မန္တလေး ဇီဝိတ သံဃာ့ဆေးရုံမှာ ကုသနေတဲ့ ထိခိုက် ဒဏ်ရာရသူတစ်ဦးအပါအဝင် ဆရာဝန်နဲ့သူနာပြု အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီး

မန္တလေး ဇီဝိတ သံဃာ့ဆေးရုံမှာ ကုသနေတဲ့ ထိခိုက် ဒဏ်ရာရသူတစ်ဦးအပါအဝင် ဆရာဝန်နဲ့သူနာပြု အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီး

မေ-၁၅

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၆၂လမ်း၊၁၄လမ်းထောင့်မှာရှိတဲ့ ဇီဝိတသံဃာ့ဆေးရုံကို မေ ၁၅ရက်၊မနက်စောစောမှာ အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က စီးနင်းဝင်ရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိထားတဲ့ လူနာတစ်ဦးအပါအဝင် စေတနာ့ဝန်ထမ်းဆရာဝန်နဲ့သူနာပြုအချို့ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

အဲဒီ ဇီဝိတသံဃာ့ဆေးရုံဟာ ကုသိုလ်ဖြစ်ဆေးရုံဖြစ်ပြီး မင်းကွန်းဆရာတော်ဘုရားကြီး တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။အဓိက ရဟန်းတော်နဲ့သီလရှင်တွေကို အဓိကထားကုသပေးနေပြီး ဆင်းရဲ နွမ်းပါးတဲ့ ပြည်သူတွေကိုလည်း အခမဲ့ ကုသပေးနေတဲ့ ဆေးရုံလည်း ဖြစ်ပါတယ်။
ကိုဗစ်ကာလမှာ ဒီဆေးရုံဟာ ပြည်သူအတွက် စနစ်တကျ ပါဝင်ကုသပေးခဲ့တဲ့ ဆေးရုံလည်း ဖြစ်ပါတယ်။

"ဒီလိုလုပ်ရပ်က လူမဆန်တဲ့သူတွေလုပ်ရပ်ပါ။ပြည်သူအားကိုး အားထားပြုနေရတဲ့ ဆေးရုံ။ဒါကို လုပ်ရက်တယ်။ဒဏ်ရာရသူက ဘယ်လိုအကြောင်းကြောင်းနဲ့ရရ လူသားဆန်ရမယ်လေ။"လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ဆရာဝန် တစ်ဦးကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ"ခက်ခဲတဲ့ကာလမှာ လူထုအများအားကိုးနေရတဲ့ဆေးရုံကြီးကို ချိုးဖောက်ဝင်ရောက်ပြီး၊ စေတနာရှင်ဆေးဝန်ထမ်းတွေနဲ့ ဝေဒနာပြင်းထန်စွာခံစားနေရတဲ့ လူမမာကို ခွေးဆွဲသလိုဆွဲသွားတဲ့လုပ်ရပ်အတွက်
မန္တလေးမြို့သူမြို့သားအားလုံးမှလုံးဝကန့်ကွက်သင့်ပါကြောင်းနဲ့ ဤဇီဝိတဆေးရုံဆက်လက်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြပါလို့အနူးအညွှတ်မေတ္တာရပ်ခံအပ်ပါတယ်။"လို့ရေးသားထားပါတယ်။

လက်ရှိ အဲဒီဆေးရုံနဲ့ပတ်သက်ပြီး ဘာမှ မသိရသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly