“Hunger Games” စီးရီး၏ နောက်ဆုံးထွက်ရှိသည့် ရုပ်ရှင်မှာ အမေရိကန်နှင့် ကနေဒါတွင် ပြီးခဲ့သည့် စနေ၊တနင်္ဂနွေနေ့များ၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိပြီး၊ Pixar ကုမ္ပဏီ၏ ဇာတ်ကားသစ်က ဒုတိယနေရာတွင် ရှိနေသည်။
“The Hunger Games: Mockingjay - Part 2” ဇာတ်ကားမှာ မြောက်အမေရိက ရုပ်ရှင်ရုံများ၌ ရုံတင်အပြီး ဒုတိယအပတ် စနေ၊တနင်္ဂနွေ နေ့များတွင် ဝင်ငွေ ဒေါ်လာ ၅၁ ဒသမ ၆ သန်း ရရှိခဲ့သည်။
ဇာတ်ကားသစ် “The Good Dinosaur” မှာမူ စတင်ရုံတင်သည့် ပွဲဦးထွက် ငါးရက်အတွင်း ဒေါ်လာ ၃၉ ဒသမ ၂ သန်းသာ ဝင်ငွေ ရရှိခဲ့ပြီး ဒုတိယ နေရာတွင် ရှိနေသည်။ စတားလုံး ပါဝင်သော “Rocky” စီးရီး ရုပ်ရှင်ဖြစ်သည့် “Creed” ဇာတ်ကားမှာ ဝင်ငွေ ဒေါ်လာ ၃၀ ဒသမ ၁ သန်း ဖြင့် တတိယနေရာတွင် ရှိနေသည်။
“The Good Dinosaur” နှင့် “Creed” ဇာတ်ကားများကို ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာလ ၂၅ ရက်) က စတင် ရုံတင်ခဲ့ခြင်း ဖြစ်သည်။ “Mockingjay - Part 2” တွင် ကမ္ဘာကျော် မင်းသမီး Jennifer Lawrence ပါဝင် သရုပ်ဆောင်ထားကာ၊ ထိုဇာတ်ကားသည် ကမ္ဘာအရပ်ရပ်မှ ဝင်ငွေစုစုပေါင်း ဒေါ်လာ သန်း ၄၄၀ ကျော် ရရှိခဲ့ပြီ ဖြစ်သည်။
Ref: BBC