ဂျပန်က မြန်မာအတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီ အမေရိကန်ဒေါ်လာ ၄ သန်း ပေးမည် 

ဂျပန်က မြန်မာအတွက် အရေးပေါ် စားနပ်ရိက္ခာအကူအညီ အမေရိကန်ဒေါ်လာ ၄ သန်း ပေးမည် 

မေ ၁၅

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်းများကို တုံ့ပြန်ရန် ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အရေးပေါ် စားနပ်ရိက္ခာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၄ သန်း ပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှ တစ်ဆင့် ပံ့ပိုးမည်ဖြစ်သော ယခု အကူအညီသည် ရန်ကုန်ရှိ ဆင်းရဲသား ပြည်သူ ၆၀၀၀၀၀ နီးပါးအတွက် စားနပ်ရိက္ခာများ ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ အရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ့၏ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချခံရပြီးနောက် ရန်ကုန်တွင် စားနပ်ရိက္ခာနှင့် ပတ်သက်ပြီး သိသိသာသာ အခြေအနေ ဆိုးဝါးလာနေသည်။ 

“အခု နောက်ဆုံး အကူအညီဟာ လူသားချင်း စာနာထောက်ထားရေး ရည်ရွယ်ချက်အတွက် ကျွန်တော်တို့နိုင်ငံရဲ့ အထောက်အပံ့ပေးမှု တစ်စိတ်တစ်ပိုင်းဖြစ်သလို စစ်အာဏာသိမ်းမှုကြောင့် အားချင်းလိုအပ်နေတာတွေအတွက် အကူအညီလည်းပဲ ဖြစ်ပါတယ်”ဟု တိုကျိုတွင် သတင်းထောက်များအား နိုင်ငံခြားရေးဝန်ကြီး တိုရှီမတ်ဆုမိုတီဂျီက သောကြာနေ့တွင် ပြောခဲ့သည်။ 

စစ်အာဏာသိမ်းအုပ်စုတွင် ပါဝင်သော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသော အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ သတိဖြင့် ဆောင်ရွက်နေဆဲမှာပင် ဂျပန်နိုင်ငံသည် အာဏာသိမ်းအုပ်စုနှင့် ဆွေးနွေးပြောဆိုနိုင်ရေး ကြိုးပမ်းလျက် ရှိနေသည်။ 

အပြစ်ပေးအရေးယူသော လုပ်ဆောင်ချက်များသည် မြန်မာနိုင်ငံအား အင်ဒို-ပစိဖိတ်ဒေသ၌ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအတွက် မဟာဗျူဟာ ပြိုင်ဖက်ဖြစ်သော တရုတ်နှင့် ပို၍ နီးကပ်သွားစေလိမ့်မည်ဟု ဂျပန်နိုင်ငံက ယုံကြည်ထားသည်။ 

သို့ရာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား မြန်မာစစ်တပ်က အကြမ်းဖက်ဖြိုခွင်းခြင်းအား ဂျပန်နိုင်ငံက ရှုတ်ချပြီး အကြမ်းဖက်များ ရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ဖမ်းဆီးထားသူများအား ပြန်လွှတ်ရန်နှင့် ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်လျှောက်လှမ်းရန် တိုက်တွန်းထားသည်။ 

စစ်အာဏာသိမ်းမှုကို တုံ့ပြန်ကာ အရှေ့တောင်အာရှ မြန်မာနိုင်ငံအား တရားဝင် ဖွံ့ဖြိုးရေးအကူအညီသစ်များကို ဂျပန်အစိုးရက ရပ်တန့်ပစ်ခဲ့သည်။ 

လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်းသည် ယခင် ရှိဆဲ ဆင်းရဲမွဲတေမှုနှင့် ကိုဗစ်-၁၉ ကပ်ဘေးတို့တွင် ပို၍ ဒုက္ခများစေရာ ခြောက်လအတွင်း အထူးသဖြင့် မြို့ပြများမှ အများစုဖြစ်သော လူဦးရေ ၃ ဒသမ ၄ သန်း ငတ်မွတ်မှုဘေး ကြုံရလိမ့်မည်ဟု ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က သတိပေးထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly