NLD သဘာတိအဖွဲ့ဝင် ဦးဝင်းထိန်က မိသားစုဆီပေးပို့သောစာ အကျဉ်းထောင်ခွင့်ပြု

NLD သဘာတိအဖွဲ့ဝင် ဦးဝင်းထိန်က မိသားစုဆီပေးပို့သောစာ အကျဉ်းထောင်ခွင့်ပြု

မေ ၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏သဘာပတိအဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးဝင်းထိန်နှင့် လူချင်းတွေ့ဆုံခွင့် မရရှိသေးသော်လည်း မိသားစုထံ ၎င်းမှာကြားသည့်စာကို အကျဉ်းထောင်ဝန်ထမ်းများ၏ တရားဝင်ကူအညီဖြင့် အဆက်အသွယ်ရရှိကြောင်း တရားလွှတ်တော်ရှေ့နေ အသိုင်းအဝိုင်းက မဇ္ဈိမသို့ပြောသည်။

“ ဘဘရဲ့ ကျန်းမာရေးကကောင်းပါတယ်။ ဘဘက အသက်ရှုကြပ်တဲ့ ဝေဒနာကို ခံစားနေရတော့ အထဲမှာနေရတာ အဆင်မပြေတဲ့အတွက် ပန်ကာတစ်လက်တော့ လှမ်းမှာထားပါတယ်။ သူက ထောင်ထဲမှာ ရှစ်ပါးသီလခံယူတာကို အမြဲလုပ်တဲ့အကြောင်းနဲ့ ဥပုပ်အမြဲရတယ်လို့တော့ ပြောပါတယ်။လူချင်းကတော့ တွေ့ခွင့်မရသေးပေမယ့် အဆက်အသွယ်တော့ ရှိပါတယ်။ ဘဘရေးပြီးမှာတဲ့စာကို ထောင်ဝန်ထမ်းတွေက ခွင့်ပြုချက်နဲ့ ဆက်သွယ်ပို့ဆောင်မှုနဲ့ရတာပါ။” ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ဦးဝင်းထိန်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄(က) ဖြင့် တရားစွဲဆိုကာ  နေပြည်တော်အကျဉ်းထောင်တွင် ဖမ်းဆီးထားပြီး၊ လာမည့် မေ ၁၄ရက်ရုံးချိန်းမှစတင်၍ အကျဉ်းထောင်အနီးရှိ သီးသန့်တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းရုံးချိန်းနေ့တွင် တရားလိုကို စတင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးဝင်းထိန်အမှုအား သီးသန့်တရားရုံး၌ စတင်ရုံးထုတ်စစ်ဆေးရန် ပြီးခဲ့သော မေ ၇ရက် ရုံးချိန်းနေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၁ ခုနှစ် ဧပြီ ၂၈ ရက် ရက်စွဲပါ အမိန့်အမှတ်၁၄၈/၂၀၂၁ အရ တရားစီရင်ရေးပိုမိုချောမွေ့အဆင်ပြေစေရန်ရည်ရွယ်၍ ဆောင်ရွက်သွားမည်ဟူသည့် ညွှန်ကြားစာပါအတိုင်း ခရိုင်တရားရုံးက ကြားဖြတ်အမိန့်တစ်ခု ချမှတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဦးဝင်းထိန်၏အမှုကို တရားလွှတ်တော်ရှေ့နေ သုံးဦးဖြစ်သော ဦးယုယချစ်၊ ဦးအောင်ကျော်စိုးနှင့် ဒေါ်မင်းမင်းစိုးတို့ လိုက်ပါဆောင်ရွက်နေပြီး၊ တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်အနေဖြင့် လိုက်ပါဆောင်ရွက်ရန် ခွင့်ပြုချက်ကျလာပြီဖြစ်သောကြောင့် အမှုအား ရှေ့နေလေးဦးက လိုက်ပါဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly