နှစ်ရာသီဆက် အရှုံးနဲ့ရင်ဆိုင်ရတဲ့ ဧရာဝတီက ဆားတောင်သူတွေ

နှစ်ရာသီဆက် အရှုံးနဲ့ရင်ဆိုင်ရတဲ့ ဧရာဝတီက ဆားတောင်သူတွေ

မေ ၁၃

ရာသီဖျက်မိုး မကြာခဏရွာသွန်းပြီးနောက် ဧရာဝတီတိုင်းထဲက နေလှမ်းဆားချက်လုပ်နေတဲ့ ဆားတောင်သူတွေဟာ ဆားကွင်းအများစုကို ပိတ်သိမ်းလိုက်ရပြီး ဆားကြမ်းစျေးနှုန်းကျဆင်းတာကြောင့် နှစ်ရာသီဆက်တိုက် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

၂၀၁၉-၂၀၂၀ ဆားရာသီမှာလည်း ကိုဗစ်ရောဂါကပ်ဆိုးကြောင့် စက်မှုလုပ်ငန်းနဲ့အများစုရပ်နားခဲ့ရတာကြောင့် ဆားကြမ်းစျေးနှုန်းတွေ ကျဆင်းခဲ့ရပြီး ဒီနှစ် ၂၀၂၀-၂၀၂၁ဆားရာသီမှာလဲ စစ်အာဏာသိမ်းယူခဲ့ခြင်းရဲ့ အကျိုးဆက်တွေကြောင့် စက်မှုလုပ်ငန်းတွေ ရပ်နားခဲ့ရကာ ဆားကြမ်းစျေးနှုန်းများ ထက်မံကျဆင်းပြီး အရှုံးနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

ဒီနှစ်ဆားရာသီအစမှာ ဆားကြမ်းစျေးနှုန်းတွေဟာ တစ်ပိဿာကို ၄၀ကျပ်ဝန်းကျင်သာ ရရှိခဲ့ပါတယ်။ မြေသားနေလှမ်းဆားကွင်းတစ်ခုမှာ ဆားကြမ်းတစ်ပိဿာအတွက် ထုတ်လုပ်မှုကုန်ကျစရိတ် ၄၅ကျပ်ဝန်းကျင်ရှိနေခဲ့ပြီး ပလတ်စတစ်နေလှမ်းဆားကွင်းတစ်ခုမှာ ဆားကြမ်းတစ်ပိဿာဟာ ထုတ်လုပ်မှုကုန်ကျစရိတ် ၄၇ကျပ်ထိရှိခဲ့တာကြောင့် ရာသီအစထဲက ဆားတောင်သူများအရှုံးနဲ့သာ ကြုံတွေ့ခဲ့တာပါ။

ရာသီကုန်လုနီးချိန်မှာ ဆားကြမ်းစျေးနှုန်းဟာ ၈၀ကျပ်ဝန်းကျင်ကို ရောက်ရှိလာပေမဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေအတွက် ဆားကြမ်းတွေကို ကြိုပွိုင့်ရောင်းချခဲ့ရတာကြောင့် ဆားတောင်သူများ အကျိုးအမြတ်မရရှိခဲ့ပါဘူး။

“ဒီနှစ်လဲ ရှုံးတယ် အာဏာသိမ်းပြီးတော့ ဆီစျေးတွေ ပိုတက်သွားနဲ့ ကုန်ကျစရိတ်က ပိုများသွားတယ်၊ စျေးကွက်ကမရှိတော့ ဝယ်မဲ့သူလဲ မရှိသလောက်ကို ဖြစ်နေကုန်တာ၊ နောက်နှစ်တွေ ပိုဆိုးမယ် နိုင်ငံရေးမတည်ငြိမ်တာကြောင့် ဆားကြမ်းနဲ့အလုပ်လုပ်မဲ့ လုပ်ငန်းတွေ အတော်များများ ဝင်လာစရာလဲမရှိတော့ဘူး၊ ဆားဖိုသူကြီးဆိုတာ ပျောက်သွားနိုင်တယ်”လို့ သက္ကယ်သောင်ဆားတိုက်နယ်က ဆားတောင်သူတစ်ဦးကပြောပါတယ်။

ဧရာဝတီတိုင်းမှာ နာဂစ်မုန်တိုင်းပြီးချိန်ကစတင်ပြီးတော့ နေလှမ်းဆားလုပ်ငန်းဟာ နှစ်စဉ်နီးပါး အရှုံးနဲ့ ရင်ဆိုင်ရတာကြောင့် ဆားတောင်သူဦးရေဟာ နှစ်စဉ်လျှော့ကျလာခဲ့တာပါ။ ၂၀၀၈-၂၀၀၉ ဆားရာသီမှာ ဆားတောင်သူဦးရေ ၈၀၃ဦးရှိပြီး ဆားလယ်ဧက ၃၀၃၇၇ဧကရှိကာ တစ်ရာသီဆားထွက်နှုန်း ၁၇၀၈၄၈တန် ထွက်ခဲ့ပေမဲ့ ၂၀၁၆-၂၀၁၇ရာသီမှာတော့ ဆားတောင်သူဦးရေ ၃၉၁ဦးပဲ ရှိတော့ပြီး ဆားလယ်ဧက ၁၅၅၈၇ ဧကသာ ဖော်ဆောင်နိုင်ပါတော့တယ်။ ၂၀၁၈-၂၀၁၉ဆားရာသီမှာ တောင်သူတွေ အကျိုးအမြတ်ပြန်လည် ဖြစ်ထွန်းခဲ့ပေမဲ့ အခုလို နှစ်ရာသီဆက်တိုက် ပြန်လည်အရှုံးနဲ့ ရင်ဆိုင်ရတာပဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly