စက်ရုံအရာရှိ တိုင်တန်းမှုကြောင့် အလုပ်သမားသမဂ္ဂခေါင်းဆောင် ၂ ဦး တိမ်းရှောင်နေရ

စက်ရုံအရာရှိ တိုင်တန်းမှုကြောင့် အလုပ်သမားသမဂ္ဂခေါင်းဆောင် ၂ ဦး တိမ်းရှောင်နေရ

မေ ၁၃

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုံရှိ Rui Ning Myanmar Garment စက်ရုံတွင် လုပ်ကိုင်နေခဲ့သော အလုပ်သမားသမဂ္ဂခေါင်းဆောင်နှစ်ဦးကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း အလုပ်သမားအဖွဲ့အစည်းများက ပြောသည်။

အဆိုပါအလုပ်သမားများတာဝန်ထမ်းဆောင်နေသော မီးပူထိုးဌာန၏အကြီးအကဲဖြစ်သူ၏တိုင်ကြားမှုဖြင့် ဧပြီ ၂၂ရက်က စစ်ကောင်စီတပ်များ စက်ရုံအတွင်း ဝင်ရောက်ကာ ဖမ်းဆီးရန်ရှာဖွေမှုဖြစ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။  

"သူတို့နှစ်ယောက် ကခွင့်ယူပြီးနားနေတာ အဲ့နေ့က။ ကျော်ကြီးက မင်းတို့နှစ်ယောက်ဒီနေ့အလုပ်လာမဆင်းရင်ထုတ်မယ်ဆိုလို့နေ့လည် ၁၂နာရီ ကျမှသွားတာ ။ ၁ နာရီလောက် ကျတော့ကျော်ကြီးကစက်ဘီးနဲ့ထွက်သွားပြီးသွားခေါ်လာတာ
စစ်ကားနှစ်စီးနဲ့ စစ်သား သုံးဆယ်လောက် ပါလာတော့ နောက်ဖက်ခြံစည်းရိုးကနေထွက်ပြေးခဲ့လို့ လွတ်သွားတာ''ဟု အဆိုပါနေ့က အဖြစ်အပျက်ကိုမြင်တွေ့ခဲ့ရသော အလုပ်သမားအဖွဲ့အစည်းဝင်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ စစ်တပ်ကရှာဖွေမှုမှာ စက်ရုံပိုင်ရှင်နှင့် သက်ဆိုင်ခြင်းရှိမရှိကို မသိရကြောင်း အလုပ်သမားအဖွဲ့အစည်းမှ တာဝန်ရှိသူက ဆက်လက် ပြောသည်။

ဆန္ဒပြရာတွင်ပါဝင်သည်ဟုဆိုကာ တိုင်ကြားခြင်းနှင့် လိုက်လံဖမ်းဆီးခြင်း ဖြစ်ပြီး တခြားသော စက်ရုံများအတွင်းသို့လည်း ဝင်ရောက်ဖမ်းဆီးမှုများရှိနေကြောင်း အလုပ်သမဂ္ဂခေါင်းဆောင်များရှောင်တိမ်းနေရသည်ဟု သိရသည်။

ထို့အပြင် တရုတ်နိုင်ငံသားပိုင် Rui Ning Myanmar Garment စက်ရုံသည် စစ်အာဏာသိမ်းပြီးအချိန်တွင် ဇန်နဝါရီလ လစာထုတ်ပေးရာ၌ W. C. C. ၏လစာတချို့အားဖြတ်တောက်ခြင်း ၊ စက်ရုံရှိသမဂ္ဂအားအသိမှတ်မပြုခြင်း ၊ သဘောတူထားသော အခကြေးငွေအချို့နှင့်ပတ်သက်၍ လျော့ပေးခြင်း၊ ဆေးခွင့်ယူရတာခက်ခဲခြင်း၊ တနလ်ာနေ့မှ စနေနေ့အထိခွင့်မဲ့ပျက်လျှင်အစိုးရရုံးပိတ်ရက်အတွက် မပေးခြင်း၊ သမဂ္ဂနှင့်တိုင်ပင်ခြင်းမရှိပဲအလုပ်ထုတ်ခြင်း၊ လက်ရှိကျန်ရှိနေသောသမဂ္ဂအားအသိအမှတ်မပြုဘဲ စက်ရုံအကြီးအကဲများမှအလုပ်သမားများကိုEcစာချုပ်အကြောင်းရှင်းပြနေသဖွယ်လိမ်လည်မှတ်တမ်းယူခြင်းနှင့်သမဂ္ဂနှင့် မတိုင်ပင်ဘဲ လူသစ်ခေါ်ယူခြင်း၊ Brandနှင့်ချုပ်ဆိုထားသောစာချုပ်အားဖောက်ဖျက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း အလုပ်သမားများဘက်က တိုင်တန်းပြောဆိုကြသည်။

စက်ရုံဘက်ကိုတော့ ဆက်သွယ်၍ မရနိုင်ခဲ့ပါ။

အဆိုပါ Rui Ning Myanmar Garment စက်ရုံတွင်အလုပ်သမား ၇၀၀ ကျော်ရှိကာ အနွေးထည်များ ၊အမျိုးသမီးအကျီများ ချုပ်လုပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required