အာဏာသိမ်းစစ်တပ်က ဆန္ဒပြသူများကို အသက်သေစေသည်အထိ နှိမ်နင်းရာတွင် တရုတ်ထုတ်ဒရုန်းများကို အသုံးပြုထားခဲ့

အာဏာသိမ်းစစ်တပ်က ဆန္ဒပြသူများကို အသက်သေစေသည်အထိ နှိမ်နင်းရာတွင် တရုတ်ထုတ်ဒရုန်းများကို အသုံးပြုထားခဲ့

မေ ၁၀

အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို အသက်သေစေသည်အထိ လူမဆန်စွာ နှိမ်နင်းဖြိုခွင်းရာတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေအနေကို ထောက်လှမ်းရန်အတွက် တရုတ်နိုင်ငံလုပ် ဒရုန်းယာဉ်များကို အသုံးပြုထားခဲ့သည်။

CDM လှုပ်ရှားမှု ဆန္ဒပြသူအများအပြား စစ်တပ်စနိုက်ပါသမားများ၏ လက်ချက်ကြောင့် သေဆုံးခဲ့ရသည့် မန္တလေးမြို့၏ မြို့လယ် ဆန္ဒပြပွဲများပေါ်တွင် ဒရုန်းများ ပျံဝဲနေခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ စနိုက်ပါသမားများ တိတိကျကျ တိုက်ခိုက်နိုင်ရန်အတွက် ဒရုန်း အသုံးပြုလျက်ဖြင့် ကင်းထောက်၊ အချက်အလက်ရယူမှုများကို လုပ်ဆောင်ထားခဲ့ဖွယ်ရှိကြောင်း လေ့လာစောင့်ကြည်သူများက သုံးသပ်ယူဆထားသည်ဟု Asia Times က ဖော်ပြသည်။

ဒီမိုကရေစီလိုလားသော ဆန္ဒပြပွဲများနှင့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သည့် ဖြိုခွင်းမှုများ ရှိနေခဲ့သည့် မြန်မာ့နိုင်ငံရေး အခြေအနေအောက်တွင် အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့၀င်များ၏ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် လူ့အသက်ပေါင်း ၇၅၀ ကျော် ဆုံးရှုံးထားခဲ့ရပြီးဖြစ်သလို ထိခိုက်ဒဏ်ရာရသူများလည်း အများအပြား ရှိခဲ့သည်။

မြန်မာ အာဏာသိမ်းစစ်အုပ်စုသည် ဆန္ဒပြသူများအပေါ် နှိမ်နင်းမှုကို ထောက်ကူရန် တရုတ်လုပ် ဒရုန်းများ သုံးနေသည် ဆိုသည့် အချက်ကလည်း ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုကို တရုတ်က ထောက်ခံပေးခဲ့သည် ဆိုသည့် ပြောဆိုချက်များကို သေချာပေါက် ပိုမို အားကောင်းစေရန် ရှိနေသည်။

ယူကေ အခြေစိုက် Janes International Defense Review နှင့် ၀ါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာမှု စင်တာ CSIS  တို့ကလည်း မြန်မာစစ်တပ် သုံးသည့် အဆိုပါ ဒရုန်းများသည် တရုတ်လုပ် CH-3A ဒရုန်းများ ဖြစ်ကြောင်း မကြာသေးခင်က ထုတ်ဖော်ထားခဲ့ကြသည်။

မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းတွင် ထို CH-3A ဒရုန်းများ ရှိနေသည်ကို ဂြိုဟ်တုပုံရိပ်များဖြင့် CSIS အစီရင်ခံစာတစ်ရပ်တွင် အတည်ပြုထားခဲ့သည်။

CH-3A ဒရုန်းများကို တရုတ်နိုင်ငံပိုင် တရုတ် လေကြောင်း အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်း (CASC) ၏ ဌာနခွဲဖြစ်သည့် China Aerospace Long-March International က တည်ဆောက်ထားခြင်း ဖြစ်သည်။

တရုတ်သည် ၂၀၁၄ နှင့် ၂၀၁၅ အတွင်း ရှမ်းတဲ လေတပ်စခန်းသို့ CH-3A ဒရုန်း ဒါဇင်နှင့်ချီ ပေးပို့ခဲ့ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး အင်စတီကျူ့ (SIPRI) က ပြုစုသော အချက်အလက်များအရ သိရသည်။ ထို၀ယ်ယူမှုသည် ထိုစဥ်က မြန်မာနယ်စပ်ဒေသများရှိ တိုင်းရင်းသားသူပုန်များအပေါ် စစ်ဆင်‌ရေးများတွင် အသုံးပြုရန် ဖြစ်သည်ဟု နားလည်ထားခဲ့ရသည်။

၂၀၁၀ နှင့် ၂၀၁၉ အကြား မြန်မာနိုင်ငံ၏ စစ်လက်နက် တင်သွင်းမှုများ၏ ၅၆ ရာခိုင်နှုန်းသည် တရုတ်ကနေ လာခြင်းဖြစ်ပြီး ၃၁ ဒသမ ၆ ရာခိုင်နှုန်းသည် ရုရှားကနေ လာရောက်ကာ ကျန် ၁၂ ရာခိုင်နှုန်းသည် ယူကရိန်း၊ မြောက်ကိုရီးယားနှင့် အစ္စရေးတို့ အပါအ၀င် အခြားနိုင်ငံများမှ တင်ပို့ခြင်းဖြစ်ကြောင်း SIPRI ၏ အစီရင်ခံစာကို ကိုးကားပြီး Asia Times က ဖော်ပြသည်။ ၂၀၁၀ နှင့် ၂၀၁၉ အကြား လက်နက်၀ယ်ယူမှု တန်ဖိုး စုစုပေါင်းသည် ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော်ဖြစ်ကြောင်း အလားတူ သုတေသနက ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required