အလော့ဘွမ်တောင်ခြေရင်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

အလော့ဘွမ်တောင်ခြေရင်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

မေ ၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မြို့သစ် ကုန်းလောဘက်ကမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO/ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကိုပြောပါတယ်။

စစ်ကောင်စီရဲ့တပ်တွေက လေကြောင်းရော၊ မြေပြင်တပ်တွေသာမက လက်နက်ကြီးပစ်ကူတွေနဲ့ပါ လာရောက်တိုက်ခိုက်နေတာလို့ သူကဆိုပါတယ်။

“ တိုက်ပွဲအခြေအနေက ဒီနေ့တော်တော်လေးပြင်းထန်တယ်လို့ ကြားရပါတယ်။ ခါတိုင်းဖြစ်တဲ့ အလော့ဘွမ်တောင်ခြေရင်းဘက်မှာပေါ့နော်။ မြို့သစ် ကုန်းလော အဲ့ဘက်မှာပေါ့။ လေကြောင်းနဲ့လည်းတိုက်တယ်။ လက်နက်ကြီးနဲ့လည်းပစ်တယ်။ မြေပြင်ကလည်းတက်လာတယ်။ အဲ့လောက်တော့ ကျွန်တော်သိထားပါတယ် ” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အဲ့ဒီ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ နီးပါးသေပြီး ၈၀ ကျော်ဒဏ်ရာရရှိကာ တပ်ဆုတ်သွားတယ်လို့ ကချင်သတင်းအရင်းမြစ်တွေက ဖော်ပြနေကြပေမယ့် KIA ဘက်ကတော့ အတည်မပြုသေးပါဘူး။

“ အဲ့တာတော့ ကျွန်တာ်အတည်ပြုပေးလို့မရသေးဘူး။ ဒီနေ့ စစ်ရေးသတင်းတွေအကုန်ကျွန်တော့်ဆီမရောက်သေးဘူး ” လို့ ဗိုလ်မှူးကြီးနော်ဘူကဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး မြေပြင်ထိုးစစ်ပါပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ဘဲ အကျအဆုံးတွေနဲ့ ပြန်ဆုတ်သွားရတယ်လို့ ကချင်ပြည်နယ်အခြေစိုက် လူမှုမီဒီယာတချို့မှာဖော်ပြနေတာပါ။

အလော့ဘွမ်တပ်စခန်းကို KIA က ပြီးခဲ့တဲ့ မတ်လ ၂၅ ရက် မနက် ၅ နာရီလောက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက ပြန်လည်သိမ်းယူဖို့ကြိုးစားနေရာ မအောင်မြင်ဘဲအကျအဆုံးများနေတာလည်းဖြစ်ပါတယ်။

အလောဘွမ်ဗျူဟာကုန်း စစ်စခန်းကို မေလ ၅ ရက်နေ့ ညပိုင်းကလည်း အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက လေယာဉ်တစ်စင်းနဲ့ နှစ်ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly