ CDM လုပ်နေသည့် ပညာရေးဝန်ထမ်း ၅၅၇ ဦးကို စစ်အုပ်စုက အလုပ်မှ ယာယီရပ်နားလိုက်သည်။

• စစ်ကိုင်း၊ ရေဦးမြို့တွင် ကျောင်းသား/သူများက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ကန့်ဘလူမြို့နယ်၊ ထန်းကုန်းရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနှင့် NUG/CRPH ထောက်ခံ ကြောင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်အား အာခံတော်လှန်ခဲ့သည်။ 

မကွေးတိုင်းဒေသကြီး

• မြိုင်မြို့နယ်၊ တောင်ပိုင်းဇုန်ဒေသခံများက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် အစီးရေ ၁၀၀ ခန့်ဖြင့် မြို့နယ်တွင်းလှည့်လည်ကာ ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

• အောင်လံနေ ပြည်သူများကလည်း ၎င်းတို့ မွေးမြူထားသည့် ကြက်ဖကြီးများတွင် "တက်ကြွတဲ့စိတ်နဲ့ ကြက်ဖရဲ့ သပိတ်" အပြင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း စာများကပ်ကာ ကြက်ဖသပိတ် ပြုလုပ်ခဲ့သည်။ 

• ပခုက္ကူခရိုင်၊ ကမ္မမြို့တွင်လည်း ကျောင်းသားနှင့် မိဘပြည်သူများက စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ ကြသည်။ 

• ဂန့်ဂေါမြို့နယ်၊ မွှေ့လယ်ရွာတွင် အခြေခံပညာအဆင့် ကျောင်းသား/သူများနှင့် မိဘပြည်သူများက စစ်ကျွန်ပညာရေးအလို မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် သာလင်းရွာတွင်လည်း မြို့ခံ မိဘပြည်သူနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသူ/သားများကလည်း ယပ်တောင်များပေါ်တွင် စစ်ကျွန်ပညာရေးနှင့် စစ်အုပ်စု အလိုမရှိကြောင်း စာများရေးကာ ကျေးရွာတွင်း လှည့်လည်၍ ယပ်တောင်သပိတ်ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင်လည်း ဒေသခံများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ထောက်ခံကြောင်းနှင့် "ဒလန်အမျိုးယုတ် အမြစ်ပါဖြုတ်" ဟု ရေးသားထားသည့် စာရွက်များအား လမ်းမများပေါ်တွင် ကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• ထားဝယ်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသနေ ပြည်သူများကလည်း မြို့တွင်းနှင့် လူစည်ကားရာစျေးများသို့ လှည့်လည်၍ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းက လမ်းမများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• လောင်းလုံမြို့နယ်၊ မောင်းမကန်၊ တီဇစ်၊ ညောပြင် စသည့် ကျေးရွာများတွင်လည်း ကျေးရွာသပိတ်စစ်ကြောင်း များဖွင့်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အာရုဏ်ဦးသပိတ်များ ပြုလုပ်ခဲ့သည်။ ထို့ပြင် ပြင်ကျောင်း/နတ်စင်ရှောင်/မြခါးပိတ် ကျေးရွာသုံးခု ပူးပေါင်းသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြ သည်။ ပန်းဒလဲ၊ ကဒက်ကြီး၊ ညင်းမော် စသည့် ကျေးရွာများတွင် ဒေသခံများက ကျေးရွာသပိတ်စစ်ကြောင်းများဖြင့် စစ် အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• လောင်းလုံမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ရဲကင်းစခန်းတွင် ယမန်နေ့က ရဲနှင့် စစ်သား ၂၀ ဦးကျော် လာရောက်တပ်စွဲခဲ့ ပြီးနောက် ဒေသခံ ၁၁ ဦးအား စာရင်းနှင့်တကွ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် အဆိုပါ ရဲကင်းစခန်း၌ ထိန်းသိမ်းထားလျက် ရှိသည်။ 

ဧရာဝတီတိုင်းဒေသကြီး

• မအူပင်ခရိုင်၊ ဓနုဖြူတွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• မြန်အောင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• ဧရာဝတီတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရှိ ဝန်ထမ်း ၈၁ ဦးအား CDM ပြုလုပ်ကာ စစ်အုပ်စုကို ဆန့်ကျင်သည့်အတွက် အလုပ်မှ ထုတ်ပစ်လိုက်ပြီ ဖြစ်သည်။

• လပွတ္တာမြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မြောင်းမြတွင် ဗိုလ်ချုပ်အောင်ဆန်းရင်ပြင်နှင့် ဦးဘချိုရင်ပြင်ရှေ့တို့တွင် ဒေသခံများက လုံးဝအုပ်ချုပ်ခွင့်မရစေရ ဆိုင်းဘုတ်များ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ဘိုကလးမြို့ အထက်တန်းကျောင်းဝင်းတွင်းရှိ အားကစားကွင်းနေရာ ပျူစောထီးအဖွဲ့ဝင် ၁၃ ဦးအား အရပ်ဝတ်များက သင်တန်းပေးလျက်ရှိသည်ဟု သိရသည်။ ပျူစောထီးအဖွဲ့တွင် စစ်မှုထမ်းဟောင်း၊ မဘသနှင့် စစ်တပ်နောက်ခံ ကြံ့ခိုင်ရေး အဖွဲ့ဝင်များ ပါဝင်သည်။ 

မွန်ပြည်နယ်

• ပေါင်တွင် စစ်အုပ်စုလက်အောက် အလုပ်မလုပ်ဘဲ ပြည်သူနှင့်အတူ ရပ်တည်သည့် CDM ဝင် အခြေခံပညာအဆင့် ဆရာ/ဆရာမ ၄၄၁ ဦးအား စစ်အုပ်စုက အလုပ်က ယာယီရပ်ဆိုင်းပစ်လိုက်သည်။ 

• ပေါင်မြို့နယ်တွင်လည်း ဒေသခံလူငယ်များက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မုဒုံတွင်လည်း CDM ဝင် ဆရာ/ဆရာမ ၂၀၀ ကျော်ကိုလည်း စစ်အုပ်စုက အလုပ်ရပ်ဆိုင်းပစ်လိုက်သည်။ 

• မော်လမြိုင်တွင် ဒေသခံများက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆိုင်ကယ်သပိတ်ပြုလုပ်၍ တိုက်ပွဲဝင် ဆန္ဒပြခဲ့ကြသည်။ 

ကချင်ပြည်နယ်

• ရွှေကူတွင် ယမန်နေ့ည ၉ နာရီခန့်က လောင်းကစားဝိုင်တစ်ခုအား အမည်မသိအဖွဲ့တစ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ရွှေကူတွင် စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများ များပြားလာရာ စစ်အုပ်စုလက်နက်ကိုင်များက အဆိုပါလောင်းကစားဝိုင်းများအား ဆက်ကြေးကောက် ခွင့်ပြုထားခြင်း ဖြစ်သည်။ 

• ဗန်းမော်မြို့တွင် CDM ဝင်နေသည့် ဝန်ထမ်းများအား ကူညီပေးနေသည့် ကက်သလစ်ဘုန်းတော်ကြီး ကိုလန်ဘန်လာဒီးကို ယမန်နေ့ညပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက လာရောက်ဖမ်းဆီးသွားခဲ့သည်။ 

• မိုးမောက်မြို့၊ စလောင်းကုန်းတောင်တွင် KIA နှင့် စစ်အုပ်စုအကြား တိုက်ပွဲပြင်းထန်လျက်ရှိရာ အနီးရှိ စီဟက်ကျေးရွာနှင့် မြို့သစ်ရွာများထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ရာ ပြည်သူနေအိမ်အချို့ ပျက်စီးခဲ့သည်။ 

• ဖားကန့်၊ လုံးခင်းအုပ်စုတွင် ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဖားကန့်၊ ဝှေ့ခါကျေးရွာနေပြည်သူများကလည်း စစ်အုပ်စု အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ တာမခန်မြို့သစ်တွင်လည်း ရာနှင့်ချီသည့် ဒေသခံအင်အားက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မိုးကောင်းတွင်လည်း ယနေ့နံနက်အစောပိုင်းက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရပ်ဆိုင်းရေးအတွက် ပညာရေးမိသားစုနှင့် ဒေသခံများက မြို့တွင်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ နေ့လယ်ပိုင်းတွင်လည်း ဒေသခံများက ဆိုင်ကယ်များဖြင့် မြို့အနှံ့ပတ်ကာ စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒပြခဲ့သေးသည်။ 

• နမ္မတီးမြို့တွင်လည်း ဒေသခံလူငယ်များက "စစ်အာဏာရှင်စနစ် ကျဆုံးပါစေ" အပါအဝင် KIA ထောက်ခံ ကြောင်းနှင့် စစ်အုပ်စု အပြီးတိုင်ပျက်သုန်းရေးအတွက် လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။ ထို့ပြင် မြို့ခံ တက္ကသိုလ် ကျောင်းသားများ ဦးဆောင်ကာမိဘပြည်သူများက အင်အား ရာနှင့်ချီစုဝေးကာ စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း လမ်းများပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။ 

• မေလ ၁ ရက်က မြစ်ကြီးနား အင်ဂျန်ဒုံစျေးတွင် "ပိုသူ လှူ လိုသူ ယူ" အစီအစဉ်ပြုလုပ်နေစဉ် ဖမ်းဆီးခံခဲ့ရသည့် လူငယ် ၁၁ ဦးအနက် ခြောက်ဦးပြန်လွတ်လာပြီဖြစ်ကာ ငါးဦး ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ 

• ဟိုပင်မြို့တွင်လည်း ဒေသခံအချို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် KIA ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ပူတာအိုမြို့၊ တုံလီထုရပ်ကွက်နေ ပြည်သူများက စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

ကရင်ပြည်နယ်

• ကရင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် ဦးခင်မောင်မြင့်၏ ဘားအံ့မြို့၊ (၄) ရပ်ကွက်၊ ပိတောက်လမ်းရှိ ၎င်းနေအိမ်တွင် ယမန် နေ့ည ၇ နာရီခန့်က လက်ပစ်ဗုံးပစ်သွင်းခံရမှုကြောင့် ပေါက်ကွဲခဲ့ကာ တူမဖြစ်သူနှစ်ဦး ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာရရှိခဲ့ကာ တောင်ကလေးစစ်ဆေးရုံတွင် ကုသမှုခံယူခဲ့ရသည်။ 

• ဘုရားသုံးဆူမြို့ (KNU ဒူးပလာယာခရိုင်) တွင် စစ်အာဏရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြသူအမျိုးသမီးနှစ်ဦးကို ယမန်နေ့က စစ်အုပ်စုလက်နက်ကိုင်များက နေအိမ်အတွင်းသို့ အဓမ္မဝင်ရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားသည်။ 

• ကြာအင်းဆိပ်ကြီးမြို့နယ် (ဝင်းရော်ဒေသ) တွင် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်းကို ဒေသခံများက ဆိုင်ကယ်သပိတ်ပြုလုပ်၍ တော်လှန်ဆန္ဒပြခဲ့ကြသည်။ 

ချင်းပြည်နယ်

• ဟားခါး Chinland Defense Force က ပြည်နယ်ယာဉ်ထိန်းရဲမှူး အပါအဝင် ယာဉ်ထိန်းရဲဝန်ထမ်းသုံးဦးနှင့် စစ်အုပ်စု သတင်းပေးဒလန်တစ်ဦးအား ဖမ်းဆီးထားကာ ယနေ့နံနက်ပိုင်းတွင် စစ်အုပ်စုက ဖမ်းဆီးထားသည့် ဟားခါးမြို့ခံ ပြည်သူ များအားလွှတ်ပေးပါက ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးဖြစ်ကာ မလွှတ်ပေးပါက ၎င်းတို့လေးဦး၏ အသက်အန္တရာယ် ကို အာမ မခံနိုင်ကြောင်း ကြေညာထားသည်။ 

• စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မင်းတပ်တွင် စစ်အုပ်စုဘက်က ရဟတ်ယာဉ် လေးစီးဖြင့် စစ်ကူနှင့် လက်နက်များ ချပေးနေပြီး ပြည်သူများနေထိုင်ရာ မင်းတပ်မြို့ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက် ရှိသည်။ လက်ရှိတွင် စစ်အုပ်စုဘက်က မြို့အနောက်ဘက် နတလကျောင်းအတွင်း နေရာယူထားကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ယနေ့ နေ့လယ်ပိုင်းကလည်း မတူပီဘက်မှ ကုန်တင်ကား ၁၀ စီးကျော်ဖြင့် မင်းတပ်ဘက်သို့ စစ်အုပ် ဘက်က တပ်ကူပို့နေကြောင်း သိရသည်။ 

• မင်းတပ်၊ စံမင်းသီရိစေတီအနီးတွင် စစ်အုပ်စုဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထွက်ပြေး တိမ်းရှောင်ရန် ကြိုးစားနေသည့် လူငယ် ၁၅ ဦးအား စစ်အုပ်စုဘက်က ဖမ်းဆီးခဲ့ကာ လူသားဒိုင်းအဖြစ် ပြုလုပ်၍ မင်းတပ်မြို့ထဲသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သည်။ မင်းတပ်တိုက်ပွဲများအကြားတွင် ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ ပိတ်မိနေ သည့်အတွက် စစ်အုပ်စုဘက်က အင်အားအလွန်အကျွံသုံး တိုက်ခိုက်နေမှုများအား ချက်ချင်းရပ်တန့်ရန် NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံများမှာ ဘေးလွတ်ရာ တောတွင်းများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

• ချင်းပြည်နယ်ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင် ၄၀၀ ကျော် တပ်ပြေးမှု ရှိနေကြောင်း သိရသည်။ 

ရှမ်းပြည်နယ်

• စစ်တပ်အများစု ဝိုင်းရံထားသည့် မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်အုပ်စု၊ ကုက္ကိုလ်ပင်ရွာတွင်းရှိ ကုန်စုံဆိုင်တစ်ခုတွင် ယမန်နေ့ည ၇ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်မှု မရှိခဲ့ဟု သိရသည်။ 

• ကွတ်ခိုင်တွင် CDM ဝင် ကျန်းမာရေးဝန်ထမ်းများအား လုပ်ငန်းခွင်ပြန်ဝင်ရန်အတွက် မြို့နယ်ကုသရေးဦးစီးဌာနက စာပေးပို့ ဖိအားပေးလျက်ရှိသည်။ ယခုကဲ့သို့ စာပို့ဖိအားပေးခြင်းမှာ သုံးကြိမ်မြောက်ရှိပြီ ဖြစ်သည်။ 

• ကျိုင်းတုံတွင်လည်း စစ်အုပ်စုအား ဆန့်ကျင်တော်လှန်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းထားပြီ ဖြစ်ကာ စစ်အုပ်စုလက်ပါးစေများ သွားလာဝင်ထွက်တတ်သည့် စားသောက်ဆိုင်၊ စျေးဝယ်နေရာများသို့ ပြည်သူများ သွားလာခြင်း မပြု ကြရန် တိုက်တွန်းထားသည်။

• တောင်ကြီးတွင် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် သပိတ်စစ်ကြောင်းဖွင့် ဆန္ဒထုတ် ဖော်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက လာရောက်ဖြိုခွင်းခဲ့သည့်အတွက် အနည်းဆုံး လူငယ် လေးဦး ဖမ်းဆီးခံခဲ့ရသည်။ 

• ကျောက်မဲတွင် ဒေသခံများက မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• နောင်ချိုတွင်လည်း CDM တွင် ပါဝင်သည့် ပညာရေးဝန်ထမ်းများအား မေလ ၁၅ ရက်တွင် ကျောင်းသို့လာရောက် ညှိနှိုင်း ဆွေးနွေးရန်အတွက် ဆင့်ခေါ်စာများ ပို့၍ ဖိအားပေးလျက်ရှိသည်။

• သီပေါနေပြည်သူများက ပြောင်းစိုက်ခင်းများအတွင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းစာများ ကြဲဖြန့်ခြင်း၊ အပင်ပေါ်ရှိ ပြောင်းဖူးများပေါ်တွင် ရေးသားခြင်းများ ပြုလုပ်၍ စစ်အဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် လူမဲ့သပိတ်ပြုလုပ် ခဲ့သည်။ 

• မူဆယ်နေ လူ၍ယ်များက "တိုင်းရင်းသားလူမျိုးပေါင်းစု့ ပင်မသပိတ်စစ်ကြောင်း" ဖြင့် မြို့တွင်းစျေးများ၌ စစ်အာဏာရျင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ပျောက်ကြားသပိတ်ပြုလုပ်ကာ စစ်အုပ်စုကို အထောက်အပံ့ဖြစ်စေမည့် မီတာခများ မဆောင်ကြရန်လည်း တိုက်တွန်းခဲ့ကြသည်။ 

မေ ၁၅ သုံးသပ်ချက် 

• ရန်ကုန်တွင် မြို့နယ်စုံလူငယ်သပိတ်များ ရှိနေဆဲဖြစ်ကာ ပျောက်ကြားသပိတ်များလည်း ဆက်လက်ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်က သပိတ်များကို အင်အားသုံးဖြိုခွင်းခြင်းထက် အိမ်စီးကားနှင့် ဆိုင်ကယ်များ သုံးကာ အင်အားအနည်းငယ်ဖြင့် သတင်းရယူဖြိုခွဲလျက် ရှိသည်။ ထို့ပြင် စစ်အုပ်စုဘက်က ၎င်းတို့ အာဏာသိမ်းပြီးနောက် ခန့်အပ်ထားသည့် သတင်းပေးများ ရပ်ကွက်/မြို့နယ်အုပ်ချုပ်ရေးမှူးများကိုလည်း နယ်ပြောင်းရွှေ့မှုများ ပြုလုပ်လာလျက် ရှိသည်။

• မန္တလေးတွင် လူထုသပိတ်များ နေ့စဉ်မပျက် လမ်းပေါ်တက် တော်လှန်လျက်ရှိပြီး စစ်အုပ်စုနှင့် တနည်းနည်းဖြင့် ဆက်စပ် နေသည့် နေရာများတွင်လည်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားလျက် ရှိသည်။ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်၊ ဘောက်ထော်၌ ဖွင့်ပွဲတစ်ခုတက်ပြီး နောက် မန္တလေးတွင် ၎င်း၏ သားဖြစ်သူ ဖွင့်ထားသည့် တပ်ပိုင်မြေပေါ်ရှိ ခန်းမဖွင့်ပွဲတက်ရောက်ရန်အတွက် စီစဉ်ထားသည်ဟု သိရပြီး အင်အားအလုံးအရင်းပြကာ ဖိနှိပ်၍ နယ်မြေအေးချမ်းနေပြီဖြစ်ကြောင်း ပြသရန် ရည်ရွယ်လျက် ရှိသည်။ မန္တလေးတွင် စစ်အုပ်စုဘက်က နည်းပေါင်းစုံဖြင့် သတင်းပေး၊ ဒလန်များအား နေရာစုံ၊ ကဏ္ဍစုံ၌ ထည့်သွင်းနေပြီး အချက်အလက်ရယူ၍ ဖမ်းဆီး ခြင်းများ ပိုလုပ်လာမည် ဖြစ်သည်။

• စစ်အုပ်စု အထိနာခဲ့သည် ချင်းပြည်နယ်၊ မင်းတပ်တွင် လေကြောင်းအကူအညီရယူကာ လက်နက်ကြီး၊ အင်အားအပြည့်သုံး၍ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကာ ဖမ်းဆီးခံထားရသူ ပြည်သူများကို လူသားတံတိုင်းအဖြစ် အသုံးပြုတိုက်ခိုက်လျက် ရှိသည်။ 

• ရန်ကုန်၊ မန္တလေးနှင့် မင်းတပ်မြို့မှအပ ကျန်ဒေသများရှိ မြို့ကြီးများတွင် သပိတ်များ အားကောင်းလျက် ရှိကာ အထူးသဖြင့် တနင်္သာရီ၊ ရှမ်း၊ ကချင်၊ စစ်ကိုင်းတို့တွင် ဖြစ်သည်။ ကျန်ဒေသများတွင်လည်း သပိတ်များ ရှိနေဆဲဖြစ်ကာ စစ်အုပ်စုက အင်အားအလုံးအရင်းသုံး ဖြိုခွဲခြင်းများ လုပ်လာနိုင်ဖွယ် ရှိသည်။

• စစ်အုပ်စုဘက်တွင် ပြည်တွင်းတွင် တည်ငြိမ်နေပြီဖြစ်ကြောင်း ပြသနိုင်ရန်အတွက် အလုပ်များနေပြီး ၎င်းတို့ အထိနာခဲ့သည့် နေရာများတွင် အင်အားသုံးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာလျက် ရှိသည်။ စစ်အုပ်စုဘက်က ၎င်းတို့နှင့် ပတ်သက်ဆက်စပ်သည့် အဖွဲ့အစည်းနှင့် ပါတီများမှ လူများကို သုံးကာ လူထုအတွင်း သတင်းပေး၊ ဒလန် ထည့်သွင်းခြင်းကို အာရုံစိုက်လုပ်ဆောင်နေပြီး သပိတ်များထက် သပိတ်ခေါင်းဆောင်နှင့် ဦးဆောင်သူများကို ပစ်မှတ်ထား ဖမ်းဆီးနိုင်ရန် လုပ်ဆောင်လာနေသည်။ NUG အစိုးရ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ စစ်အုပ်စုဘက်တွင် စိုးရိမ်မှု ရှိမနေဘဲ ပြည် တွင်း တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများကိုသာ အာရုံစိုက်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required