ဂျပန်ကုမ္ပဏီ ၁၀ ခုခန့် မြန်မာစစ်အုပ်စုနှင့် စီးပွားရေးအဆက်အသွယ် ရှိထားဟု စုံစမ်းသိရှိ

ဂျပန်ကုမ္ပဏီ ၁၀ ခုခန့် မြန်မာစစ်အုပ်စုနှင့် စီးပွားရေးအဆက်အသွယ် ရှိထားဟု စုံစမ်းသိရှိ
Photo - AFP

မေ ၉

ဂျပန်ကုမ္ပဏီ ၁၀ ခုထက်မနည်းသည် မြန်မာအာဏာသိမ်းစစ်တပ်နှင့် ဆက်စပ်သည့် လုပ်ငန်းကုမ္ပဏီများနှင့်အကြား စီးပွားရေးအရ တိုက်ရိုက်ဆက်သွယ်ပတ်သက်မှုများ ရှိထားခဲ့သည် သို့မဟုတ် အာဏာသိမ်းစစ်အုပ်စုအတွက် ၀င်ငွေရင်းမြစ်များ ဖြစ်နိုင်သည့် ပရောဂျက်များတွင် ပါ၀င်ထားခဲ့သည်ဟု ကျိုဒိုသတင်း စုံစမ်းစစ်ဆေးမှုအဖွဲ့တစ်ခုက မကြာသေးခင်က စုံစမ်းသိရှိထားခဲ့သည်။

ဂျပန် နိုင်ငံပိုင်ကုမ္ပဏီများနှင့် ပုဂ္ဂလိက လုပ်ငန်းများ၏ ငွေကြေးထောက်ပံ့မှုများနှင့် စီးပွားရေး သဘောတူညီချက်များက မြန်မာစစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကူအညီပေးကောင်းပေးနိုင်သည်ဆိုပြီး စိုးရိမ်ပူပန်မှုများ ရှိနေစဉ် ယခု စုံစမ်းစစ်‌ဆေးမှု၏ ရလဒ်များကို မေလ ၈ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့်အကြား အဆက်အသွယ်များ ဖြတ်တောက်ရေးအတွက် အမေရိကန်၊ ဥရောပနိုင်ငံများနှင့် သက်ဆိုင်ရာ ရှယ်ယာရှင်များထံမှ တောင်းဆိုမှုများသည်လည်း ကြီးထွားလာနေသည်။

ယင်းကဲ့သို့သော ဂျပန်လုပ်ငန်းကုမ္ပဏီများထဲတွင် ဂျပန်၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘဏ်၊ ဆောက်လုပ်ရေးကုမ္ပဏီ Fujita Corp. နှင့် အိမ်ခြံမြေကုမ္ပဏီ Tokyo Tatemono Co. တို့ ပါ၀င်သည်။

ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးနောက်ပိုင်း ၂၀၁၁ ခုနှစ်က အရပ်သားအစိုးရတစ်ရပ်ထံ လွှဲပြောင်းပေးခဲ့ပြီးနောက် ဂျပန်ကုမ္ပဏီ ၄၀၀ ခန့်သည် မြန်မာနိုင်ငံသို့ ၀င်ရောက်ထားခဲ့ကြသည်။

ယင်းနောက်ပိုင်း ဂျပန်၏ တရား၀င် ဖွံ့ဖြိုး‌‌ရေး အကူအညီ ပြန်စခဲ့သည်။ သို့သော် ကုမ္ပဏီများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် ပြည်တွင်းကုမ္ပဏီများနှင့် စီးပွားဖက်အဖြစ် လက်တွဲလုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်သည်။ ယင်းတို့အနက် ကုမ္ပဏီတစ်ချို့သည် စစ်တပ်နှင့် ဆက်စပ် လုပ်ငန်းများနှင့် လက်တွဲလုပ်ကိုင်ခဲ့သည်။

ဖြစ်စဉ်တစ်ခုတွင် Kirin Holdings Co. လည်း ပါ၀င်နေခဲ့ပြီး ယင်းသည် မြန်မာစစ်တပ် ထိန်းချုပ်သည့် မြန်မာ့စီးပွားရေးဦးပိုင်နှင့်အကြား ဖက်စပ်လုပ်ငန်းနှစ်ခု ရှိထားသည်။

တွဲဖက်လုပ်ကိုင်သည့် လုပ်ငန်း၏ ဘဏ္ဍာရေးဆိုင်ရာနှင့် အုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် Kirin သည် သုံးသပ်လေ့လာမှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီး ဖက်စပ်လုပ်ငန်းများမှ အစုပေါ်အမြတ် ပေးချေမှုများကို ရပ်ဆိုင်းခဲ့သည်။ သို့သော် အစုစပ်စီးပွားရေးလုပ်ငန်းကို ဖျက်သိမ်းရဦးမည် ဖြစ်သလို ညှိနှိုင်းဆွေးနွေးမှုများသည် စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရသည်။

သီးခြားကိစ္စတစ်ခုအဖြစ် ဂျပန်ကုမ္ပဏီများ ပူးပေါင်းအဖွဲ့တစ်ခုသည် ပြည်တွင်း ဖက်စပ်လုပ်ငန်းတစ်ခုကနေတဆင့် ရန်ကုန်ရှိ စီမံကိန်းတစ်ခုအတွက် မြန်မာကာကွယ်ရေး၀န်ကြီးဌာနသို့ နှစ်စဉ် မြေငှားရမ်းခ ဒေါ်လာ ၁ ဒသမ ၈၄ သန်း (ယန်းငွေ သန်း ၂၀၀ ကျော်) ကို ပေးချေထားခဲ့ရသည်။

အဆိုပါ ကုမ္ပဏီများ ပူးပေါင်းအဖွဲ့တွင် သယ်ယူပို့ဆောင်ရေးနှင့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဂျပန် နိုင်ငံရပ်ခြား အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း၊ Fujita နှင့် Tokyo Tatemono တို့ ပါ၀င်သည်။

ကာကွယ်ရေး၀န်ကြီးဌာနနှင့် စစ်တပ်တို့ ထိ‌ထိရောက်ရောက် ပေါင်းစည်းရှိနေခြင်းနှင့်အတူ ဂျပန်၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘဏ်၊ Mizuho ဘဏ်နှင့် Sumitomo Mitsui ဘဏ်လုပ်ငန်းကော်ပိုရေးရှင်းတို့ ငွေကြေးထောက်ပံ့သည့် ပရောဂျက်အတွက် ဘဏ္ဍာငွေများကို စစ်တပ်၏  လုပ်ဆောင်မှုများအတွက် အသုံးပြုထားနိုင်သည်။

စစ်တပ် ပြတိုက်တစ်ခု၏ နေရာဟောင်းတွင် တည်ဆောက်မည့် ပရောဂျက်တွင် ခန့်မှန်းခြေ ယန်းငွေ ၃၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်တစ်ရပ်နှင့်အတူ ၎င်းတို့၏ ပါ၀င်ပတ်သက်မှုနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်က ယင်းပရောဂျက်ကို ကြေညာပြီးနောက်ပိုင်း စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ထားသည်။

၂၀၂၀ အတွက် ငှားရမ်းခကို ပေးချေထားပြီးဖြစ်သော်လည်း ၂၀၂၁ ခုနှစ်နှင့် ယင်းနောက်ပိုင်းအတွက် ဘဏ္ဍာငွေကြေးများနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် စဉ်းစားသုံးသပ်လျက်ရှိကြောင်း ယင်းကိစ္စနှင့် အကျွမ်းတ၀င်ရှိသည့် သတင်းရင်းမြစ်များက ပြောသည်။

မြန်မာ အာဏာပိုင်တို့သည် အပြီးသတ် အကျိုးခံစားရသူ ဖြစ်သည်ကို သိရှိကြောင်း Fujita က ပြောသော်လည်း Mizuho နှင့် Sumitomo Mitsui တို့က မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

အလားတူ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က ထောက်ခံပံ့ပိုးပေးပြီး ဆောက်လုပ်‌ရေး ကုမ္ပဏီ Yokogawa Bridge Corp နှင့် Sumitomo Mitsui ဆောက်လုပ်‌ရေး ကုမ္ပဏီတို့ ပူးတွဲ စီမံခန့်ခွဲသည့် ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းတွင်လည်း အာဏာသိမ်းစစ်အုပ်စု ကျောထောက်နောက်ခံ လုပ်ငန်းတစ်ခုကို တစ်ဆင့်ခံ ကန်ထရိုက်ပေးခဲ့သည်။

စစ်တပ်နှင့် ဆက်စပ်လုပ်ငန်းတစ်ခုနှင့် လုပ်ငန်း လက်ဆင့်ကမ်း ခွဲ‌ဝေလုပ်ကိုင်မှုကို ၀န်ခံခဲ့ပြီး Yokogawa Bridge က ယင်းအနေဖြင့် လူ့အခွင့်အ‌ရေးကို လေးစားလိုက်နာမည်ဟု ပြောခဲ့သည်။

အစားအစာ စက်ပစ္စည်း ထုတ်လုပ်သူ Satake Corp သည်လည်း မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် ဆက်စပ်သည့် မြန်မာကုမ္ပဏီတစ်ခုနှင့်အတူ လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့သည်။ ၎င်းတို့၏ ပတ်သက်မှုများနှင့်ပတ်သက်ပြီး ချဉ်းကပ်စုံစမ်းစဉ် ကုမ္ပဏီက ယင်းအနေဖြင့် အခြေအနေကို အနီးကပ်စောင့်ကြည့်သွားမည်ဟု ပြောခဲ့သည်။

ဂျပန် လက်၀တ်ရတနာကုမ္ပဏီ Tasaki & Co. သည်လည်း ပုလဲမွေးမြူထုတ်လုပ်ရန် အမေရိကန်၏ ပိတ်ဆို့ဒဏ်ခတ်မှုခံ မြန်မာ့ပုလဲလုပ်ငန်းထံမှ ခွင့်ပြုချက် ရထားခြင်းအပေါ်တွင် ယင်း၏ ထုတ်လုပ်ပေးမှု ပမာဏကို ‌ဝေမျှခြင်းနှင့်အတူ စစ်တပ်ကို ထောက်ပံ့ပေးထားခဲ့သည်။ ယင်းအနေဖြင့် သင့်တော်သလို တုံ့ပြန်သွားမည်ဟု အဆိုပါ ဂျပန်လက်၀တ်ရတနာကုမ္ပဏီက ပြောသည်။

မြန်မာတွင် ဖေဖေါ်၀ါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပေါ်လျက် ရှိကာ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့၀င်များက ထိုဆန္ဒပြမှုများကို လူအသက်သေစေသည်အထိ လူမဆန်စွာ ဖြိုခွင်းထားခဲ့ရာ အရပ်သား ရာပေါင်းများစွာ သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required