မြန်မာထံ စစ်လက်နက် မရောင်းချဟု ဂျပန် ကတိပြု

မြန်မာထံ စစ်လက်နက် မရောင်းချဟု ဂျပန် ကတိပြု
Photo - AFP

မေ ၇

မြန်မာအာဏာသိမ်းစစ်တပ်ထံ စစ်လက်နက်များနှင့် စစ်ဘက်ပစ္စည်းများ ‌ရောင်းချမှု ရပ်ဆိုင်းရန် ဂျပန်နိုင်ငံက ကတိပြုခဲ့ပြီး ထိုကဲ့သို့ ဂျပန်၏ ဆုံးဖြတ်ကတိပေးမှုကို ကြိုဆိုကြောင်း ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က မေလ ၆ ရက်တွင် ထုတ်ဖော်ခဲ့သည်။

မေလ ၅ ရက် ဂျီ ၇ နိုင်ငံခြားရေး၀န်ကြီးများ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဂျပန်က အောက်ပါ စကားအသုံးအနှုန်းများကို လက်မှတ်ထိုးဖော်ပြခဲ့သည်။

“မြန်မာကို လက်နက်အားလုံး အပါအ၀င် စစ်လက်နက်ပစ္စည်းတွေ နဲ့ အခြား စစ်တပ်နဲ့ ဆက်စပ် ပစ္စည်းတွေကို ဖြည့်ဆည်းထောက်ပံ့မှု၊ ရောင်းချမှု ဒါမှမဟုတ် လွှဲပြောင်းပေးမှုနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်မှု ပံ့ပိုးမှုတို့ကို ဆက်ပြီး တားဆီးသွားဖို့ မိမိတို့ ကတိပြုဆုံးဖြတ်ပြီးဖြစ်ပါတယ်”

ယင်းသည် အာဏာသိမ်း မြန်မာစစ်တပ်ထံ လက်နက်များနှင့် စစ်ဘက်ပစ္စည်းများ ရောင်းချခြင်း သို့မဟုတ် ထောက်ပံ့ခြင်း မပြုပါဟု ဂျပန်နိုင်ငံက ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ကတိပြုလိုက်ခြင်းလည်းဖြစ်သည်။

၂၀၂၁ မတ်လက မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလကိုယ်စားလှယ် တွန် အန်ဒရူးစ်က မြန်မာအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်မိန့် ချထားသည့် နိုင်ငံများစာရင်းတစ်ခုကို ထုတ်ဖော်ခဲ့ရာ ယင်းထဲတွင် ဂျပန် မပါ၀င်ခဲ့ပေ။

မြန်မာကို ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်မိန့် ချမှတ်ရန် ကုလ လုံခြုံရေးကောင်စီကို တောင်းဆိုသည့် ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကိုလည်း နိုင်ငံတကာအဖွဲ့အစည်း ၂၀၀ ကျော်က ထုတ်ပြန်ခဲ့သေးသည်။

ဂျပန်သည် မြန်မာကို စစ်လက်နက် ရောင်းချမှု ပိတ်ပင်မိန့် ချမှတ်သည့် ၄၃ နိုင်ငံမြောက် နိုင်ငံဖြစ်လာခဲ့သည်။ နိုင်ငံပေါင်း ၁၄၉ နိုင်ငံသည် လက်ရှိအချိန်အထိ လက်နက် ရောင်းချမှု ပိတ်ပင်မိန့် ချမှတ်ထားခြင်း မရှိသေးပေ။ သိသာထင်ရှားသည်က ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအပေါ် လက်နက် ရောင်းချမှု ပိတ်ပင်မိန့်များ ထုတ်ပြန်သည့် နိုင်ငံနှစ်နိုင်ငံဖြစ်သည့် တောင်ကိုရီးယားနှင့် ဂျပန်တို့သည် အာရှနိုင်ငံများ ဖြစ်ပြီး ယင်းတို့သည် အစဉ်အလာအားဖြင့် ယခင်က မြန်မာစစ်တပ်ကို အ‌ရေးယူရန် ဆန္ဒမရှိခဲ့သည့် နိုင်ငံများ ဖြစ်ခဲ့သည်။

ဂျီ ၇ အစည်းအဝေးကို ယူကေက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ယခုကဲ့သို့ မြန်မာထံ လက်နက်မရောင်းချဟု ဂျပန်၏ လူသိရှင်ကြား ကတိပြုမှုကို ရယူနိုင်ခဲ့ခြင်းက ဗြိတိန်အစိုးရအတွက် သံတမန်ရေးရာ အောင်မြင်မှုတစ်ခုလည်း ဖြစ်သည်။

မြန်မာအပေါ် စစ်လက်နက် ရောင်းချမှု ပိတ်ပင်မိန့် ချမှတ်သည့် နိုင်ငံများပါ၀င်သည့် ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့တစ်ခု ထူထောင်ရန်လည်း Burma Campaign UK က ဗြိတိန်အစိုးရကို တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly