မြန်မာ့ကျွန်းသစ်များကို မှောင်ခိုတင်သွင်းသည့် ဂျာမနီကုမ္ပဏီ ဒဏ်ငွေ ဒေါ်လာ ၄ သန်း ချမှတ်ခံရ

မြန်မာ့ကျွန်းသစ်များကို မှောင်ခိုတင်သွင်းသည့် ဂျာမနီကုမ္ပဏီ ဒဏ်ငွေ ဒေါ်လာ ၄ သန်း ချမှတ်ခံရ

မေ ၁၁

ဂျာမနီနိုင်ငံ ဟမ်းဘာ့ဂ်မြို့ အခြေစိုက် သစ်ထုတ်လုပ်မှု ကုမ္ပဏီတစ်ခုဖြစ်သည့် WOB Timber ကို မြန်မာ့ကျွန်းသစ်များ တရားမ၀င် မှောင်ခိုကုန်သွယ်မှုအတွက် ဒဏ်ကြေး ဒေါ်လာ လေးသန်းပေးဆောင်ရန် တရားရုံးတစ်ခုက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

ဧပြီ ၂၇ ရက်က ချမှတ်ခဲ့သည့် ထို တရားရုံး ဆုံးဖြတ်ချက်သည် ဥရောပသမဂ္ဂတွင် ယင်းကဲ့သို့ ပြစ်မှုပုံစံမျိုးအတွက် အမြင့်ဆုံး ဘဏ္ဍာငွေပြစ်ဒဏ်များအနက် တစ်ခု ဖြစ်သည်။

WOB Timber သည် ၂၀၀၈ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်အတွင်း ဒေါ်လာသန်းချီ တန်ဖိုးရှိပြီး မြန်မာနိုင်ငံမှ ကျွန်းသစ်ကုန် ပို့ဆောင်မှု ၃၁ ခုကို တင်သွင်းခြင်းဖြင့် အီးယူ အရေးယူမှုများကို‌ ရှောင်တိမ်းထားခဲ့ကြောင်း ဟမ်းဘာ့ဂ် ဒေသဆိုင်ရာ တရားရုံးက စိစစ် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ကျွန်းသစ် ကုန်ပို့ဆောင်မှုများအနက် အများအပြားသည် ထိုင်၀မ်တွင် ထုတ်လုပ်ပြုပြင်မွမ်းမံပြီး အရေးယူမှုများကို ရှောင်ကွင်းကျော်လွှားရန်အတွက် ယင်းတို့၏ မူရင်းနိုင်ငံကို မြန်မာအစား ထိုင်၀မ်မှ ဖြစ်သည်ဟု ကြေညာခဲ့သည်။

ထို့ပြင် တရားရုံးသည် ကုမ္ပဏီ၏ ဒါရိုက်တာ စတီဖန် ဘူရစ်ချ်ကိုလည်း နေအိမ်အကျယ်ချုပ် ၂၁ လနှင့် ဒဏ်ငွေ ဒေါ်လာ ၂၄၃,၀၀၀ ချမှတ်ခဲ့သည်။

အီးယူအုပ်စုတွင်းသို့ တရားမ၀င် သစ် တင်သွင်းမှုများကို တိုက်ဖျက်ရန် ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေတစ်ရပ်ဖြစ်သော အီးယူ၏ သစ်တင်သွင်းမှုဆိုင်ရာ စည်းမျဥ်း (EUTR) နှင့် ဆက်စပ်ပြီး ပတ်၀န်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) က လုပ်ဆောင်ခဲ့သော စုံစမ်းစစ်ဆေးမှုတစ်ခု၏ ဘောင်အတွင်း ယခု တရားရုံးဆုံးဖြတ်ချက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

EIA သည် ပတ်၀န်းကျင်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများနှင့် အလွဲသုံးစားလုပ်မှုများကို စုံစမ်းစစ်ဆေး တိုက်ဖျက်နေသည့် လန်ဒန်အခြေစိုက် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ယင်း၏ စုံစမ်းစစ်ဆေးမှုများက ဆင်များ၊ သင်းခွေချပ်များနှင့် ကျားများကို အာရုံစိုက်သည့် နိုင်ငံဖြတ်ကျော် တောရိုင်းတိရစ္ဆာန်မှောင်ခိုကုန်သွယ်မှု ပြစ်မှုများ၊ ဆီအုန်းကဲ့သို့သော သီးနှံများအတွက် သစ်တောပြုန်းတီးခြင်းနှင့် တရားမ၀င် သစ်ထုတ်လုပ်မှုကဲ့သို့ သစ်တောဆိုင်ရာ ပြစ်မှုကျူးလွန်မှုများကို ဖော်ထုတ်သည်။

ယခင်ကာလများအတွင်းက တရားမ၀င် သစ် ကုန်သွယ်မှုကို တိုက်ဖျက်ရာတွင် အသုံးပြုနိုင်သည့် နည်းလမ်း နည်းပါးခဲ့သဖြင့် EUTR ကို လိုအပ်ကြောင်း EIA က ပြောသည်။

အဆိုပါ နည်းလမ်းများအနက် တစ်ခုမှာ အရေးယူပိတ်ဆို့မှုများဖြစ်ပြီး  ၂၀၀၈ ခုနှစ်နှင့် ၂၀၁၁ အကြား မြန်မာနိုင်ငံမှ အီးယူထံ သစ် တင်သွင်းမှုများအပေါ် အရေးယူပိတ်ဆို့မှုချမှတ်ထားခဲ့ကြောင်း သိရသည်။ ယခု WOB Timber အပေါ် ချမှတ်သည့် ဆုံးဖြတ်ချက်သည် ထို အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းအတွက် ချမှတ်ခြင်းဖြစ်သည်။

EIA ၏ အဆိုအရ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ချို့ ပိုင်ဆိုင်သည့် ဇိမ်ခံရွက်သင်္ဘောများ ထုတ်လုပ်သည့် စျေးကွက်အတွက် ဥရောပတွင် မြန်မာ့ကျွန်းသစ်ကို အသုံးပြုသည်ဟု သိရသည်။ ထို ၀ယ်လိုအားကြောင့် မြန်မာ့သစ်တောများသည် မကြုံစဖူးသည့် နှုန်းထားတစ်ခုဖြင့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ ၂၀၀၁ နှင့် ၂၀၁၈ အကြား ဘယ်လ်ဂျီယံနိုင်ငံအရွယ်အစားထက် ကြီးမားသော သစ်တော ဧရိယာတစ်ခု ဆုံးရှုံးခဲ့ရကြောင်း EIA က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly