ဒေါက်တာဇော်မြင့်မောင် အာမခံရရှိရန် နှစ်ဖက်အပြီးသတ်လျှောက်လွှဲချက် မေ ၁၃ တွင် ချိန်းဆို

ဒေါက်တာဇော်မြင့်မောင် အာမခံရရှိရန် နှစ်ဖက်အပြီးသတ်လျှောက်လွှဲချက် မေ ၁၃ တွင် ချိန်းဆို

မေ ၇

စစ်ကောင်စီက ပုဒ်မနှစ်ခုတပ်ကာ ဖမ်းဆီးထားသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် ဆေးဝါးကုသရန်လိုအပ်သောကြောင့် အာမခံရရှိရန် နှစ်ဖက်အပြီးသတ်လျှောက်လွှဲချက်ကို မန္တလေး ခရိုင်တရားရုံးက မေ ၁၃ ရက်သို့ ချိန်းဆိုထားရှိကြောင်း  တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သော မေ ၄ ရက်က ဒေါက်တာဇော်မြင့်မောင်အတွက် အာမခံပေးသင့်/ မပေးသင့် အမိန့်ချမှတ်ရ မည့်အပေါ် မန္တလေးခရိုင်တရားရုံးက အစိုးရဘက်မှ ဥပဒေအရာရှိကိုဆင့်ခေါ်၍ မေ ၁၃ ရက် ရုံးချိန်းတွင် နှစ်ဘက် အပြီးသတ်လျှောက်လွှဲချက်ပေးရန် ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ ဥပဒေအမြင်ကတော့ ပေးသင့်တယ်။ သူ့ ကျန်းမာရေးအခြေအနေက အခုမှ ဖြစ်လာတာမဟုတ်ဘူး။ အစောပိုင်းထဲက ဆေးဝါးကုသနေရတာ။ အခုလည်း သမားတော်ငါးဦးပါ ဘုတ်အဖွဲ့ဆုံးဖြတ်ချက်နဲ့ ဆေးကုသနေရတယ်။  ကျင့်ထုံး ၄၉၇/၁ အရလည်း ဆေးကုသဖို့ပေါ်ပေါက်နေရင် ပေးရမယ်လို့ ပြောထားတာရှိတယ်။  ကျွန်တော်တို့ဘက်ကတော့ သေချာအောင်ကြိုးစားဆောင်ရွက်မှာပါ။  (မေ ၇)ရက်မှာ ဒေါက်တာဇော်မြင့်မောင်နဲ့ တွေ့ဆုံဖို့ရှိပါတယ်” ဟု ၎င်းက သုံးသပ်ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တရားရုံးတွင် ဧပြီလ ၉ ရက်၌ ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအတွက် အာမခံလျှောက်ထားရာ ပယ်ချခံခဲ့ရသောကြောင့် ဧပြီ ၂၀ ရက်တွင် မန္တလေး ခရိုင်တရားရုံးသို့ ရာဇဝတ်ထွေအထွေအမှု အမှတ် ၃၁/၃၂ အရ အယူခံဝင်လျှောက်ထားတင်ပြခဲ့ရာ လက်ခံခဲ့ကြောင်း ဆိုသည်။

ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်ဆီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/၃၀ (က) များဖြင့်  စစ်ကောင်စီက အမှုဖွင့် ဖမ်းဆီးထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required