KNU က စစ်ကောင်စီတပ်စခန်း နောက်တစ်ခုကို မနေ့က သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းအမှား

KNU က စစ်ကောင်စီတပ်စခန်း နောက်တစ်ခုကို မနေ့က သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းအမှား

မေ ၁၁

ကရင်အမျိုးသား အစည်းအရုံး (KNU) က အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို မေလ ၁၀ ရက်နေ့က တိုက်ခိုက်သိမ်းယူလိုက်တယ်ဆိုပြီး တင်ထားကြတဲ့ သတင်းမှားတစ်ပုဒ်ကို ပြောပြချင်ပါတယ်။

ကရင်ပြည်နယ်၊ မူတရော်ခရိုင်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရဲ့ သီးမူထာ စစ်စခန်းတစ်ခုကို ကရင်အမျိုးသား အစည်းအရုံး (KNU) က မေလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူ လိုက်တယ်ဆိုပြီး ဗွီဒီယိုဖိုင်နဲ့အတူ T Media ဆိုတဲ့ သတင်းဌာနအမည်ခံ  ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုက စတင်ဖြန့် ဝေထားတာ ဖြစ်ပါတယ်။

အဲဒီသတင်းဗွီဒီယိုဖိုင်ကို ကြိုက်နှစ်သက်ကြောင်း (Like) ပေးသူပေါင်း သုံးသောင်းကျော်ရှိပြီး ဖေစ့်ဘွတ်ဂြုတွေနဲ့ လူမှုကွန်ရက်တွေပေါ်မှာ တဆင့်ခံ ပြန်လည်မျှဝေသူပေါင်း လေးထောင်နီးပါး ရှိနေတာ တွေ့ရပါတယ်။

အဲဒီဗွီဒီယိုဖိုင်ကို မဇ္ဈိမက စစ်ဆေးကြည့်တဲ့အခါ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သီးမူထာ စစ်စခန်းကို KNU က တိုက်ခိုက်သိမ်းယူလိုက်တယ်ဆိုတာ မှန်ကန်ပေမယ့် မေလ ၁၀ ရက်နေ့မှာ သိမ်းယူလိုက်တယ်ဆိုတာက မှားယွင်းတဲ့အချက် ဖြစ်ပါတယ်။ 

KNU က သီးမူထာ စစ်စခန်းကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီ တပ်စခန်း နောက်တစ်ခုကို မနေ့က သိမ်းယူလိုက်တယ်ဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက အာဏာသိမ်းစစ်ကောင်စီရဲ့ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲပြီး လူထုထောက်ခံမှုကို တခဲနက် ရရှိလာနေချိန် တိုင်းရင်းသားလက်နက်ကိုင် တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ပေ့ချ်အတု၊ အကောင့်တုတွေက သတင်းမှား ဖြန့်ဝေလာနေကြတာ တွေ့ရပါတယ်။

ဒါကြောင့် သတင်းတွေကို အလွယ်တကူ Like ပေးတာ၊ မှတ်ချက်ပေးတာနဲ့ ပြန်လည်မျှဝေတာတွေကို မလုပ်ကြဖိုနဲ့ တရားဝင်သတင်းဌာနတွေက တက်လာတဲ့ သတင်းတွေ စောင့်ကြည့်ပေးကြဖို့ လိုအပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly