နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက လျို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုထားသည့် အကြောင်းအရင်းခံကို တရားလိုလာရောက်အစစ်ခံမှသာ သိနိုင်မည်ဟုဆို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက လျို့ဝှက်အက်ဥပဒေဖြင့် တရားစွဲဆိုထားသည့် အကြောင်းအရင်းခံကို တရားလိုလာရောက်အစစ်ခံမှသာ သိနိုင်မည်ဟုဆို

မေ ၇

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံ လျို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃(၁)(ဂ)/၉ ဖြင့်တရားစွဲဆိုထားရာ ယင်းပုဒ်မဖြင့် မည်သည့်အတွက် ကြောင့် တရားစွဲဆိုသည်ဆိုသော အကြောင်းအရင်းခံကို တရားလိုဘက်က လာရောက်အစစ်ခံမှသာ သိရှိနိုင်မည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက မဇ္ဈိမသို့ပြောကြားသည်။

ပြီးခဲ့သော မေ ၆ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုလိုက်ပါဆောင်ရွက်မည့် ရှေ့နေတို့ လူချင်းတွေ့ခွင့်ရ ရှိရန် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးသို့ တင်ပြလျှောက်ထားခဲ့ပြီး၊ တွေ့ဆုံခွင့်ရ/မရ အမိန့်ကို လာမည့် ရုံးချိန်း တစ်ခုဖြစ်သော မေ ၂၀ ရက်တွင် အမိန့်ချမှတ်သွားရန်ရှိကြောင်း ၎င်းက ဆိုသည်။

ထိုသို့ တွေ့ဆုံခွင့်ရရှိမှသာ အမှုလိုက်ပါဆောင်ရွက်မည့် ရှေ့နေအပေါ်ဒေါ်အောင်ဆန်းစုကြည်၏ Instructions(အမိန့်များ) ရယူနိုင်ရေးကိစ္စများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နှင့် တွေ့ဆုံပြီးခွင့်ရရှိပါကအမှုအတွက် ဆက်လက်ဆောင်ရွက်ရမည်များကို စီစဉ်ရမည်ဖြစ်ကြောင်း သိရသည်။

“ လျို့ဝှက်အက်ဥပဒေနဲ့ ဘာကြောင့် တရားစွဲဆိုရလဲဆိုတာ တိုင်ကြားချက်မှာတော့မပါဘူး။တရားလို ရုံးတော်ရှေ့ထွက်လာမှဘဲ သိရမယ်။လူချင်းတွေ့ဆုံဖို့ လျှောက်ထားမှုကို ရုံးတော်က မေ ၂၀ ရက်မှာ ဆုံးဖြတ်မှာပေါ့။ အမိန့်ချမှာပေါ့။ တွေ့ဆုံခွင့်အတွက်မရခဲ့ရင် ဘာဆက်လုပ်မှာလည်းဆိုတာကတော့ မပြောချင်သေးဘူး။ ရုံးတော်ကို တင်ပြလျှောက်ထားပြီးမှဘဲ ပြောပါမယ်။ အမှုနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုထားတဲ့ အချက်တွေအပေါ် ဘာမှ သုံးသပ်မပြောချင်တော့ပါဘူး။” ဟု ၎င်းက ထပ်လောင်းဆိုသည်။

ယင်းနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရုရှား သတင်းဌာန RIA News အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေတို့ တွေ့ဆုံခွင့်ပေးရန်မရှိသေးကြောင်းနှင့် လက်ရှိတွင် ကိုဗစ် ၁၉ရောဂါကူးစက်မှုနှုန်းမြင့်တက်လာသည့်အခြေအနေနှင့် အမျိုးသားလုံခြုံရေးအရ ရှေ့နေဖြင့် တွေ့ဆုံခွင့် မပြုနိုင်သေးကြောင်း ဖြေကြားထားမှုကို ဧပြီ ၂၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတစ်စောင်တွင်  ဖော်ပြပါရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၂၅ အပါအဝင် နှစ်မှု၊ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ (၈)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇)၊ ရာဇသတ် ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုထားရာ ယင်းအမှုများ အတွက် လာမည့် မေ ၁၀ ရက်သို့ ချိန်းဆိုထားကာ၊ လက်ရှိအချိန်အထိ တရားစွဲဆိုထားသည့် အမှု စုစုပေါင်း ခြောက်မှုရှိပြီဖြစ်ကြောင်း သိရသည်။၇၉ Comments

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly