နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၀ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၀ မေ ၂၀၂၁)
ပုံ - မန္တလေးမြို့ရှိ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အားထောက်ခံကြောင်း လက်သုံးချောင်းထောင် ဆန္ဒဖော်ထုတ်သည့် မြင်ကွင်း(Photo - EPA)

ရန်ကုန်တိုင်းဒေသကြီး

• လှိုင်သာယာ (၃) ရပ်ကွက်မှ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းမှာ ယမန်နေ့ညပိုင်းက ဓားခုတ်ခံရသည့်အတွက် ဆေးရုံမရောက်မီ သေဆုံးသွားသည်။

• ရန်ကုန်မြို့ခံ လူငယ်အချို့က "စကားပြောသော သေနတ်များ" အမည်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ် ရပ်ပြုလုပ်ခဲ့သည်။

• မြောက်ဥက္ကလာပမြို့နယ် လမ်းမကြီးများပေါ်တွင် ရန်ကုန်မြို့နယ်ပေါင်းစုံလူငယ်များက အင်အား ၁၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ မြို့နယ်စုံ သပိတ်စစ်ကြောင်းတွင် စမ်းချောင်း၊ ကြည့်မြင်တိုင်နှင့် လှိုင်မြို့နယ်တို့မှ လူငယ်စစ်ကြောင်းများ ပါဝင်သည်။

• တောင်ဒဂုံလူငယ်အချို့ကလည်း စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ပုဇွန်တောင်မြို့နယ်တွင်းရှိ ပြည်သူများအား စစ်အုပ်စုအကြမ်းဖက်ခြင်းမှ ကာကွယ်ရန်နှင့် NUG အစိုးရက တည်ထောင်လိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF နှင့် ချိတ်ဆက်လုပ်ကိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပုဇွန်တောင်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ မင်္ဂလာဒုံနှင့် ရန်ကင်းမြို့နယ်များတွင်လည်း အလားတူ ဖွဲ့စည်းထားပြီး ဖြစ်သည်။

• သန်လျင် ရေနံချက်စက်ရုံမှ CDM ဝင်နေသည့် ပြည်သူ့ဝန်ထမ်းများအား ဖိအားပေးနေသည့် အရာရှိနှင့် ဝန်ထမ်း ၁၆ ဦးကို လူ့အသိုင်းအဝိုင်းက ဖယ်ထုတ်ကာ ဆက်လက်လုပ်ဆောင်ပါက လုပ်ဆောင်သူနှင့် လုပ်ဆောင်သူ၏ မိသားစုဝင်များကိုပါ ပြစ်ဒဏ်ပေးမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - သန်လျင်က ထုတ်ပြန်ထားသည်။

• ယနေ့ နေ့လယ် ၂ နာရီခန့်က သန်လျင်မြို့နယ် ကျေးလက်ကျန်းမာရေးရုံးရှေ့လမ်းပေါ်တွင် အိမ်စီးကားတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ ထိခိုက်သူ မရှိခဲ့ကာ ယာဉ်ပိုင်ရှင်မည်သူဖြစ်ကြောင်းကို ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး

• ညောင်ဦး၊ သစ်ထောင့်အုပ်စု သစ်ထောင့် (တောင်) ရွာနေ ကျောင်းသားလူငယ်နှင့် မိဘပြည်သူများက စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• မန္တလေး တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ယနေ့အစောပိုင်းက လမ်းပေါ်တက်လာကာ "သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့သည်။ စစ်ကြောင်းတွင် ပညာရေး၊ မန္တလေးတက္ကသိုလ် တကသ၊ အ.ထ.က (၂၇) နှင့် အ.ထ.က (၂၆) ကျောင်းသားဟောင်း၊ အမရပူရကျောင်းသားများ သမဂ္ဂနှင့် ဒေါင်းစစ်သည် စသည့် သပိတ်စစ်ကြောင်းများ ပါဝင်သည်။

• မြို့လယ်ခေါင် စာသင်ကျောင်းများတွင် အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်များ တပ်စွဲထားသည့်ကြားကပင် ကျောက်ပန်း တောင်းမြို့နယ်နေ ပြည်သူနှင့် ကျောင်းသားလူငယ်များကို "ကြောက်ခေတ်ကို မှောက်ပစ်မဲ့ ကျောက်ပန်းတောင်း" ဆိုင်း ဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မြင်းခြံတွင် စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ည သန်းခေါင်ကျော်အချိန်မှစ၍ ယနေ့နံနက်အစောပိုင်းအချိန်အထိ မြင်းခြံမြို့ပေါ်ရပ်ကွက်နှင့် မြို့အနီးတဝိုက်ရှိ ကျေးရွာတွင် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ မြို့ပေါ် (၁၃) ရပ်ကွက်နေ အမျိုးသားတစ်ဦး၊ ချောင်းဒေါင်း (အမှတ် ၂၀) နေ အမျိုးသမီးတစ်ဦးနှင့် လေးအိမ်တန်းအနီး ဘောလုံးကျေးရွာမှ အမျိုးသား တစ်ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။

• မိတ္ထီလာတွင် စစ်အုပ်စုဘက်က လက်နက်သုံးပစ်ခတ်ဖြိုခွင်းမှုများ ရှိခဲ့သည့်ကြားကပင် မြို့ခံလူငယ်နှင့် ပြည်သူများက စစ် အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယနေ့နံနက် ၄ နာရီခန့်ကလည်း မိတ္ထီလာ၊ စည်းခုံကြီး ပခုက္ကူကျောင်းတွင် စစ်ကား လေးစီး၊ ရဲကားသုံးစီး၊ အရပ်ဝတ်များ စီးနင်းလာသည့် ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာကာ ဒေသခံငါးဦးအား အင်အားသုံး ဝင်ရောက်စီးနင်း ဖမ်းဆီးသွားသည်ဟု သိရသည်။

• ညောင်ဦးတွင်လည်း ဒေသခံ ကျောင်းသားများနှင့် မိဘပြည်သူများက စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မိုးကုတ်နေ လူငယ်များကလည်း စစ်အုပ်စုဘက် ဖမ်းဆီးမှုများရှိသည့်ကြားကပင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပျောက်ကြားသပိတ်ပြုလုပ်၍ ရနိုင်သမျှနည်းဖြင့် ဆန့်ကျင်တော်လှန်လျက် ရှိသည်။

• မန္တလေး၊ သိပ္ပံလမ်း (၇ – ၈ လမ်းကြား) ရှိ အိမ်စီးကားနှင့် ဆိုင်ကယ်များအတွက် လိုင်စင်ပြုလုပ်ပေးသည့် ကညနရုံးတွင် နေ့လယ် ၁၁ နာရီခွဲခန့်က လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဟု သိရသည်။ ပေါက်ကွဲမှုများ ဆက်တိုက် ရှိနေသည့် မန္တလေးတွင် ယမန်နေ့ညပိုင်းက စိန်ပန်းနှင့် မနော်ဟရီဘက်တွင် အကြမ်းဖက်စစ်အုပ်စု လက်နက် ကိုင်များက ဧည့်စာရင်းအကြောင်းပြကာ ၎င်းတို့ သံသယရှိသည့် နေအိမ်များအား ဝင်ရောက်စီးနင်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးခံရသူ မရှိခဲ့ဟု မန္တလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ နန်းရှေ့အပါအဝင် ရပ်ကွက်ရုံးအချို့တွင်လည်း နေ့လယ်ပိုင်းများ၌ အရပ်ဝတ်များဖြင့် ဝင်ထွက်မှုများ ခပ်စိပ်စိပ်ရှိလာနေသည်ဟုလည်း ၎င်းက ဆိုသည်။

• မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းအနီးတွင် မန်းတကသ သပိတ်စစ်ကြောင်းက "သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ"၊ "လုံးဝ အုပ်ချုပ်ခွင့်မရစေရ" စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။

• မန္တလေးတွင် ယနေ့နေ့လယ်ပိုင်းက လေးပြင်ရပ်သံဃာတော်များ ပါဝင်သည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း ယမန်နေ့က ဖမ်းဆီးခံခဲ့ရသည့် မသန်စွမ်းအမျိုးသား ကိုစိုင်းအတွက် ရည်ရွယ်၍ "ငါတို့ ဝှီးချဲ ငါတို့ ပြန်ပေး" ဆိုင်းဘုတ်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန်း၊ အမရပူရမြို့နယ်တွင်း ကျောင်းအချို့တွင်လည်း စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း သွေးသပိတ် ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်၊ စည်ပင်ပိုင်ပန်းခြံတွင် ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံက ကျဆုံးခဲ့သည့် သူရဲကောင်းများအား ဂုဏ်ပြုသည့်အနေဖြင့် တည်ဆောက်ထားသည့် ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုင်အား အကြမ်းဖက်စစ်အုပ်စုက ယမန်နေ့ညပိုင်းက ဖျက်ဆီးလိုက်ပြီ ဖြစ်သည်။

• ဝေါမြို့နယ်တွင် CDM ဝင် ပညာရေးဝန်ထမ်းများကြောင့် လစ်လပ်နေသည့် ဆရာ/ဆရာမများနေရာတွင် နေ့စားဝန်ထမ်းများ ခန့်ထားမည်ဖြစ်၍ တက္ကသိုလ်ဝင်တန်းအောင်နှင့် ဘွဲ့ရများ လာရောက်လျှောက်ထားရန် ကျေးရွာအုပ်ချုပ်ရေးမှူးများ က တစ်ဆင့် လိုက်လံကြညာလျက် ရှိသည်။

• ပြည်ခရိုင်အတွင်းတွင်လည်း အခြေခံပညာကျောင်းများ ပြန်ဖွင့်ရန်အတွက် နေ့စား လပေး ဆရာများ ခန့်အပ်ရန်နှင့် လိုအပ် သည့် စောင့်ရှောက်မှုများပေးရမည်ဟုဆိုကာ ခရိုင်ပညာရေးမှူးရုံးက ညွှန်ကြားထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး

• တမူးမြို့ စျေးတန်း (၁၀) ရပ်ကွက် အာရှလမ်းမဘေးတွင် မော်တာပြင်ဆိုင် ဖွင့်ထားပြီး ဒေသခံများက စစ်အုပ်စုသတင်းပေး ဟု သတ်မှတ်ထားသည့် နေအိမ်တွင် ယမန်နေ့ည ၈ နာရီခွဲခန့်က ဗုံးပစ်ခံရသည်ဟု သိရပြီး ထိခိုက်မှု တစုံတရာ မရှိခဲ့ပေ။

• ကနီမြို့နယ်၊ အောင်မင်္ဂလာရွာအနီးတွင် တောတွင်းပုန်းအောင်းနေရသည့် ဒေသခံစစ်ဘေးရှောင်များအား အကြမ်းဖက်စစ် အုပ်စုဘက်က ယနေ့နံနက် ၃ နာရီခန့်က ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ အယောက် ၂၀ ထက်မနည်းကို ဖမ်းဆီးသွားကြောင်း သိရသည်။ ကျန်စစ်ဘေးရှောင်များမှာလည်း တကွဲတပြားစီဖြင့် ထွက်ပြေးနေကြရသည်။ ထို့ပြင် ယနေ့ နေ့လယ် ပိုင်းကလည် ကနီမြို့နယ်၊ သမင်ခြံရွာ အနောက်တောပြင်ရှိ ဒေသခံ ၁၃ ဦးကိုလည်း စစ်အုပ်စုလက်နက်ကိုင်များက လာ ရောက်ဖမ်းဆီးသွားကာ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုမူ မသိရသေးပေ။ ဖမ်းဆီးခံရမှုများ ဆက်တိုက်ရှိနေသည့် ကနီမြို့နယ်တွင် ပြည်သူ့ဝန်ထမ်းများ ကာကွယ်ရန်၊ စစ်အုပ်စုအား ပျောက်ကြားစနစ်ဖြင့် ဆန့်ကျင်ခုခံရန်၊ အခြားမြို့နယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ NUG/PDF တို့နှင် ပူးပေါင်းချိတ်ဆက်ရန် ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းဒေသရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းများ ပူးပေါင်းထားသည့် လူအင်အား ထောင်နဲ့ချီ ပါဝင်သည့် ပင်မသပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ကျေးရွာများတွင်း လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ကသာတွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ကောလင်းတွင် ဒေသခံပြည်သူများက အကြမ်းဖက်စစ်အုပ်စုအား ပြန်လည်ခုခံရန်အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကောလင်းကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ စစ်ကိုင်းတိုင်းတွင် ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်များတွင် အလားတူ ဖွဲ့စည်းပြီး ဖြစ်သည်။

• အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးအချို့ တိုးမြှင့်ချထားသည့်ကြားကပင် ကလေးမြို့ခံ လူငယ်နှင့် မိဘပြည်သူများက စစ် ကြောင်းလေးကြောင်းခွဲကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယမန်နေ့ည ၈ နာရီခွဲခန့်ကလည်း မြို့တွင်းမှ ပြန်လာသည့် လူငယ်လေးဦးအား စစ်အုပ်စုဘက်က ဖမ်းဆီးထားသည်ဟု ကလေးမြို့ခံတစ် ဦးက အတည်ပြု ပြောဆိုသည်။

• စစ်ကိုင်းမြို့နယ်၊ ရေခါးကျေးရွာတွင်လည်း ယနေ့နံနက်ပိုင်းက "မိဘတွေကို တောင်းပန်ပါတယ် - ကလေးတွေကို ကျောင်း မအပ်ပါနဲ့" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ယင်းမာပင်မြို့နယ်၊ ရွှေပန်းခိုင်နှင့် သဲတောကြီးရွာတို့တွင်လည်း ပညာရေးဝန်ထမ်းများနှင့် အခြေခံပညာကျောင်းသားများက စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ ရင်ပေါင်တိုင်ကျေးရွာနေ ပြည်သူများကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်တိုင်ကျေးရွာတွင်လည်း ဒေသခံကျောင်းသားများနှင့် မိဘပြည်သူများက စစ်ကျွန် ပညာရေးစနစ်ကို ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ထီးချိုင့်၊ မြတောင်ရွာတွင်လည်း ဒေသခံလူငယ်များက စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• တန့်ဆည်တွင် ဒေသခံများက ဖမ်းဆီးခံခေါင်းဆောင်များ လွှတ်ပေးရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးစံပြရွာတွင်လည်း ကျောင်းသား၊ ဆရာ၊ မိဘပြည်သူ အင်အား ၂၀၀ ကျော် စုပေါင်းကာ စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• အရာတော်မြို့နယ်ပိုင် လိန်လှရွာတွင်လည်း ဒေသခံများနှင့် ကျောင်းသား/သူများက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း လူအင်အား ရာနှင့်ချီ၍ ဆန္ဒပြခဲ့ကြသည်။

• စစ်အုပ်စုပစ်ခတ်မှုကြောင့် လူသေဆုံးမှုရှိခဲ့သည့် မြင်းမူမြို့နယ်တွင်းရှိ တောချောင်းဦးကျေးရွာတွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ်နှင့် ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ကြောင်း သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး

• ပခုက္ကူ၊ ကမ္မမြို့နေ သံဃာ၊ ဆရာ၊ မိဘပြည်သူနှင့် ကျောင်းသားလူငယ်များက စစ်အာဏာရှစ်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• နတ်မောက်မြို့နယ်တွင်း ကျေးရွာ ၁၆ ရွာ စုပေါင်းသပိတ်စစ်ကြောင်းကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• ဂန့်ဂေါတွင်လည်း ကျောင်းသားနှင့် မိဘပြည်သူများက အင်အား ၂၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ချောက်မြို့နယ်တွင် CDM ဝန်ထမ်းနှင့် ပြည်သူများကို အကြမ်းဖက်စစ်အုပ်စု ဖိနှိပ်ခြင်းမှ စောင့်ရှောက်ရန်အတွက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်တွင် ဒေသခံရာနှင့်ချီသည့် ပင်မသပိတ်စစ်ကြောင်းက အိင်္ကျီအဖြူများ ဆင်တူဝတ်ဆင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း White Shirt Campaign ပြုလုပ်ခဲ့သည်။ ပင်မသပိတ်စစ်ကြောင်းတွင် ထားတယ်တပ်ပေါင်းစု၊ အင်ဂျင်နီယာနှင့် ပညာရေးဝန်ထမ်းသပိတ်စစ်ကြောင်းများ ပါဝင်သည်။

• လောင်းလုံမြို့နယ်နေ ပြည်သူများက နေ့စဉ်မပျက် လမ်းများပေါ်တက်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ လောင်းလုံမြို့နယ်တွင်းရှိ ဝဗျော၊ ကုန်းဇရပ်၊ မောင်းမကန်၊ ကြက်ယက်တွင်း၊ ဝေဒီ၊ ပန်းဒလဲ၊ အင်းဇောက်၊ ပန်းတင်အင်း၊ ရာဟောင်းဝ၊ မဲမော် စသည့် ကျေးရွာများတွင်လည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ်အား ဆန့်ကျင် ကြောင်း တော်လှန်ဆန္ဒပြခဲ့ကြသည်။

• ရေဖြူ၊ ကံပေါက်နေ ပြည်သူများကလည်း အင်အား ၁၅၀ ခန့်ဖြင့် အဖြူရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေး၊ စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ နဘုလယ်ဒေသခံများက ယနေ့နံနက်ပိုင်းက ကျေးရွာစစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။ ပိန်းရှောင်ကျေးရွာအုပ်စုတွင်လည်း ဒေသခံများက ကျေးရွာများအတွင်း ဆိုင်ကယ်များဖြင့် လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။

• သရက်ချောင်း၊ ကနက်သီရိကျေးရွာတွင်လည်း လူငယ်များက "အပျော်တွေ ရပ်သင့်ပြီ"၊ "ရွံ့ပျော့တွေ မဟုတ်တော့ဘူး...ဖုတ်ပြီးသားအိုးတွေ ဖြစ်နေပြီ...ပြင်ချင်တိုင်း ပြင်လို့ မရဘူး- Gen Z” စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာ ဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။

• မြိတ်မြို့တွင်လည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း လူထုသပပိတ်ကို လူစည်ကားရာစျေးများ၌ ဒေသခံများက ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

• ပုသိမ်၊ ငွေဆောင်မြို့၊ ဘူးကွဲကြီးတွင်လည်း ဒေသခံများက ဒေသတွင်းကျောင်းများရှေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိ ကြောင်း သွေးသပိတ်ပြုလုပ်ခဲ့သည်။

• ပုသိမ်တက္ကသိုလ်တွင် မေလ ၅ ရက်က အတန်းအချို့အား ဖွင့်လှစ်ခဲ့ရာ ကျောင်းပြန်တက်သူ ၁၀ ရာခိုင်နှုန်းကျော်ရှိကာ ၉၀ ရာခိုင်နှုန်းက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

မွန်ပြည်နယ်

• ကျိုက်မရောမြို့အဝင် ဘီးခွန်ကောက်ခံသည့် ဂိတ်နှင့် မြို့အဝင် ဆိုင်းဘုတ်များတွင် ဒေသခံများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ပြသသည့် အနေဖြင့် ဆေးနီများ ပတ်ဖြန်း၍ "သွေးမအေးဘူး" စာသားများရေးကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။

• မော်လမြိုင်မြို့ပေါ် ကျောင်းအချို့ အဝင်ဆိုင်းဘုတ်များတွင် ဒေသခံလူငယ်များက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း စာများရေးကာ ဆေးနီများ ပတ်ဖြန်း၍ သွေးသပိတ် ပြုလုပ်ခဲ့သည်။

• ပေါင်မြို့ နယ်ခံကျောင်းသားနှင့် ပြည်သူများကလည်း သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ဘီးလင်းမြို့နယ်၊ ကင်းရွာ အ.ထ.က ကျောင်းတွင်လည်း ဒေသခံများက စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင် သွေးသပိတ် ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်

• မတူပီတွင် အကြမ်းဖက်စစ်အုပ်စုဘက်က မင်းတပ်၊ ပလက်ဝနှင့် ဟားခါးမြို့များသို့ ဆက်သွယ်ထားသည့် လမ်းသုံးခုတွင် လုံခြုံရေးဂိတ်များ ထားရှိကာ စစ်ဆေးမှုများ ဆက်တိုက်လုပ်နေပြီး မတူပီဘက်သို့ ဝင်လာသူများကိုလည်း မှတ်ပုံတင်၊ ရပ်/ကျေးထောက်ခံစာပါမှ သွားလာခွင့်ပြုနေကြောင်း သိရသည်။

ကချင်ပြည်နယ်

• မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာနှင့် တောင်စိမ်းမှော်တို့တွင် စစ်အုပ်စုသတင်းပေးဟု ယူဆရသူနှစ်ဦး သေနတ်ဖြင့် အနီး ကပ်ပစ်သတ်ခံခဲ့ရသည်။ မော်ဟန်ကျေးရွာ ဘူတာစုရပ်ကွက်နေ ယခင် ဆယ်အိမ်မှူးလုပ်ခဲ့ဖူးသူ ဦးတင်ဇောယုဆိုသူအား ဒေသခံမဟုတ်သည့် မျက်နှာစိမ်းလူနှစ်ဦးက အိမ်ထဲထိဝင်၍ အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ယင်းရွာနှင့် တစ်နာရီခန့် ဆိုင်ကယ်ဖြင့်သွားရသည့် တောင်စိမ်းမှော်တွင်းတွင်လည်း နောက်ထပ်တစ်ဦး ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

• မိုးညှင်းမြို့ပေါ်တွင် ယနေ့နံနက်ပိုင်း နွေဦးတော်လှန်ရေးအလံများ လွှင့်ထူကာ ဒေသခံများက စစ်အာဏာရှင်စနစ် အပြီး တိုင်ချုပ်ငြိမ်းရေးအတွက် ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• မြစ်ကြီးနား၊ ဒူကထောင်ရှိ ပညာရေးကောလိပ်အနီးတွင် ယနေ့နံနက် ၃ နာရီခန့်က ပေါက်ကွဲမှုများဖြစ်ပွားကာ သေနတ်သံ များလည်း ကြားခဲ့ရကြောင်း ဒေသခံများ ပြောစကားကို ကိုးကား၍ ကချင်အခြေစိုက် သတင်းမီဒီယာများက ရေးသားထား သည်။
• ဖားကန့်၊ မမုံကျေးရွာတွင် ယနေ့နံနက် ၅ နာရီခန့်က စစ်နှင့် ရဲကား ကိုးစီးခန့်ဖြင့် အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ပြည်သူများ၏ နေအိမ်မျာသို့ ချိုးဖျက်ဝင်ရောက်ကာ ဆန္ဒပြသပိတ်ခေါင်းဆောင် ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသွားသည်ဟု သိရပြီး ဖမ်းခံရသူများထဲတွင် ကလေးနှင့် ကလေးမိခင်များလည်း ပါဝင်သည်ဟု သိရသည်။

• ဖားကန့်၊ အေးမြသာယာ မှော်ပေါင်းစုံသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်။ တာမခန်မြို့သစ်နေ ကျောင်းသားနှင့် မိဘပြည်သူများကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မိုးမောက်၊ အလောဘွမ်တောင်ဘက်တွင် အကြမ်းဖက်စစ်အုပ်စု တပ်မ ၅၅ နှင့် ၈၈ တို့ဘက်က နောက်ထပ် ၃၀၀ ခန့် အင်အားတိုးထားကြောင်း သိရသည်။ လက်ရှိတွင် စစ်အုပ်စုဘက်က KIA သိမ်းပိုက်ထားသည့် တာဝါတိုင်ကင်းစခန်းအား ပြန်လည်သိမ်းယူထားကာ အလောဘွမ်စခန်းအား အပြီးသတ် သိမ်းယူရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရ သည်။ စစ်အုပ်စုဘက်က အဆိုပါတာဝါတိုင်စခန်း ပြန်ရရန်အတွက် လေကြောင်းပစ်ကူများပေး၍ နေ့စဉ်ရက်ဆက် အကျအဆုံးအများအပြားခံကာ ပြန်လည်သိမ်းယူခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ အင်အားဖြည့်လာသည့် စစ်အုပ်စုစစ်ကြောင်းမှာ ယနေ့နံနက် ၄ နာရီခွဲခန့်က KIA ဘက်က ထောင်ထားသည့် မိုင်းနင်းမိခဲ့ကာ အပြန်အလှန်ပစ်ခတ်မှုအချို့လည်း ရှိခဲ့သည်။

• မိုးကောင်းမြို့နယ်နေ ပြည်သူများက ယမန်နေ့ညပိုင်းက အကြမ်းဖက်စစ်အုပ်စုဘက်က ခြိမ်းခြောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည့်ကြားကပင် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်ပြုလုပ်၍ လမ်းများပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• နမ္မတီးဒေသခံများကလည်း အင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော် ခဲ့သည်။

• ပူတာအိုခရိုင်၊ နောင်မွန်ဒေသတွင် KIA နှင့် NLD အား တိုက်ခိုက်ရန်အတွက် ကြံ့ခိုင်ရေးပါတီဝင်များက ဌာနပြည်သူ့စစ်များထံမှ လက်နက်များ တောင်းဆိုထားသည်ဟု သတင်းများ ထွက်ပေါ်နေပြီး လူငယ် ၂၀ ဦးခန့်လည်း စစ်သင်တန်းတက်နေ သည်ဟု သိရသည်။

• ဗန်းမော်ရှိ ကျန်းမာရေးဝန်ထမ်းများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ရွှေကူတွင် KIA ပစ်ခတ်မှု ခံခဲ့ရသည့် "ပေါက်တန်း" သင်္ဘောတာဝန်ရှိသူများ ထွက်ပြေးသွားသည့်အတွက် ဗန်းမော်သို့ ကုန်ပစ္စည်းနှင့် အကျဉ်းသား ၁၈ ဦး ပို့မည့်အစီအစဉ်အား ဖျက်သိမ်းလိုက်ရသည်ဟု သိရသည်။

ကရင်ပြည်နယ်

• မြဝတီခရိုင်အတွင်း နွေဦးတော်လှန်ရေးကာလအတွင်း အသက်ပေးခဲ့ရသည့် ဘာသာပေါင်းစုံ သူရဲကောင်းများ၏ ပေးဆပ်မှုကို ထောက်ထား၍ အီးဒ်နေ့တွင် ပျော်ပွဲရွှင်ပွဲ မလုပ်ဆောင်ကြရန် မြို့နေ အစ္စလာမ်ဘာသာဝင်လူငယ်များက နှိုးဆော်ထားသည်။ ယင်းသို့ နှိုးဆော်မှုကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့နေ အစ္စလာမ်ဘာသာဝင်လူငယ်များက လုပ်ဆောင်ထားဖူးသည်။

• စစ်အုပ်စုက နယ်စပ်များမှ ဆိုင်ကယ်လိုင်စင်လျှောက်ထားမှုနှင့် ဆိုင်ကယ်တင်သွင်းခွင့်များ ပိတ်ပစ်လိုက်သည့်အတွက် မြဝတီနယ်စပ်ရှိ ဆိုင်ကယ်အရောင်းဆိုင်မားအားလုံးနီးပါး ပိတ်သွားပြီ ဖြစ်သည်။

• KNUထိန်းချုပ်ရာနယ်မြေများအတွင်း စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ်များ ဝင်ရောက်မှုများ ရှိလာပြီးနောက် သက်ဆိုင်ရာအစုအဖွဲ့များအနေဖြင့် အပစ်ရပ် NCA စာချုပ်ပါ မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံး၍ ငြိမ်းချမ်း ရေးထိန်းသိမ်းကြရန် တိုက်တွန်းကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူစေးဖိုးက သဘောထား ထုတ်ပြန်လိုက်သည်။

ကယားပြည်နယ်

• လွိုင်ကော်မြို့၊ တောင်ကွဲစေတီအနီးနှင့် စျေးပိုင်းရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရုံးတွင် ယနေ့နံနက် ၁ နာရီကျော်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်အုပ်စုဘက်က ဖြတ်သန်းသွားလာသည့် လူနှင့် ဆိုင်ကယ်များကို တားဆီး စစ်ဆေးခဲ့သည်။

• လွိုင်ကော်၊ ကုန်းသာအုပ်စု၊ ဝါရီကောခူ အထက်တန်းကျောင်းရှေ့တွင် ဒေသခံများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း သွေးသပိတ် ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်

• တောင်ကြီးလူငယ်များကလည်း "လုံးဝအုပ်ချုပ်ခွင့်မရစေရ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် သပိတ်စစ်ကြောင်းဖွင့် တော်လှန်ခဲ့သည်။ တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် သရေခေတ္တရာလမ်းနေ ပြည်သူတစ်ဦးနှင့် အနောင်မြို့ပတ်လမ်းနှင့် ချယ်ရီကွင်းဟိုတယ်လမ်းဆုံတို့တွင်လည်း အနည်းဆုံး သုံးဦးတို့အား စစ်ကောင်စီလက်နက်ကိုင်များက ယမန်နေ့ညပိုင်းက ဖမ်းဆီးသွားသည်။

• ကျောက်မဲမြို့ခံလူငယ်များကလည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့ သည်။

• ဟိုပုံးတွင် ဒေသခံများက NUG အစိုးရအဖွဲ့ ခေါင်းဆောင်များ မျက်နှာဖုံး ဝတ်ဆင်ကာ စစ်အာဏာရှင်စနစ်ကို တော်လှန်သည့် ကာတွန်းပုံများ ကိုင်ဆောင်၍ ကာတွန်းသပိတ် ပြုလုပ်ခဲ့သည်။

• ရှမ်းမြောက်ဒေသ နမ့်ခမ်းတွင်လည်း လူငယ်များ ဦးဆောင်သည့် သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင် အပြီးတိုင် ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ကျိုင်းတုံမြို့နယ်တွင်း ကျောင်းအချို့ရှေ့၌လည်း ဒေသခံများက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း သွေးသပိတ်ပြုလုပ်ခဲ့ သည်။

နေပြည်တော်

• နေပြည်တော်၊ ပျဉ်းမနား မြို့မစျေးအတွင်း၌ ပျဉ်းမနား ကျောင်းသားသမဂ္ဂနှင့် ဒေသခံများက စစ်အာဏာရှင်စနစ်ဆန့်ကျင် ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

မေ ၁၀ သုံးသပ်ချက်

• ရန်ကုန်တွင် နေ့စဉ်မပျက် ထွက်နေသည့် မြို့နယ်စုံလူငယ်သပိတ်စစ်ကြောင်း ပုံမှန်ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းသည့် မြို့နယ်များ များပြားလာနေပြီ ဖြစ်သည်။ သပိတ်များထက် စစ်အုပ်စုဒလံရှင်းလင်းရေးနှင့် စစ်အုပ်စု မလုံခြုံရေး လှုပ်ရှားမှုများ ပိုမိုအားကောင်းလာနေကာ စစ်အုပ်စုကလည်း နေ့ခင်းပိုင်းများတွင်ပါ နေအိမ်များထဲထိ ဝင်၍ ဖမ်းဆီးမှုများ လုပ်လာနေသည်။

• မန္တလေးတွင် သပိတ်ကြီးများ အားကောင်းလျက်ရှိကာ လူအင်အား ပိုမိုများပြားလာလျက် ရှိသည်။ စစ်အုပ်စုဘက်က စျေး များတွင် အခွန်ကောက်ရေးနှင့် ရပ်ကွက်ရုံးများ ဖွင့်နိုင်ရေးအတွက် အာရုံစိုက်နေပြီး ခုခံအားကောင်းသည့် မြို့နယ်များတွင် ညပိုင်းဖမ်းဆီးမှု ပိုလုပ်လာလျက်ရှိသည်။

• ရန်ကုန်၊ မန္တလေးအပ အခြားနယ်မြို့ကြီးများတွင် သပိတ်များ အားကောင်းလျက်ရှိရာ ကျေးရွာသပိတ်များမှာလည်း လူအင်အား ရာနှင့်ချီသည်အထိ အားကောင်းလာလျက် ရှိသည်။ စစ်အုပ်စုက လက်နက်ဖြင့် ပြန်ခုခံသည့်ဒေသများတွင် အင်အားသုံး ပစ်ခတ်ဖြိုခွဲမှုများကို ဆက်တိုက်လုပ်ဆောင်နေပြီး ပြည်သူများဘက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်းကာ ချိတ်ဆက်လုပ်ဆောင်မှုများ ရှိလာသည်။ စစ်အုပ်စုက ခုခံအားကောင်းသည့်၊ ခုခံအားကောင်းလာမည့် ဒေသများတွင် ထင်ပေါ်လူသိများသည့်သူများအား သေဆုံးသည်အထိ နှိပ်စက်ပြခြင်းဖြင့် အကြောက်တရားသွင်းရန် ကြိုးစားလာ နေသော်လည်း အောင်မြင်နိုင်ဖွယ် အခြေအနေ မရှိဖြစ်နေသည်။

• စစ်အုပ်စုဘက်က ယိုယွင်းနေသည့် စီးပွားရေးတည်ဆောက်ရန်နှင့် အုပ်ချုပ်ရေးယန္တရား ပြန်တည်ဆောက်ရန် လုပ်ဆောင်နေကာ လာမည့် လအတွင်း အခြေခံပညာကျောင်းများ ပြန်ဖွင့်နိုင်ရေးအတွက် သင်ကြားရေးဝန်ထမ်းများ ရှာဖွေခန့်ထားရန် လုပ်ဆောင်နေသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly