အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးစစ်တပ် ပစ်သတ် 

အနောက်ဖက်ကမ်းမှာ ပါလက်စတိုင်းလူငယ်တစ်ဦးကို အစ္စရေးစစ်တပ် ပစ်သတ် 
Photo - AFP

မေ ၆

အနောက်ဖက်ကမ်းမှာ ဗုဒ္ဓဟူးနေ့က ပါလက်စတိုင်း လူငယ်တစ်ဦးကို အစ္စရေးစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ 

နာဘလက်စ်အနီး မြောက်ပိုင်း အိုဒလာဧရိယာမှာ အစ္စရေးတပ်တွေက ကျည်စစ်တွေနဲ့ ပစ်တာကြောင့် အသက် ၁၆ နှစ်အရွယ် ယူဆက်မူဟာမတ်အော်ဒက်ရှ်ဟာ ဆိုးဆိုးဝါးဝါး ရရှိခဲ့တဲ့ ဒဏ်ရာတွေကို မလွန်ဆန်နိုင်ဘဲ သေဆုံးခဲ့ရတယ်လို့ ဝန်ကြီးဌာနက ဖြည့်စွက်ပြောပါတယ်။ 

လူငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေသယ်ယူခဲ့ရကြောင်းလည်း ပါလက်စတိုင်း ကြက်ခြေနီအဖွဲ့က အတည်ပြုပါတယ်။ 

ပစ်ခတ်ခံရပြီး အခြား လူငယ်တစ်ဦး ဒဏ်ရာရလို့ ဆေးရုံတင်ပို့ခဲ့ကြောင်းလည်း ကြက်ခြေနီအဖွဲ့က ဆိုပါတယ်။ 

အေအက်ဖ်ပီရဲ့ ဆက်သွယ်မေးမြန်းမှုအရ နာဘလက်စ်တောင်ပိုင်း ပုံမှန်စစ်ဆင်ရေးအတွင်းမှာ စစ်သားတွေကို မီးလောင်ဗုံးတွေနဲ့ လှမ်းပစ်ကြတာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ 

“စစ်သားတွေဟာ သူတို့ဆီ ပစ်ခတ်နေတဲ့ သံသယရှိသူတွေ ရပ်တန့်သွားအောင် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်”လို့ စစ်တပ်က ပြောပြီး ဒဏ်ရာရ စစ်သား မရှိကြောင်းနဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှာ ဖြစ်ကြောင်း ထပ်လောင်း ပြောပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အစ္စရေးသုံးဦးကို ပစ်ခတ်တဲ့ ပါလက်စတိုင်းတစ်ဦးအား ရှာဖွေတွေ့ရှိရေးအတွက် အစ္စရေးစစ်တပ်ဟာ အနောက်ဖက်ကမ်းမှာ ဒီ သီတင်းပတ်အတွင်း လူရှာဖွေမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်ခံရတဲ့ အစ္စရေး သုံးဦးမှာ ၁၉ နှစ်အရွယ်တစ်ဦးက ဒဏ်ရာကြောင့် ဗုဒ္ဓဟူးနေ့မှာ သေဆုံးသွားရတယ်လို့ အစ္စရေးသတင်းတွေမှာ ဖော်ပြပါတယ်။ 

နာဘလက်စ်တောင်ပိုင်း လမ်းဆုံတစ်ခုက ဘတ်စ်ကားမှတ်တိုင်မှာ ပစ်ခတ်သွားတာဖြစ်ပြီး အဲဒီ ပစ်ခတ်သူဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။  

ဒီ သံသယရှိသူဟာ အသက် ၄၄ နှစ်အရွယ် မွန်တာဆာရှာလဘီဖြစ်ပြီး ရာမယ်လက်ရှ်အနီးက ဆဲလ်ဝတ်ဒ်ရွာမှာ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိတယ်လို့ အစ္စရေး လုံခြုံရေးတပ်က ပြောကာ သူဟာ မည်သည့် အကြမ်းဖက်အဖွဲ့အစည်းဝင်မှ မဟုတ်ဘူးလို့ ဖြည့်စွက်ဆိုပါတယ်။ 

ပါလက်စတိုင်းသတင်းရင်းမြစ်တွေအရတော့ ရှာလဘီဟာ အမေရိကန်နိုင်ငံသားပါ ခံယူထားသူဖြစ်တယ်လို့ ပြောကြပါတယ်။ 

ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ အနောက်ဖက်ကမ်းကို ၁၉၆၇ ခုနှစ်ကပြီး အစ္စရေးစစ်တပ်က ကျူးကျော်သိမ်းပိုက်ထားခဲ့တာပါ။ 

ဒီ ပိုင်နက်ထဲမှာ နေထိုင်သူ ပါလက်စတိုင်း ၂ ဒသမ ၈ သန်း ရှိသလို နိုင်ငံတကာဥပဒေအရ တရားမဝင်ဘူးလို့ ယူဆထားတဲ့ အခြေစိုက်အိမ်ရာတွေမှာ နေထိုင်နေတဲ့ အစ္စရေး ၄၇၅၀၀၀ နီးပါး ရှိပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required