နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၇ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၇ မေ ၂၀၂၁)
ပုံစာ - ထားဝယ်မြို့ရှိ ပြည်သူများ၏  ပြည်သူ့ကာကွယ်ရေးတပ်မတော်အားထောက်ခံကြောင်း နှင့် စစ်ကျွန်ပညာရေးစနစ်အလိုမရှိကြောင်း ဆန္ဒပြလှုပ်ရှားမှု(Photo -AFP )

ရန်ကုန်တိုင်းဒေသကြီး

• စစ်အုပ်စု နစကကောင်စီတွင် ပါဝင်သည့် ဦးသိန်းညွန့်က ပိုင်ဆိုင်မှုအငြင်းပွားနေသည့် သင်္ဃန်းကျွန်းနေအိမ်တွင် ပါတီရုံးဖွင့်ရန်အတွက် ပြင်ဆင်မှုအပေါ် မိသားစုများက ကန့်ကွက်သည့်အတွက် လက်နက်ကိုင်ရဲတပ်ဖွဲ့များဖြင့် အင်အားသုံးခြိမ်းခြောက်မှုများ ပြုလုပ်လျက် ရှိသည်။ သုဝဏ္ဏဘောလုံးကွင်းအနီး လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ယခင် NNDP ပါတီရုံးဖွင့်ထားရာနေအိမ်အား လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရမှုများ ရှိခဲ့သည့်အတွက် မိသားစုဝင်များက ကန့်ကွက်နေကြခြင်း ဖြစ် သည်။

• ယမန်နေ့ညနေ ၄ နာရီကျော်ခန့်က ဗဟန်းရှိ NLD ပါတီရုံးချုပ်တွင် ရုံးထိုင်နေသည့် ပါတီဗဟိုကော်မတီဝင် ဦးဘမျိုးသိန်း အပါအဝင် ဦးစိုးဝင်း (ခ) ဦးစိုးလေးနှင့် ရခိုင်ပြည်နယ် လူငယ်လုပ်ငန်းအဖွဲ့ဝင် ကိုဟိန်းမင်းထက်တို့အား အရပ်ဝတ်လက် နက်ကိုင်များက သေနတ်ထောက်ခြိမ်းခြောက်ကာ အိမ်စီးကားဖြင့် ဖမ်းဆီးသွားခဲ့သည်။

• စစ်အုပ်စုတပ်ရင်းများ အများအပြားရှိသည့် မင်္ဂလာဒုံမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် လူငယ်များက မင်္ဂလာဒုံအမျိုးသားအစည်းအရုံး တည်ထောင်လိုက်သည်။

• တာမွေ၊ ကျောက်မြောင်းတွင် ယနေ့နံနက်အစောပိုင်းက မီတာခမဆောင်ရန်နှင့် ကျောင်းမအပ်ကြရန် လှုံဆော်စာများအား လိုက်လံဖြန့်ဝေခဲ့သည်။

• စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းရှိ အာရှတော်ဝင် ဆေးရုံတွင် ယမန်နေ့ည ၁၁ နာရီခန့်က လူနာစောင့်အား လာရာက်ရှာဖွေသည်ဟု ဆိုကာ သုံးနာရီခန့် အင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

• တောင်ဥက္ကလာပ လူငယ်များကလည်း "ဘယ်တော့မှ သွေးမအေးဘူး" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ရန်ကုန်၊ တာမွေမြို့နယ်တွင် ရန်ကုန်မြို့ခံလူငယ်များက "ဘာတွေလဲ ရန်ကုန်သားတွေ" ဆိုင်းဘုတ်ကိုင်ဆောင်ကာ လူအင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ အဆိုပါ ရန်ကုန်သပိတ်စစ်ကြောင်းတွင် မြို့နယ်ပေါင်းစုံမှ လူငယ်သပိတ်စစ်ကြောင်းများ ပူးပေါင်းထားခြင်း ဖြစ်သည်။ အဆိုပါ သပိတ်စစ် ကြောင်းတွင် လူစုခွဲပြီးချိန်တွင် သပိတ်တွင်ပါဝင်သည်ဟုဆိုကာ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်လမ်း၊ အထပ်မြင့်တိုက်များပေါ် ပြေးတက်သွားသည့် အမျိုးသား လေးဦးနှင့် အမျိုးသမီး သုံးဦးကို အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ဖမ်းဆီးသွားသည်။

• သာကေတမြို့နယ်လူငယ်များကလည်း လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း ရေးအတွက် ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• မရမ်းကုန်း၊ ဗဟိုလမ်းမကြီးပေါ်တွင်လည်း မြို့ခံလူငယ်အချို့က စစ်အာဏာရှင်ပြုတ်ကျရေးနှင့် NUG အစိုးရ ဖွဲ့စည်းလိုက် သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသည်။

• မြောက်ဥက္ကလာပလူငယ်များကလည်း သွေးစွန်းကျောင်းစိမ်းဝတ်စုံများ ဝတ်ဆင်ကာ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး

• မန်း ခုတင် ၃၀၀ ဆေးရုံဝန်ထမ်းအိမ်ရာရှိ CDM ဝန်ထမ်းများအား ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက စစ်အုပ်စုမှ အတင်းအဓမ္မဖယ်ရှားခိုင်းသည့်အတွက် သွားရောက်ကူညီပေးခဲ့သူ ဒေါက်တာသိန်းစိုးမှာ ကူညီနေစဉ်အတွင်း ဖမ်းဆီးခံထားရရာမှ ယမန်နေ့ ည ၈ နာရီတွင် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သည်။

• မန္တလေးတွင် စိန်ပန်းနှင့် မဟာအောင်မြေလူထုသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း ရေးအတွက် သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။

• မန္တလေးတွင် တပ်ပေါင်းစုသပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းက သပိတ်ပြလုပ်ရန် စတင်စဉ် စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာခဲ့သည့်အတွက် အချိန်မီ လူစုခွဲလိုက်နိုင်ပြီး နေ့လယ်ပိုင်းတွင် သပိတ်စစ်ကြောင်းပြန်ထွက်ကာ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်ပေါင်းစုသပိတ်စစ်ကြောင်းတွင် ဒေါင်းစစ်သည်၊ တက္ကသိုလ် ဆရာ/ဆရာမ/ဝန်ထမ်း၊ အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြု၊ မန်းတက္ကသိုလ် ကျောင်းသား/သူများ သပိတ်စစ်ကြောင်းတို့ ပါဝင်သည်။

• မန်းတကသသပိတ်စစ်ကြောင်းမှာလည်း ယနေ့နံနက်ပိုင်းက နန်းရှေ့စျေးတွင် သပိတ်ပြုလုပ်ရန် လူစုနေစဉ် အကြမ်းဖက် စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာခဲ့သည့်အတွက် သပိတ်ကို ရုပ်သိမ်းခဲ့ရသည်။

• မန်း ရတနာပုံတက္ကသိုလ် ကျောင်းသား/သူများ သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ဆန္ဒပြခဲ့ရာ အကြမ်းဖက်စစ်အုပ်စုဘက်က ဖြိုခွဲရန် လာရောက်ခဲ့သော်လည်း အချိ်န မီ လူစုခွဲနိုင်ခဲ့သည်။
• မန္တလေး၊ အရှေ့မြို့သစ်ပြည်သူများကလည်း သပိတ်အင်အားစု ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီး တိုင်ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ယနေ့နေ့လယ် ၁၁ နာရီကျော်ခန့်က မန္တလေးမြို့ပေါ်တွင် ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ နေ့လယ် ၁၁ နာရီ ၃ မိနစ်ခန့်က ၆၃ လမ်း (၃၄ နှင့် ၃၅) ကြားရှိ မြန်မာ့အာမခံရုံးအား ဆိုင်ကယ်တစ်စီးပေါ်မှ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကာ နေ့လယ် ၁၁ နာရီ ၃၅ မိနစ်ကလည်း ၆၄-၆၅ နှင့် ၃၀-၃၁ ကြားရှိ အမှတ် (၃) မှုခင်းရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ရာကိုလည်း လက်လုပ်အသံဗုံးတစ်လုံး ပစ်သွင်းခံခဲ့ရကာ ပေါက်ကွဲမှုနှစ်ရပ်စလုံးတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဟု မန္တလေးမြို့ခံတစ်ဦး က အတည်ပြု ပြောဆိုသည်။ ၆၃ လမ်းပေါ်ရှိ မြန်မာ့အာမခံရုံးမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း လက်လုပ်မိုင်းပေါက် ကွဲမှုတစ်ကြိမ် ဖြစ်ပွားထားသေးသည်။

• မန္တလေး အရိုးအထူးကုဆေးရုံ ပြန်ဖွင့်မည်ဖြစ်ကြောင်း စစ်အုပ်စုဘက်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကြေညာထားပြီး နောက် ယနေ့ နေ့လယ်ပိုင်းတွင် ဆေးရုံပြန်ဖွင့်နေပြီဖြစ်ကာ လာရောက်ကုသသူများလည်း ရှိနေသည်ဟု သိရသည်။ အဆိုပါ လာရောက်ကုသသူများမှာ စစ်အုပ်စုထောက်ခံသူနှင့် မဘသအဖွဲ့များက ဖြစ်ကြောင်းလည်း မန္တလေးမြိုခံများက ပြောသည်။
• ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ လေးပြင်ရပ်သံဃာတော်များနှင့် လူငယ်များ ပါဝင်သည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်း ကလည်း လမ်းမကြီးများပေါ်တက်ကာ NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော်ခဲ့သည်။

• မိတ္ထီလာတွင်လည်း မြို့လူထုက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းဖွင့်ကာ အင်အား ၅၀ ကျော်ဖြင့် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

• ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာတွင်လည်း မြို့ခံကျောင်းသားလူငယ်များက ကျောင်းဝတ်စုံများ ဝတ်ဆင်ကာ စစ်ကျွန်ပညာရေး စနစ်အလိုမရှိကြောင်းကို အင်အား ၅၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မြင်းခြံတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းကြောင်းနှင့် မြင်းခြံခရိုင်အတွင်း စစ်အုပ်စုလက်အောက် အလုပ်ဝင်ကြမည့် ပညာရေးဝန်ထမ်းများ၏ အသက်အန္တရာယ်နှင့် အခြားထိခိုက် တိုက်ခိုက်ခံရမှုများအတွက် အာမ မခံနိုင်ကြောင်း ထုတ်ပြန် လိုက်သည်။ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ယနေ့နံနက် ၅ နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ ယင်းအနီးအနားတွင် ရှိနေခဲ့သည့် ကိုးတန်းကျောင်းသား မောင်ထက်အောင် (ခ) ဖိုးချစ်ကို အကြမ်းဖက်စစ်အုပ်စုဘက်က ပစ်ခတ်ခဲ့ရာ ဦးခေါင်းထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ အလောင်းကိုလည်း ယူဆောင်သွားသည်ဟု သိရသည်။

• ရှေးဟောင်းဒေသ ပုဂံတွင် လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ပုဂံ-ညောင်ဦးပင်မသပိတ်စစ်ကြောင်းမှာ ရှေးဟောင်း ဘုရားများကြားတွင် စစ်အာဏာရှင် အပြီးတိုင် ပျက်သုန်းရေး ကျိန်စာတိုက်ဆန္ဒပြကာ တော်လှန်ခဲ့ကြသည်။

• ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ တောပြားကျေးရွာတွင်လည်း ကျောင်းသားလူငယ်များက စစ်ကျွန်ပညာရေးစနစ် အလိုမရှိ ကြောင်း ဆန္ဒပြခဲ့ကြသည်။

• မိုးကုတ်တွင်လည်း စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ဒေသခံလူငယ်မျာက "ဘယ်တော့မှ သွေးမအေးဘူး" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• တန့်ဆည်တွင် အကြမ်းဖက်စစ်အုပ်စုအား ပြန်လည်ခုခံရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ တန့်ဆည်မြို့နယ်၊ ချောင်းဆုံရွာတွင်လည်း ဒေသခံမိဘပြည်သူများက ရွာတွင်းကျောင်းများ၌ စစ်ကျွန်ပညာရေး အလိုမရှိ ကြောင်းစာများအား ဆေးနီများဖြင့် ရေးသား၍ သွေးသပိတ် ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• ပေါင်းတည်တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း "ကျောင်းမတက်နဲ့ ကျောင်းပျက်" ဟူ၍ သွေးသပိတ် ပြုလုပ်ခဲ့သည်။

• တောင်ငူတွင်လည်း ယနေ့ နေ့လယ် ၁၂ နာရီတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်စစ်ကြောင်းဖွင့်၍ ဆန္ဒပြခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး

• ကနီမြို့တွင် ယနေ့နံနက်ပိုင်းက မြို့နယ်တွင်းရှိ သမင်ခြံကျေးရွာအနီးတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ဒေသခံ ပြည်သူ့ကာ ကွယ်ရေးတပ်များအကြား အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ယမန်နေ့ကလည်း ကနီမြို့နယ်တွင်း နေရာသုံးခုတွင် လက်နက်ကိုင်များရှိသည်ဆိုကာ သတင်းပေးများက ခေါ်ဆောင်လာသည့် အင်အား ၁၀၀ ကျော်ရှိ စစ်အုပ်စုလက်နက် ကိုင်များနှင့် ပြည်သူများအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ဒေသခံ နှစ်ဦး ကျဆုံးကာခဲ့ကာ စစ်အုပ်စုဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။ နှစ်ဖက်ပစ်ခတ်မှု မရှိတော့သည့် ညနေပိုင်းကလည်း စစ်အုပ်စုဘက်က ရွာများထဲထိ လိုက်လံပစ် ခတ်ခဲ့သည့်အတွက် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ဆီးခုံ၌ ကျည်ဆန်ထိမှန်ခဲ့ကာ ဆေးကုသမှု ပေးထားလျက် ရှိသည်။

• ရွှေဘို၊ ဆိပ်ခွန်ကျေးရွာတွင်လည်း ရွာခံပြည်သူများက စစ်အာဏရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ရွှေဘိုပင်မသပိတ်စစ်ကြောင်းကလည်း မြို့နယ်/ကျေးရွာများတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း ရေး ဆန္ဒပြခဲ့ကြသည်။

• စစ်ကိုင်းတွင်လည်း အခြေခံပညာကျောင်းသားလေးများနှင့်မိဘပြည်သူ၊ ပညာရေးဝန်ထမ်းများက အင်အား ၂၀၀ ခန့်ဖြင့် ကျောင်းများရှေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ စစ်ကိုင်းတောင်ပေါ်တွင်လည်း မြို့ခံများက တာယာကွင်းများတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များ ကပ်ကာ လူမဲ့သပိတ် ပြုလုပ် ခဲ့သည်။

• နာမည်ကျော် တာဟန်းခံတပ် ဖြိုခွဲခံရကာ ပြည်သူ ၁၁ ဦး ကျဆုံးခဲ့ရသည့် ကလေးမြို့တွင် ဒေသခံလူငယ်များက စစ်အာ ဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် စစ်ကြောင်းလေးကြောင်းခွဲကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

• ဒီပဲယင်းတွင် ကျောင်းသား၊ ဆရာ၊ မိဘများ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း အင်အား ၂၀၀ ခန့်ဖြင့် ဆန္ဒပြခဲ့ကြသည်။

• မုံရွာ၊ တောင်ပလူရွာရှိ ကျောင်းမျက်နှာစာများတွင် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း စာများပါ စာရွက်များ ကပ်၍ ဒေသခံများက လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်နေ ပြည်သူ ရာနှင့်ချီစုဝေးကာ စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်နစ် အလိုမရှိကြောင်း စုပေါင်းဆန္ဒပြခဲ့ကြသည်။

• မုံရွေး၊ ကြေးမုံရွာတွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• အကြမ်းဖက်စစ်အုပ်စု တပ်ရင်း ၃ ခု ရှိနေသည့် ချင်းတွင်းမြစ်အထက်ပိုင်း မော်လိုက်တွင်လည်း ဒေသခံလူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်များအား ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်များတွင် စိုက်ထူကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာ ဒေသခံများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး

• ချောက်မြို့နယ်နေ ပြည်သူလူထုကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်းဘုတ်များအား လမ်းမများပေါ်တွင် စိုက်ထူကာ လူမဲ့သပိတ်ပြုလုပ်ခဲ့ကြသည်။

• မြိုင်မြို့နယ်တွင်လည်း ဒေသခံလူထုက စစ်အာဏရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် မြို့နယ်တွင်း လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• စစ်အာဏာရှင်စနစ် အပြီးတိုင် ရပ်ဆိုင်းရေးနှင့် NUG အစိုးရထောက်ခံကြောင်း ပြသသည့်အနေဖြင့် ရေစကြိုမြို့ခံများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• အောင်လံမြို့နယ်၊ ရေပေါ်ကျေးရွာနေ ပြည်သူများကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြသည့်အနေဖြင့် မြိုပေါ်ကျောင်းအချို့ရှိ စာသင်ဆောင်များတွင် ဆေးနီများဖြင့် တော်လှန်သောစာများ ရေးသားကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက် ၆ နာရီခန့်က နေ့စဉ်မပျက် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် လမ်းများပေါ်တက် ဆန္ဒထုတ်ဖော်လျက် ရှိသည်။ တပ်ပေါင်းစုသပိတ်စစ်ကြောင်းတွင် ပင်မသပိတ်စစ်ကြောင်း၊ ကျောင်းသားသမဂ္ဂ၊ တိုင်းရင်းသားလူ ငယ်၊ LGBT နှင့် ဒေသခံပြည်သူများ ပါဝင်သည်။

• မြိတ်မြို့တွင် မြို့ခံများက "တပ်များကြားက မြိတ်သားများ" သပိတ်စစ်ကြောင်းဖွင့်ကာ မြို့တွင်းစျေးများတွင်း လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ရေဖြူ၊ ကံပေါက်ဒေသနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း အင်အား ၁၀၀ ကျော်ဖြင့် နေ့စဉ်မပျက် ဆန္ဒထုတ်ဖော်လျက် ရှိသည်။

• လောင်းလုံမြို့နယ် ညင်းမော်နှင့် အောက်ရေဖြူကျေးရွာ ပူးပေါင်းသပိတ်စစ်ကြောင်းမှာ ယနေ့နံနက် ၈ နာရီခန့်က သပိတ်မစတင်မီအချိ်န အကြမ်းဖက်စစ်အုပ်စု ရဲကားများ ကင်းလှည့်လာသည့်အတွက် သပိတ်မစတင်နိုင်ခဲ့ဘဲ နံနက် ၉ နာရီခန့်ကျ မှသာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူထုသပိတ် ပြုလုပ်နိုင်ခဲ့သည်။

• လောင်းလုံမြို့နယ် ကဒက်ကြီး၊ ပန်းဒလဲ၊ မောင်းမကန်၊ လေးသွန်းခံ စသည့် ကျေးရွာများတွင်လည်း သပိတ်စစ်ကြောင်းများ ထွက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး

• ကန်ကြီးထောင့်မြို့နယ်တွင်း ကျေးရွာများတွင်လည်း NUG အစိုးရထောက်ခံကြောင်း၊ စစ်ကျွန်းပညာရေးစနစ်နှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာရွက်များကိုင်ကာ အိမ်တွင်းသပိတ်များ ပြုလုပ်ခဲ့ကြသည်။

• မြောင်းမြမြို့လယ် လူစည်ကားရာနေရာများတွင် ရောင်စုံစက္ကူများဖြင့် လေယာဉ်ပျံပုံစံများ ခေါက်ကာ စစ်ာအာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများ ရေးသား၍ ဖြန့်ကြဲခဲ့ကာ လေယာဉ်သပိတ် ပြုလုပ်ခဲ့သည်။

• ညောင်တုန်းတွင်လည်း ဒေသခံများက ရောင်စုံစက္ကူများဖြင့် ပန်းပုံများဖော်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး စာများရေးကာ ပန်းပွင့်သပိတ် ပြုလုပ်ခဲ့သည်။

• ဒေးဒရဲတွင်လည်း မြို့ခံလူငယ်များက စစ်ကျွန်ပညာရေး အလိုမရှိကြောင်းနှင့် NUG အစိုးရထောက်ခံကြောင်း ဆိုင်းဘုတ် များ ကိုင်ဆောင်ကာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ရေကြည်တွင် CDM လုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းများ မေလ ၁၀ ရက်နေ့တွင် အလုပ်ပြန်မဝင်ပါက မိသားစုဝင်များ အတွက် တာဝန်မယူကြောင်း ပြောဆိုကာ ဖိအားပေးမှုများ ရှိနေသည်ဟု သိရသည်။

• မအူပင်တွင်လည်း ဒေသခံများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ပြသသည့်အနေဖြင့် မြို့ပေါ်ကျောင်းအချို့ ဆိုင်းဘုတ်များအား ဆေးနီများဖြင့် ပတ်ဖြန်း၍ သွေးသပိတ် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

• မုဒုံတွင် NLD မြို့နယ်ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုဦးနှင့် ဆန္ဒပြခေါင်းဆောင်သူတစ်ဦးအား အသွားအလာကန့်သတ်ာထားသည့် ယမန်နေ့ ည ၁၁ နာရီခန့်က အကြမ်းဖက်စစ်အုပ်စု ရဲနှင့် စစ်သားများက အင်အားအများအပြားသုံးကာ ၎င်းတို့၏ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားကာ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည်။

• မော်လမြိုင်လူငယ်များကလည်း "ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြစို့" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်ယန္တရား အပြီးတိုင်ရပ်တန့်သွားရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ပေါင်မြို့နယ်တွင် အမျိုးသားကာကွယ်ရေးတပ်ကို မြို့ခံလူငယ်များ၊ ကျောင်းသားပြည်သူ၊ ဝန်ထမ်း၊ နည်းပညာကျွမ်းကျင်သူများနှင့် မြို့မိမြို့ဖများ စုပေါင်းကာ ဖွဲ့စည်းလိုက်ပြီဖြစ်ကာ NUG အစိုးရ၏ မူဝါဒနှင့် လမ်းစဉ်များအတိုင်း လိုက်နာဆောင် ရွက်မည်ဟု ကြေညာထားသည်။
• ကျိုက်ထိုနေ လူငယ်များကလည်း စစ်အုပ်စု လုပ်ဆောင်လိုသည့်အချက်မှန်သမျှ ဆန့်ကျင်သည့် "ဘူးသပိတ်" ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။

• သထုံ မြို့မစျေး (အပေါ်စျေး) တွင် ယနေ့ နေ့လယ်ပိုင်း ဗုံးတွေ့ရှိသည်ဟု ဆိုကာ စစ်အုပ်စုလက်နက်ကိုင်အဖွဲ့များ လုံခြုံရေးတင်းကြပ်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၄ ရက်ကလည်း မြို့မစျေး (အောက်စျေး) တွင် ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စျေးအမိုးများပင် ပွင့်ထွက်သွားခဲ့သည်။

ချင်းပြည်နယ်

• ဟားခါးတွင် ဘာသာရေးဆရာတစ်ဦးအပါအဝင် ဒေသခံ ၁၂ ဦးကို အကြမ်းဖက်စစ်အုပ်စုဘက်က ဖမ်းဆီးသွားပြီး ယင်းတို့ထဲမှ ၁၂ ဦးကို ယမန်နေ့ည ၉ နာရီကျော်က ပြန်လွှတ်ပေးခဲ့သော်လည်း နှစ်ဦးကိုမူ ဆက်လက်ထိန်းသိမ်းထားသည်ဟု သိရသည်။ ဖမ်းဆီးခံထားရသူ နှစ်ဦးထဲမှ တစ်ဦးမှာ အသက်မပြည့်သေးသူ ဖြစ်ပြီး စစ်အုပ်စုလက်နက်ကိုင်များ တိုက်ခိုက်ခံရပြီး နောက် ဟားခါးတွင် အင်အားထပ်ဖြည့်ကာ နေအိမ်များအတွင်းထဲထိ ဝင်ရောက်စီးနင်းရှာဖွေမှုများ ဆက်တိုက်ပြုလုပ်နေ ခြင်း ဖြစ်သည်။

• ယနေ့ နံနက် ၁၁ နာရီက မကွေးတိုင်း၊ ကျောက်ထုမှ တပ်ပြောင်းရွှေ့လာသည့် အင်အား ၈၈ ဦးပါ စစ်ကား ၁၃ စီးမှာ ျင်းပြည်နယ် မင်းတပ်မြို့ကို ဖြတ်၍ မတူပီမြို့သို့ ထွက်သွားပြီ ဖြစ်သည်။

• တီးတိန်တွင် စစ်အုပ်စုက မတရားဖမ်းဆီးထားသည့် ပြည်သူများအား ပြန်လွှတ်ပေးရေးအတွက် မြို့ခံများက တီးတိန်မြို့နယ်တရားရုံးရှေ့တွင် စာများကပ်၍ တောင်းဆိုခဲ့သည်။

• မတူပီတွင် CDM လုပ်နေသည့် ပညာရေးဝန်ထမ်းများအား ဖိအားပေးနေသည့် မင်းတပ်ခရိုင် လက်ထောက်ညွှန်ကြားရေး မှူးအပါအဝင် ခုနစ်ဦးကို မတူပီ ပညာရေးဝန်ထမ်းများက အမည်ပျက်စာရင်း ကြေညာလိုက်သည်။

ကချင်ပြည်နယ်

• ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် အကြမ်းဖက်စစ်အုပ်စု ရေယာဉ်အား ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် - KIA က ယမန်နေ့ည ၈ နာရီခန့်က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ စစ်အုပ်စုဘက်က ကချင်ဒေသတွင်း တိုက်ပွဲများတွင် အကျအဆုံးများနေသည့် အခြားဒေသများမှ တပ်ကူများ ဆက်တိုက်စေလွှတ်နေရသည်။

• မိုးမောက်မြို့နယ် စလောင်းကုန်းနှင့် အလောဘွမ်ဘက်တွင် စစ်အုပ်စုဘက်က လေယာဉ်များသုံးကာ ကချင်လွတ်မြောက် ရေးတပ်မတော် - KIA အား ဆက်လက်တိုက်ခိုက်လျက် ရှိသည်။ ယမန်နေ့က မိုးညှင်းမီးရထားလမ်းဘေး တောင်နီ၊ ရွှေကူနှင့် မိုးမောက်တို့တွင် စစ်အုပ်စုလက်နက်ကိုင်များ တိုက်ခိုက်ခံခဲ့ရသည့်အပြင် လေကြောင်းမှ အချင်းချင်းမှားယွင်းပစ်ခတ်မှု ကြောင့် ၃၀၀ ကျော် သေဆုံးကာ ၈၀ ကျော် ဆေးကုသမှု ခံယူနေရကြောင်းလည်း KIA ဘက်က ပြောဆိုထားသည်။

• ဖားကန့်၊ ဆိပ်မူတွင် အခြေခံပညာကျောင်းသားများပါ ပါဝင်သည့် အင်အား ၅၀၀ ကျော်ရှိ ဒေသခံသပိတ်စစ်ကြောင်းက စစ်ကျွန်ပညာရေးနှင့် စစ် အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည်။ ဖားကန့်မြို့ပေါ်တွင်လည်း မှော်ပေါင်းစုံသပိတ်စစ်ကြောင်းက NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း တော်လှန်ဆန္ဒပြခဲ့ကြသည်။ လူအင်အား ရာနှင့်ချီပါဝင်သည့် တာမခန်မြို့သစ် သပိတ်စစ်ကြောင်းကလည်း နေ့စဉ်မပျက် လမ်းပေါ်တက်ကာ စစ်အာဏာ ရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့သည်။ ဖားကန့် အောင်မြေကွက်သစ်၊ မရှီကထောင်၊ ယူမာ စသည့် ရပ်ကွက်များမှ အခြေခံပညာကျောင်းသားနှင့် မိဘပြည်သူများက စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ကြောင်း ရပ်ကွက်များ တွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

• နမ္မတီးတွင်လည်း ပညာရေးအလံများ လွှင့်ထူကာ ဆရာ/ဆရာမများနှင့် မြို့ခံပြည်သူများက အင်အား ၂၀၀ ကျော်ဖြင့် စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• မိုးကောင်းမြို့ခံများက မိုးရွာသွန်းထားသည့်ကြားက လမ်းမများပေါ်ချီတက်ကာ စစ်အာဏာရှင်ယန္တရား အပြီးတိုင်ရပ်ဆိုင်း သွားရေးအတွက် မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။ ဦးထွန်းထွန်းဦး ဆိုသူ ရဲတပ်သားတစ်ဦးမှာ ယမန်နေ့က CDM ပြုလုပ် ထွက်ပြေးသွားသဖြင့် စစ်အုပ်စုဘက်က မြို့တွင်း၌ လှည့်လည်ရှာဖွေလျက်ရှိကာ မိုးကောင်းတွင် CDM ပြုလုပ်သူ ရဲဝန်ထမ်း သုံးဦးအထိ ရှိသည်။

• နောင်မွန်ဒေသတွင် ပြည်သူ့စစ်နှင့် ရဝမ်ရိုးရာယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များက KIA အား ပြန်လည်တိုက်ခိုက်ရန်အတွက် လိုက်လံစည်းရုံးကာ ပြည်သူ့စစ်အဖွဲ့တွင် စစ်သင်တန်းတက်ရောက်ရန်လည်း တစ်အိမ်တက်ဆင်း သွားကာ လက်ဆောင်များပေး၍ စည်းရုံးလျက်ရှိသည်။

ကယားပြည်နယ်

• ဒီးမော့ဆိုတွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကာ NUG အစိုးရနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်အုပ်စု၏ မတရားသည့် လုပ်ဆောင်မှုများအား နည်းပေါင်းစုံဖြင့် တိုက်ထုတ်ရှင်းလင်းသွားမည်ဟု ကြေညာထားသည်။

• လွိုင်ကော်၊ နာနတ်တောရပ်ကွက် အထက်တန်းကျောင်းအဝင် ဆိုင်းဘုတ်နှင့် အုတ်နံရံများတွင် စစ်ကျွန်ပညာရေး အလိုမရှိ ကြောင်းစာများကို ဒေသခံလူငယ်များက ဆေးအနီများဖြင့် ရေးသားကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။

• လွိုင်ကော်၊ ထေးငှားလျားကျေးရွာ အထက်တန်းကျောင်းတွင်လည်း ဒေသခံများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း စာများရေးသားကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။

• ကယားပြည်နယ်တွင်း CDM လုပ်နေသည့် လျှပ်စစ်ဝန်ထမ်း ၂၅ ဦးနှင့် နေ့စားဝန်ထမ်း ၇၀ ကျော်ကို စစ်အုပ်စုက အလုပ်မှ ထုတ်ပစ်လိုက်သည်။ CDM မလုပ်ဘဲ စစ်အုပ်စုလက်အောက် ဆက်လက်အလုပ်လုပ်ကိုင်နေသည့် ကယားပြည်နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းနှစ်ဦးကိုမူ ရာထူးတိုးပေးထားသည်။

ကရင်ပြည်နယ်

• ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းဘေးရှိ စစ်အုပ်စု၏ အူးသူးထာ့ စခန်းအား ယနေ့နံနက်ပိုင်းက KNU တပ်မဟာ ၅ တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ လက်နက်ကြီးကျည်အချို့ သိမ်းဆည်းရမိပြီး စစ်အုပ်စုလက်နက်ကိုင်များမှာ ယမန်နေ့ညကတည်းက စခန်းအား စွန့်ခွာထွက်ပြေးသွားပြီ ဖြစ်သည်။

• ယနေ့ နေ့လယ် ၁၁ နာရီခန့်က KNU နှင့် ရခိုင်ပြည်တပ်မတော် (ANC/AA) တို့ပူးပေါင်းကာ တပ်မဟာ (၅) နယ်မြေ၊ မူတြော်ခရိုင်တစ်ခုတွင်းရှိ စစ်အုပ်စုစခန်းတစ်ခုအား တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါစခန်းရှိ စစ်အုပ်စု တပ်ဖွဲ့များမှာ ထိုင်းအာဏာပိုင်များ အကူအညီဖြင့် အခြားတပ်စခန်းတစ်ခုသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။

• ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြခတ်ချောင်းဒေသခံများကလည်း အင်အား ၂၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ကရင်နီပြည်နယ်တွင် စစ်မှန်သည့် ဖယ်ဒရယ်ဒီမိုကရေစီနစနစ် ဖော်ဆောင်ရန်၊ မြို့နယ်အလိုက် ချိတ်ဆက်၍ တော်လှန်ရေး အား အတူတကွပူးပေါင်းဆောင်ရွက်ရန်၊ စစ်အုပ်စုဆန့်ကျင်ရေး လှုပ်ရှားမှုများအား ကာကွယ်ပေးရေး၊ NUG/CRPH နှင့် ဒေသတွင်း တရားဝင်လက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်၍ စစ်အုပ်စုအား တိုက်ခိုက်သွားရန် ရည်ရွယ်ချက်များဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ရှမ်းပြည်နယ်

• ကျောက်မဲတွင် ဒေသခံများက ဆိုင်ကယ်စီးရေ ၇၀ ခန့်ဖြင့် မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်ယန္တရား အပြီးတိုင် ရပ်ဆိုင်ရေး ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ ကျောက်မဲမြို့လယ် အိမ်ခြံဝန်းမျက်နှာစာများတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း နွေဦးတော်လှန်ရေးအမှတ်အသား ပန်းချီများကို စစ်အုပ်စုလက်နက်ကိုင်များက ယနေ့နေ့လယ်ပိုင်းတွင် ဆေးဖြူများ ပတ်၍ လာရောက်ဖျက်ဆီးသွားသည်။ ကျောက်မဲတွင် ယမန်နေ့ည အသွားအလာကန့်သတ်ထားသည့် ၁၁ နာရီခန့်က အသက် ၁၇ နှစ်အရွယ် မောင်ရဲမင်းပိုင်နှင့် အသက် ၂၇ နှစ်အရွယ် မောင်ကျော်ဇင်ဗိုလ်တို့အား စစ်အုပ်စုလက်နက်ကိုင်များ က နေအိမ်များသို့ အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုမူ မသိရသေးပေ။

• မူဆယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဝင်ပေါက်များဖြစ်သည့် နန်းတော်ပေါက်နှင့် မန့်ဝိန်းပေါက်တို့တွင် မူဆယ်လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• တောင်ကြီးတွင်လည်း လူငယ်တစ်စုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ရခိုင်ပြည်နယ်

• စစ်တွေတက္ကသိုလ်တွင် CDM လုပ်နေသည့် တွဲဖက်ပါမောက္ခမှ သရုပ်ပြအဆင့်ထိ ဆရာ/ဆရာမ ၃၆၅ ဦးအား တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်။

နေပြည်တော်

• နေပြည်တော်၊ ပျဉ်းမနား ကျောင်းသားသမဂ္ဂနှင့် မြို့နေပြည်သူများ စုပေါင်း၍ "အပြင်းစားလာမယ့် ပျဉ်းမနားသပိတ်" စစ်ကြောင်းဖွင့်ကာ မြို့တွင်းလှည့်လည်၍ ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင်လည်း လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပျောက်ကြားလှုပ်ရှားမှုများကို ဘုရားများ၌ ပြုလုပ်ခဲ့သည်။

မေ ၇ သုံးသပ်ချက်

• ရန်ကုန်မြို့တွင် လူအင်အား အများအပြား ပါဝင်သည့် သပိတ်များ ဆက်တိုက်ရှိလာနေပြီဖြစ်ကာ မြို့နယ်သပိတ်စစ်ကြောင်း များလည်း ပြန်ထွက်လာကြပြီ ဖြစ်သည်။ စစ်အုပ်စုနှင့် ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်း အဆောက်အအုံများတွင် လည်း ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် လှည့်ကင်းပုံစံဖြင့် အိမ်စီးကားနှင့် ပြည်သူများအား တားဆီး စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေရကာ အင်အားနည်းပါးနေသည့်အတွက် ပညာသည်တပ်ဖြစ်သည့် အင်ဂျင်နီယာတပ်မှ စစ်သားများကိုပါ အသုံးပြုနေရသည်။

• မန္တလေးတွင် သပိတ်များ အားကောင်းနေကာ လူအင်အားလည်း ပိုမိုများပြားလာနေသည်။ သပိတ်များဖြိုခွဲမှုကို စစ်အုပ်စုဘက်က လုံခြုံရေးနည်းပါးနေသည့်အတွက် အရပ်ဝတ်လက်နက်ကိုင်များကိုသာ အဓိကသုံး၍ ဖြိုခွဲမှုများ လုပ်နေရပြီး စစ်အုပ်စုဒေါက်တိုင် ယန္တရားရုံးများတွင်လည်း ပေါက်ကွဲမှုများ မကြာခဏ ကြုံတွေ့နေရသည့်အတွက် စစ်အုပ်စုဘက်တွင် လုံခြုံရေးအင်အားနည်းနေမှုကို ဖော်ပြလျက် ရှိသည်။

• တိုင်းရင်းသားဒေသနှင့် နယ်မြို့ကြီးများတွင် သပိတ်များ ပိုမိုအားကောင်းလာခဲ့ကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း သပိတ်များတွင် အခြေခံပညာအဆင့် ကျောင်းသားငယ်များပါ ပါဝင်လာနေသည်။ စစ်အုပ်စုဘက်က လက်နက်ဖြင့် ပြန်လည်ခုခံသည့် မြို့များတွင် လုံခြုံရေးအင်အားတိုးရန် စီစဉ်မှုများ ရှိနေပြီး လက်နက်ကြီးများပါ သုံးစွဲတိုက်ခိုက်ရန် တာစူလျက် ရှိသည်။

• စစ်အုပ်စုတွင် နိုင်ငံတကာ ဖိအားနည်းနေသော်လည်း နေရာစုံတွင် ရှိနေသည့် သပိတ်ပုံစံမျိုးစုံနှင့် ခုခံမှုများကြောင့် အုပ်ချုပ် ရေးယန္တရား ပြန်လည်တည်ဆောက်ရန် ခက်ခဲလျက် ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများတွင်လည်း စစ်အုပ်စုဘက်က အကျအဆုံးများနေသည့်အပြင် ပြည်သူများနှင့် ဖြစ်ပွားသည့် မြို့ပေါ်ပျောက်ကြားတိုက်ပွဲများတွင်လည်း အထိအခိုက်များနေကာ လက်နက်ခဲယမ်းများ ဆုံးရှုံးနေသည့်အတွက် စိတ်ဓာတ်ရေးရာအရ အကျဘက်သို့ ရောက်ရှိနေ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required