မင်းတပ်မြို့ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်ပြီဆိုတဲ့ သတင်းအမှား

မင်းတပ်မြို့ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်ပြီဆိုတဲ့ သတင်းအမှား

မေ ၁၃

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်ပြီး ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်မှုတွေလုပ်လာတဲ့ အာဏာသိမ်းစစ်ကောင်စီဝင်တွေကို ပြည်သူတွေက ရရာလက်နက်ဆွဲကိုင်ပြီး တိုက်ပွဲဝင်နေကြတာပါ။ 

မင်းတပ်မြို့ကတော့ တူမီးသေနတ်တွေနဲ့ စစ်ကောင်စီကို ပထမဆုံးတိုက်ပွဲဖော်ခဲ့တဲ့ မြို့လို့ ဆိုရမှာဖြစ်သလို လက်ရှိအချိန်ထိလည်း တိုက်ပွဲဝင်နေကြဆဲပါ။

ဒီကနေ့ မေလ ၁၃ ရက်နေ့မှာတော့ “မင်းတပ်မြို့ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်ပြီ၊ ထွေအုပ်၊ မြဝတီဘဏ်နဲ့ တပ်ရင်း ၂၇၄ ကို PDF သိမ်းပိုက်” ဆိုတဲ့ သတင်းတစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ 

ဒီသတင်းကို Nan Mo Zin Phu ဆိုတဲ့ ဖေ့စ်ဘွတ် အကောင့်ပိုင်ရှင်က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဖေ့စ်ဘွတ်ဂြုတွေမှာ တဆင့်ခံ ပြန်လည်မျှဝေနေကြတာ တွေ့ရပါတယ်။ အဲဒီသတင်းကို Like ပေးသူ 1.7 K နဲ့ ပြန်လည်မျှဝေသူပေါင်း သုံးရာကျော် ရှိနေပါတယ်။

မဇ္ဈိမက ဒီသတင်းကို စစ်ဆေးကြည့်တဲ့အခါ ချင်းပြည်နယ် ဒေသအခြေစိုက် မီဒီယာတွေမှာ ဒီသတင်းနဲ့ ပတ်သက်ပြီး တစုံတရာ ဖော်ပြရေးသားထားတာ မတွေ့သလို PDF အဖွဲ့ကလည်း လက်ရှိအချိန်ထိ တစုံတရာ အသိပေးထုတ်ပြန် ထားတာမျိုး မတွေ့ရသေးပါဘူး။

ဒေသအခြေစိုက် Chin World သတင်းဌာနမှာ ဒီကနေ့ ညနေပိုင်းအထိ ရေးသားထားတာက မင်းတပ်မြို့ကို စစ်ကောင်စီဘက်က ကျောက်ထုနဲ့ မတူပီဖက်ကနေ နှစ်ဖက်ညှပ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ပြည်သူတွေဘက်က ထိခိုက်ဒဏ်ရာရရှိနေတဲ့အကြောင်း ရေးသားထားတာ တွေ့ရပါတယ်။ 

ဒါကြောင့် မင်းတပ်မြို့ လွတ်မြောက်နယ်မြေ ဖြစ်ပြီဆိုတဲ့သတင်းဟာ လက်ရှိအချိန်မှာ ကောလဟာလ ဖြန့်ဝေထားတဲ့ သတင်းမှားသာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly