လူထုကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ Live သတင်းတုတွေ

လူထုကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ Live သတင်းတုတွေ
ဓာတ်ပုံ- (Live အတုလွှင့်နေတဲ့ လှိုင်သာယာဖြစ်စဉ်က ဗွီဒီယိုဖိုင်တစ်ခုကို လူပေါင်း နှစ်သောင်းကျော် ကြည့်ရှုနေကြတာ ဖြစ်ပါတယ်။)

မေ ၁၀

အာဏာသိမ်း စစ်ကောင်စီက သတင်းဌာနတွေကို လိုင်စင်ပိတ်သိမ်းတာ၊ သတင်းအမှောင်ချဖို့ ကြိုးစားနေချိန်မှာ လူထုကို ထင်ယောင်ထင်မှားဖြစ်စေတဲ့ တိုက်ရိုက်ထုတ်လွှင့်မှု (Live) သတင်းတုတွေကို တွေ့လာရပါတယ်။ အာဏာသိမ်း စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ ရုပ်သံဖိုင် အဟောင်းတွေကို လက်ရှိဖြစ်နေတဲ့ ပုံစံမျိုးနဲ့ Live သတင်းအတုဖန်တီးပြီး အကောင့်အတုတွေကနေတဆင့် ထုတ်လွှင့်နေကြတာ ဖြစ်ပါတယ်။

အထူးသဖြင့် အဲဒီ Live သတင်းတုတွေဟာ လူပေါင်း လေးဆယ်ထက်မနည်း သေဆုံးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ ရန်ကုန်တိုင်း လှိုင်သာယာဖြစ်စဉ်တုန်းက ရိုက်ထားခဲ့တဲ့ ဗွီဒီယိုဖိုင်တွေနဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း ဖြစ်စဉ်က ဗွီဒီယိုဖိုင်တွေကို အခုဖြစ်နေတဲ့ ပုံစံမျိုးနဲ့ Live အတုဖန်တီး ထုတ်လွှင့်နေကြတာ တွေ့ရပါတယ်။

အဲဒီလို ဖန်တီးထားတဲ့ Live အတုတွေကို တိုက်ရိုက် ကြည့်ရှုသူပေါင်း နှစ်သောင်းအထက်မှာ ရှိနေပြီး ဖေ့စ်ဘွတ်ဂြုတွေမှာ ပြန်လည်မျှဝေသူပေါင်းကလည်း သုံးထောင်ထက် မနည်းရှိနေတာ တွေ့ရပါတယ်။ Live သတင်းတုအောက်မှာ တချို့က ဗွီဒီယိုအဟောင်းတွေ ဖြစ်တဲ့အကြောင်း မှတ်ချက်ပေးကြတာ တွေ့ရသလို လက်ရှိဖြစ်နေတဲ့အထင်နဲ့ ပြန်လည်မျှဝေနေကြသူတွေကိုလည်း တွေ့ရပါတယ်။

အခုလို Live သတင်း အတုတွေဟာ ပျံ့နှံလွယ်ပြီး သတင်းဖောင်းဖွမှုကို ဖြစ်စေသလို သတင်းအမှန်တွေ ပြည်သူလူထုဆီ အချိန်နဲ့ တပြေးညီရောက်နိုင်ဖို့ နှောင့်နှေးကြန့်ကြာမှုတွေလည်း ဖြစ်စေနိုင်ပါတယ်။ 

ဒါကြောင့် Live ပုံစံဖန်တီးထားတဲ့ သတင်းတုတွေကို ပြန်လည်မျှဝေတာတွေ မလုပ်ကြဖို့နဲ့ Live အတုလွှင့်တဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို Report ထုပေးကြဖို့၊ တရားဝင်သတင်းဌာနတွေရဲ့ သတင်းတွေကို စောင့်ကြည့် ပေးကြဖို့ လိုအပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly