(၂၇)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီလက်မှတ်များတွင် ရိုက်နှိပ်ထုတ်ဝေထားသည့် ထီဖွင့်ရက်အလွဲကြောင့် ဒွိဟဖြစ်

(၂၇)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီလက်မှတ်များတွင် ရိုက်နှိပ်ထုတ်ဝေထားသည့် ထီဖွင့်ရက်အလွဲကြောင့် ဒွိဟဖြစ်

မေ ၁၂

လာမည့် ဇွန် ၁ ရက်နေ့တွင် ဖွင့်လှစ်ပေးမည့် (၂၇)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲအတွက် ထီလက်မှတ်များတွင် ရိုက်နှိပ်ထုတ်ဝေခဲ့သော ထီဖွင့်ရက်မှာ မေ ၁ ရက်ဟု ပါရှိနေသည့်အတွက် ပြည်သူများအကြားဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

“ မေ ၁ ရက်မှာဖွင့်မယ်ဆိုတော့ ထီလက်မှတ်အဟောင်းတွေ ပြန်ရောင်းနေတာလားပေါ့။ ဒီတော့ နားလည်မှုတွေလွဲကုန်တာပေါ့။ ဒီနေ့ သတင်းစာမှာ ကြေညာပေးထားတာတော့တွေ့တယ်။ ထီလက်မှတ်မှာပါတဲ့ ဖွင့်မယ့် လနဲ့ရက် မှားနေတဲ့အစား ဇွန်တစ်ရက်လို့ ပြင်ဆင်သတ်မှတ်ပါသည်ဆို ပြီးနေတဲ့ဟာကို အသီးသီးပြောင်းလဲဖွင့်လှစ်ပေးသွားပါမည်လို့ ကြေညာလိုက်တော့ ရုတ်တရက် ဇဝေဇဝါတွေဖြစ်ကုန်တာ။ မှားယွင်းနေတာကို မှားယွင်းနေတယ်လို့ တည့်တည့် ရေးပြီး ထုတ်ပြန်ပါလားဗျာ” ဟု ထီကံစမ်းသူ ပြည်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယနေ့(မေ ၁၂ )ရက်ထုတ်နိုင်ငံပိုင်သတင်းစာတွင် “၂၇ ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီဖွင့်ပွဲကို ထီလက်မှတ်များတွင် ဖော်ပြထားသော ၁.၅.၂၀၂၁ ရက်နေ့အစား ၁.၆.၂၀၂၁ ရက်နေ့တွင်လည်းကောင်း၊ (၂၈) ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီဖွင့်ပွဲကို ထီလက်မှတ်များတွင် ဖော်ပြထားသော ၁.၆.၂၀၂၁ ရက်နေ့အစား ၁.၇ ၂၀၂၁ ရက်နေ့တွင်လည်းကောင်း အသီးသီးပြောင်းလဲဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်”  ဟု ဖော်ပြပါရှိသည်။

သို့သော် (၂၇)ကြိမ်မြောက် ဖွင့်လှစ်မည့် ကျပ်တစ်ထောင်တန်အောင်ဘာလေထီလက်မှတ်တွင် ဖော်ပြထားသော ထီဖွင့်မည့်ရက်ကို မေ ၁ ရက်အစား ဇွန် ၁ ရက်သို့လည်းကောင်း၊ (၂၈)ကြိမ်မြောက် အောင်ဘာလေထီလက်မှတ်တွင် ဖော်ပြထားသော ဖွင့်မည့်ရက် ဇွန်၁ ရက်အစား ဇူလိုင် ၁ ရက်သို့ ပြင်ဆင်သတ်မှတ်ကြောင်း အများနားလည်အောင်ရေးသားသင့်သည်ဟု ဆိုသည်။

“ မှားတာကို မှားနေတဲ့ အကြောင်း ရှင်းရှင်းလင်းလင်းကြေညာဖို့လိုတယ်။” ဟုဆိုသည်။  

အောင်ဘာလေထီ ကိုယ်စားလှယ်တစ်ဦးက“ အဲ့ဒီဟာက ထီဖွင့်ပွဲကို နောက်ဆုတ်တာမဟုတ်ဘူး။ ထီလက်မှတ်မှာ ရိုက်နှိပ်ထားတဲ့ ရက်တွေက မှားနေတော့ စကားတွေ အရမ်းပြောနေရတယ်။ နောက်လမှာလည်း အကြိမ်ကျော်တွေကို ရောင်းနေရဦးမှာဘဲ။အမှန်တကယ် သူတို့ ပြင်ဆင်ချက်ဆိုပြီးတော့ တင်ရမှာ ဒီ ၂၇ကြိမ်မြောက်မှာ ရိုက်နှိပ်ထားတဲ့ မေ ရက်နေ့ဖွင့်မယ့် အစားကို ဇွန်တစ်ရက်နေ့ဟု ပြောင်းလဲသတ်မှတ်ပေးပါရန်ဆိုပြီး ကြေညာပေးရမယ့်ဟာကို  အသီးသီးပြောင်းလဲဖွင့်လှစ်မယ်ဆိုတော့ အခုနားလည်မှုတွေလွဲကုန်တာ” ဟု ၎င်းက သုံးသပ်ပြသည်။

လက်ရှိ (၂၇ )ကြိမ်မြောက် ကျပ်တစ်ထောင်တန်အောင်ဘာလေထီဖွင့်ပွဲအတွက် အက္ခရာ အလုံးရေ နှစ်ဆယ် ထုတ်ဝေဖြန့်ချိရောင်းချပေးလျှက်ရှိပြီး ရောင်းအားပေါ်မူတည်၍ ထပ်မံဖြန့်ချိသွားရန်ရှိကြောင်း သိရသည်။

ပြီးခဲ့သော (၂၅) ကြိမ်မြောက် ထီဖွင့်ပွဲမှစတင်၍ အမြင့်ဆုံးဆုဖြစ်သော ကျပ်သိန်းတစ်သောင်းခွဲဆု အစား ကျပ်သိန်းငါးထောင်ဆုကို ပြောင်းလဲသတ်မှတ်ခဲ့ကာ၊ ဆုချီးမြှင့်မှု လျော့ကျသွားခြင်းသည် ထီထိုးသူ ပမာဏ လျှော့ကျသွားခြင်းကြောင့် ဖြစ်ကြောင်း ထီလုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly