NUG အား အသိအမှတ် ပြုရန် နှောင့်နှေးလေ ပြည်တွင်းစစ် ပိုကြီးမားနိုင်လေဟု နိုင်ငံများအား ဒေါက်တာ ဆာဆာ သတိပေး 

NUG အား အသိအမှတ် ပြုရန် နှောင့်နှေးလေ ပြည်တွင်းစစ် ပိုကြီးမားနိုင်လေဟု နိုင်ငံများအား ဒေါက်တာ ဆာဆာ သတိပေး 

မေ ၁၅

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လိုလားသော ညီညွတ်ရေး အစိုးရသည် မြန်မာပြည်သူများကို ကိုယ်စားပြုသော တစ်ခုတည်းသော တရားဝင် အစိုးရဖြစ်သည်ကို အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်များနှင့် နိုင်ငံတကာအသိုက်အဝန်းတို့က ချက်ချင်း တရားဝင် အသိအမှတ်ပြုရန် လိုအပ်ကြောင်း အလေးအနက်ထား ပြောပြီး ယင်းသို့ လုပ်ဆောင်ရန် နှောင့်နှေးခြင်းများက ပြည်တွင်းစစ်သို့ ဦးတည်သွားနိုင်ပြီး ‘ပို၍ ရက်စက်ကြမ်းကြုတ်မှုများ’အတွက် လမ်းဖွင့်ပေးရာ ရောက်ကြောင်း သတိပေး ပြောဆိုသည်။ 

“ကျွန်တော်တို့ရဲ့ အာဆီယံခေါင်းဆောင်တွေကို ကျွန်တော်တို့ ပြောနေပါတယ်၊ ကျွန်တော်တို့ကို အသိအမှတ်ပြုတာအပြင် ကျွန်တော်တို့ကို လက်ခံယုံကြည်တာ၊ ကျွန်တော်တို့ကို ထောက်ခံတာ၊ ကျွန်တော်တို့ကို ဂုဏ်ပြုတာနဲ့ ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံတာတွေဟာ သူတို့ရဲ့ တာဝန်ဝတ္တရားပဲ ဖြစ်တယ်ဆိုတာပါ၊ အာရှတိုက်က ဒီ အကြမ်းဖက်အစိုးရအုပ်ချုပ်ရေး အဆုံးသတ်ဖို့အတွက် ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် တာဝန် သူတို့မှာ ရှိတယ်”ဟု သောကြာနေ့က ပြုလုပ်သည့် အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲတွင် အာရှ ၁၂ နိုင်ငံမှ သတင်းထောက်များအား အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၏ နိုင်ငံတကာဆက်ဆံရေး သံတမန် ဒေါက်တာ ဆာဆာကပြောသည်။ 

“သူတို့တွေ နှောင့်နှေးနေလေ၊ ဒီမှာက လူသားဖြစ်တည်မှုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပိုများလေ ဖြစ်မယ်၊ ပိုပြီး ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်လာမယ်၊ ကျွန်တော်တို့ကို မြန်မာအစိုးရအဖြစ် အသိအမှတ် မပြုရင်၊ ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံမှု မရှိရင်၊ ပူးပေါင်းဆောင်ရွက်မှု မရှိရင် သွေးချောင်းစီး လူသတ်ပွဲတွေဟာ သီတင်းပတ်တွေ၊ လတွေ ပိုပိုပြီး များများ လာလိမ့်မယ်”ဟု ၎င်းက ဖြည့်စွက်ပြောသည်။ 

“ပြည်သူတွေရဲ့ တစ်ခုတည်းသော တရားဝင် ကိုယ်စားပြုတဲ့ အစိုးရအနေနဲ့ NUG ကို ဆက်ဆံဖို့ အာဆီယံနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်။ အကြမ်းဖက် စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားဖို့အတွက် NUG ကို ဖြစ်နိုင်သမျှ မြန်မြန် နိုင်ငံတကာ အသိုက်အဝန်းကနေ တရားဝင် အသိအမှတ်ပြုမှုဟာ အလွန်ကိုပဲ အရေးကြီးပါတယ်”ဟု NUG တာဝန်ရှိသူ ဒေါက်တာ ဆာဆာက ဆိုသည်။ 

NUG အား မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရန် နှောင့်နှေးနေဦးမည်ဆိုလျှင် ‘တင်းပြည့်ကြပ်ပြည့် ပြည်တွင်းစစ်’ ပိုပြီး ကြီးမားသထက် ကြီးမားရမည့် အကြောင်းပဲ ဖြစ်သည်ဟုလည်း ၎င်းက သတိပေးသည်။ 

“ပြည်တွင်းစစ်ကို မတားဆီးနိုင်တော့မှ ကျွန်တော်တို့ရဲ့ အာဆီယံခေါင်းဆောင်တွေဟာ ‘NUG ကို အစိုးရအဖြစ် ကျွန်တော်တို့ အသိအမှတ် ပြုပါမယ်’ဆိုပြီး ပြောလာလည်း ဒါဟာ အရမ်း နောက်ကျသွားလိမ့်မယ်၊ စိတ်မကောင်းစွာပဲ ကျွန်တော်တို့ဖက်မှာ အချိန်သိပ်မရှိဘူး”ဟု ၎င်းက ဆိုသည်။ 

“အခု ကျွန်တော်တို့မှာ အချိန် မရှိဘူး၊ ဒါကြောင့် မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့၊ ဖြစ်နိုင်သမျှ ချက်ချင်း လုပ်ဆောင်ဖို့ ကျွန်တော်တို့ တိုက်တွန်းနေရတာပဲ၊ ဒါဟာ ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော လမ်းကြောင်းပဲ၊ ဒီ အကြမ်းဖက်မှုတွေကို ရပ်ပစ်မယ့် လမ်းကြောင်းပဲ၊ အာရှမှာ ဒေသတွင်း တည်ငြိမ်ရေး လမ်းကြောင်းလည်းပဲ ဖြစ်တယ်”ဟု ၎င်းက ထပ်လောင်းပြောသည်။ 

စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်၌ အာဏာသိမ်းခဲ့ချိန်မှစကာ မြန်မာပြည်တွင်း လမ်းများပေါ် ဒီမိုကရေစီ လိုလားဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်နေပြီး ဆန္ဒပြသူများအား စစ်တပ်က အင်အားသုံး ဖြိုခွင်းလျက် ရှိသည်။ 

ဆန္ဒပြမှုများအတွင်း အရပ်သား ၈၀၀ ဝန်းကျင် သေဆုံးပြီး အနည်းဆုံး ၅၂ ဦးမှာ ကလေးများဖြစ်သည်ဟု ဒေါက်တာ ဆာဆာ ပြောဆိုချက်အရ သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required