မဇ္ဈိမ အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်အမှု လာမည့်ရုံးချိန်းတွင် တရားလို စစစ်မည် 

မဇ္ဈိမ အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်အမှု လာမည့်ရုံးချိန်းတွင် တရားလို စစစ်မည် 

မေ ၆

ဖမ်းဆီးခံထားရသည့် မဇ္ဈိမ သတင်းဌာနရဲ့အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကို  မေလ ၆ ရက်နေ့ မွန်းလွဲပိုင်းအချိန်က နေပြည်တော် ဇမ္ဗူသီရိမြိုနယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီးနောက် လာမည့် ရုံးချိန်တွင် တရားလို ကိုစတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။ 

“ ဒီကနေ့ ရုံးချိန်းမှာက  မှုခင်းစီမံခန့်ခွဲမှု လုပ်တာပါ။ မှုခင်းအကြိုညှိနှိုင်းအစည်းအဝေးပါ။ ဘယ်နေ့မှာဘယ်သူကို စစ်မလဲ လုပ်တာပါ။နောက်ရုံးချိန်းမှာ တရားလိုလာရင် တရားလိုကိုစစ်မည် ” ဟုလိုက်ပါဆောင်ရွက်ပေးနေသူတဦးက 
မဇ္ဈိမ ကိုဆိုသည်။ 

ဖမ်းဆီးခံထားရသည့် ကိုသန်းထောက်အောင်ကို ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး ရုံးချိန်းကို လူကိုယ်တိုင် ရုံးထုတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ 

မှုခင်းစီမံခန့်ခွဲမှုဆိုသည်မှာ တရားရုံးများတွင် အမှုများကို ကြန့်ကြာမှု မရှိစေရန် အတွက် အချိန်ကာလတစ်ခုအတွင်း အပြီးစစ်ဆေးဖို့ ညှိနှိုင်းကြသည့် အစီစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။ 

ဆက်လက်ပြီး လိုက်ပါဆောင်ရွက်ပေးနေသူ တစ်ဦးက “အာဏာရှင်စနစ်ကြရှုံးပါစေဆိုတဲ့ စကားလုံး ၊ တရားမဝင်စစ်ကောင်စီကနေပြီး မဇ္ဈိမ အပါအဝင် မီဒီယာငါးခုကို ရုတ်သိမ်းလိုက်တဲ့အကြောင်း ၊ အာဏာရှင်ကျရှုံး ပါစေဆိုပြီးလက်သုံးချောင်းထောင်ပြီး ရိုက်ထားတဲ့ပုံ အဲဒီသုံးခုအရ  နိုင်ငံတော်ကိုအကြည်ညိုပျက်လာအောင် ၊ ဆန့်ကျင်လာအောင် ၊ ဝန်ထမ်းတွေကိုသူတို့ရဲ့တာဝန်ဝတ္တရား ပျက်ကွက်အောင် လှုပ်ဆော်ပေးလို့ဆိုပြီး ကိုသန်းထိုက်အောင်ကို ၅၀၅(က) နဲ့တရားစွဲဆိုတာ  “ ဟု ဆိုသည်။ 

မဇ္ဈိမ အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်နှင့် ဘီဘီစီသတင်းထောက် ကိုအောင်သူရတို့ ၂ ဦးမှာ လွန်ခဲ့သည့် မတ် လ ၁၉ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးရှေ့တွင် NLD ပါတီ နာယက ဦးဝင်းထိန်၏ ရုံးထုတ်ကို သတင်း ရ ယူနေစဉ် စစ်ဖက်ရေးရာ လုံခြုံရေးတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထိုသို့ဖမ်းခံရပြီးနောက် ဘီဘီစီသတင်းထောက် ကိုအောင်သူရမှာ မတ်လ ၂၂ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ သော်လည်း ကိုသန်းထိုက်အောင်မှာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ယနေ့တွင် တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ခြင်း လည်း ဖြစ်သည်။ လာမည့် ရုံးချိန်းကို မေလ ၂၀ ရက်နေ့သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာရယူပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးခံရသူ သတင်းသမားပေါင်း ၇၀ ကျော်ရှိသည့်အနက် ၃၀ ဦးမှာ ပြန်လွတ်လာပြီး၊ ၄၀ ဦးထက်မနည်း အချုပ်နှင့် တရားရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly