အာဏာသိမ်းစစ်အုပ်စုကို အရေးယူမှုအသစ်များ ထပ်လုပ်ရန် အသင့်ရှိဟု ဂျီ-၇ ပြော

အာဏာသိမ်းစစ်အုပ်စုကို အရေးယူမှုအသစ်များ ထပ်လုပ်ရန် အသင့်ရှိဟု ဂျီ-၇ ပြော
Photo - AFP

မေ ၆

ဖေဖေါ်၀ါရီ ၁ ရက်က အာဏာသိမ်းယူထားခဲ့သည့် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်သွားနိုင်ကြောင်း ကမ္ဘာ့စက်မှုထိပ်သီး ၇ နိုင်ငံ (ဂျီ-၇) အုပ်စုက မေလ ၅ ရက်တွင် သတိပေးခဲ့သည်။

ဂျီ-၇ အုပ်စု နိုင်ငံခြားရေး၀န်ကြီးများသည် နှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံသည့် အစည်းအဝေးတစ်ခုအတွင်း မြန်မာနှင့်ပတ်သက်ပြီး အထက်ပါအတိုင်း ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ အာဏာသိမ်းမြန်မာစစ်တပ်အနေဖြင့် နောက်ကြောင်း ပြန်မလှည့်ဘူးဆိုပါက မိမိတို့ဘက်က နောက်ထပ် အရေးယူလုပ်ဆောင်သွားမည့် အဆင့်များ အသင့်ရှိနေကြောင်း ဂျီ-၇ နိုင်ငံခြားရေး၀န်ကြီးများက ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံထားရသည့် ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး အာဏာသိမ်းယူထားခဲ့တဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးများကို ဂျီ-၇ နိုင်ငံများက အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။

ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါနှင့် ဂျပန် တို့ ပါ၀င်သည့် ဂျီ-၇ အုပ်စု နိုင်ငံခြားရေး၀န်ကြီးများတွေ့ဆုံရာတွင် တရုတ်၊ ရုရှားနှင့် အီရန်တို့အပေါ်တွင်လည်း ဝေဖန်မှုများ လုပ်ဆောင်သွားခဲ့သည်။

တရုတ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသလို ဒီမိုကရေစီလိုလားသည့် ပုဂ္ဂိုလ်များအပေါ် ဖြိုခွင်းနှိမ်နင်းမှု လုပ်နေကြောင်း ဂျီ-၇ နိုင်ငံခြားရေး၀န်ကြီးများက စွပ်စွဲခဲ့သည်။

အလားတူ ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်ရန်လိုမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းလည်း ဂျီ-၇ အုပ်စုက ထုတ်ဖော်ခဲ့သည်။

ထို့ပြင် အီရန် အကျဉ်းထောင်များတွင် တစ်ဖက်သတ် ထိန်းသိမ်းခံထားရသည့် နိုင်ငံခြားသားများ၊ နှစ်နိုင်ငံသား ခံယူထားသူများကို ပြန်လွှတ်ပေးရေးအတွက်လည်း ဂျီ-၇ အုပ်စုက တီဟီရန်ကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly