မြန်မာနိုင်ငံ၏ အခြေအနေအပေါ် စိုးရိမ်ပူပန်သော်လည်း အရေးယူပိတ်ဆို့မှု ချမှတ်ရန် မရှိဟု သြစတြေးလျ ပြော

မြန်မာနိုင်ငံ၏ အခြေအနေအပေါ် စိုးရိမ်ပူပန်သော်လည်း အရေးယူပိတ်ဆို့မှု ချမှတ်ရန် မရှိဟု သြစတြေးလျ ပြော

မေ ၁၃

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ယိုယွင်းဆိုးရွားလျက်ရှိစဉ် မြန်မာအပေါ် ပြင်းထန်ကြမ်းတမ်းသည့် အရေးယူပိတ်ဆို့မှုများ သြစတြေးလျဘက်မှ ချမှတ်မည် မဟုတ်ဟု သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ရက် ၁၀၀ ကျော် ရှိလာခဲ့ချိန် နိုင်ငံ၏ အခြေအနေမှာ မျှော်လင့်အားရဖွယ် မရှိဘဲ ဆက်ရှိနေဆဲဖြစ်ကြောင်း တာ၀န်ရှိသူများက သြစတြေးလျပါလီမန်၏ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေး ကော်မတီသို့ ပြောခဲ့သည်။

“မြန်မာနိုင်ငံမှာ ယိုယွင်းဆိုးရွားလာနေတဲ့ အခြေအနေအပေါ် သြစ‌တြေးလျနိုင်ငံအနေနဲ့ တကယ့်ကို စိုးရိမ်ပူပန်မိပါတယ်” ဟု ကာကွယ်ရေးဆိုင်ရာ အရာရှိတစ်ဦးဖြစ်သည့် ဒေးဗစ် လူး၀စ်က မေလ ၁၃ ရက်တွင် ပြောသည်။

အာဏာသိမ်းမြန်မာစစ်တပ်၏ လူမဆန်သော ဖြိုခွင်းနှိမ်နင်းမှုများကြောင့် ကလေးငယ် ၅၀ ဦးထက်မနည်း အပါအ၀င် လူပေါင်း ၈၀၀ ကျော် လမ်းများပေါ်တွင် အသက်ဆုံးရှုံးထားခဲ့ရသည်။

အရပ်သားများအပေါ် အသက်သေစေသည်အထိ အင်အားအသုံးပြုမှု၊ အကြမ်းဖက်မှုအပေါ် သြစတြေးလျဘက်မှ အပြင်းအထန် ထပ်တလဲလဲ ပြစ်တင်ရှုတ်ချထားခဲ့ကြောင်း နိုင်ငံခြားရေးရာ အကြီးတန်းအရာရှိ လင်ဒါ ၀ါ့သ်ထိုင်းဆုန်က ပြောသည်။
ထို့ပြင် စစ်တပ်လက်အောက်ခံ တပ်ဖွဲ့၀င်များဘက်မှ အစွမ်းကုန် ထိန်းချုပ်လုပ်ဆောင်ရန်ကိုလည်း သြစတြေးလျဘက်က တိုက်တွန်းတောင်းဆိုထားခဲ့သည်ဟု ၎င်းက ဆိုသည်။

သြစတြေးလျသည် မြန်မာစစ်တပ်၏ အဖွဲ့၀င် ငါးဦးအပေါ် အရေးယူပိတ်ဆို့မှုများနှင့် ခရီးသွားလာမှု ပိတ်ပင်ချက်များ ချမှတ်ထားသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်၊ ယူကေနှင့် ဥရောပသမဂ္ဂ တို့က အာဏာသိမ်းမှုအတွက် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် ပိုမိုပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများကို ချမှတ်ထားသည်။

လက်နက် ရောင်းချမှု ပိတ်ပင်ချက်တစ်ရပ်ကိုလည်း ချမှတ်ထားရှိသည်။

ယခုအချိန်တွင် သြစတြေးလျဘက်မှ ထပ်တိုး အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းက အာဏာသိမ်းစစ်‌ခေါင်းဆောင်များအပေါ် သြဇာလွှမ်းမိုးမှုနှင့် လူသားချင်းစာနာမှု အကူအညီများအပေါ် အကန့်အသတ်ဖြစ်နိုင်ခြေ ရှိနိုင်သည်ဟု မစ္စ ၀ါ့သ်ထိုင်းဆုန်က ပြောသည်။

“ဒီ ဒေသက နိုင်ငံတစ်နိုင်ငံအနေနဲ့ သြဇာလွှမ်းမိုးမှုနဲ့ တိုက်ရိုက် သြဇာလွှမ်းမိုးမှု ရှိခြင်းနဲ့အတူ ကျွန်မတို့ရဲ့ အကျိုးတွေကို အကောင်းဆုံး အသုံးချနိုင်မယ်လို့ ကျွန်မတို့ စဥ်းစားပါတယ်” ဟု ၎င်းက ပြောသည်။

သြစ‌တြေးလျ၏ ထင်မြင်မှုသည် အရေးယူပိတ်ဆို့မှုများကို မထောက်ခံသည့် ဂျပန်၊ တောင်ကိုရီးယားနှင့် အာဆီယံနိုင်ငံများနှင့် ကိုက်ညီနေသည်။

“တကယ်လို့ အရေးယူပိတ်ဆို့မယ်ဆိုရင်လည်း ဒါက တကယ့်မြေပြင်က လူတွေအတွက် အပေါင်းလက္ခဏာပြတဲ့ သက်‌ရောက်မှုက အရမ်းအနည်းအကျဉ်းပဲ ရှိပါလိမ့်မယ်” ဟု မစ္စဝါ့သ်ထိုင်းဆုန်က ပြောသည်။

တရား၀င်အားဖြင့် အရေးယူပိတ်ဆို့မှု ချမှတ်ခြင်းက အစိုးရအတွက် အချိန်မရွေး သုံးနိုင်သည့် ရွေးချယ်မှုနည်းလမ်းတစ်ခု ဖြစ်နေမည် ဖြစ်သည်။

သြစတြေးလျနိုင်ငံအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သည့် လက်ရှိထိန်းသိမ်းခံထားရသော သြစတြေးလျပညာရှင် ရှောင်တာနဲလ် အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုလျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly