ပြည်မြို့မှာ ယာဉ်ထိန်းရဲကင်းရုံး ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲ အနည်းဆုံးလူ ၆ ဦး ဒဏ်ရာရ

ပြည်မြို့မှာ ယာဉ်ထိန်းရဲကင်းရုံး ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲ အနည်းဆုံးလူ ၆ ဦး ဒဏ်ရာရ

မေ ၁၁

 ပြည်မြို့ ပြည်သူ့ဆေးရုံးကြီးအနီး ရထားသံလမ်းဂိတ် ယာဉ်ထိန်းရဲကင်းမှာ ယနေ့ မေလ၁၁ရက်နေ့ ည ၇ နာရီခွဲမှာ ဗုံးပေါက်ကွဲမှု့ဖြစ်ပွါးခဲ့တာမှာ အနည်းဆုံး လူခြောက်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူများက ပြောသည်။

ယာဉ်ထိန်းရဲကင်းတွင် အစောပိုင်းက မီးလောင်မှုဖြစ်ပွားရာ ရဲ၊ စစ်သားနှင့် မီးသတ်တို့ရောက်ရှိလာချိန်တွင် ဗုံးပေါက်ကွဲမှုနှစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ရာက ထိခိုက်မှုများခဲ့ခြင်းဖြစ်သည်။

 "စဖြစ်တာက အဲ့ယာဉ်ထိန်းရဲကင်းက မီးလောင်တာ၊ အဲ့ဒါကို ရဲနဲ့တပ်ပြီးတော့ မီးသတ်ကလာတာပေါ့ ။ အဲ့မှာ ထပေါက်တာ။ ပထမတလုံး နောက်၁၀မိနစ်ကြာတော့ နောက်တလုံးထပ်ပေါက်တယ် ကျနော့်အမြင်ကတော့ အနည်းဆုံး၆ယောက်လောက်တော့ ထိသွားတယ်ဗျ"ဟု မျက်မြင်တွေ့သူတစ်ဦးကပြောသည်။

ဒဏ်ရာရသူများကို ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံသို့ ပို့ဆောင်ကုသမှုပေးနေသည်။

 ယခုလအတွင်း ပြည်မြို့မှာ ဗုံးပေါက်ကွဲမှု့များ နေ့စဉ်ဆိုသလိုဖြစ်ပွားခဲ့ရာ စစ်ကောင်စီလက်အောက်ခံလက်နက်ကိုင်တွေကလည်း ဒေသခံအရပ်သားများကို ဖမ်းဆီးရိုက်နှက်စစ်ဆေးရာမှာ သေဆုံးမှုများလည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly