ဓာတ်ငွေ့ရောင်းချရမှုကနေ မြန်မာစစ်တပ် ဒေါ်လာ သန်းရာချီ ရရှိဟု ပြင်သစ်သတင်းစာ ဖော်ပြ

ဓာတ်ငွေ့ရောင်းချရမှုကနေ မြန်မာစစ်တပ် ဒေါ်လာ သန်းရာချီ ရရှိဟု ပြင်သစ်သတင်းစာ ဖော်ပြ
Photo - AFP

မေ ၅

ပြင်သစ်စွမ်းအင်ကုမ္ပဏီ Total က အကျိုးအမြတ်ရနေသည့် ပိုက်လိုင်းတစ်ခုနှင့် ဆက်စပ်သော ဘဏ္ဍာရေးစီစဉ်ဆောင်ရွက်မှုတစ်ခုကနေတဆင့် အာဏာသိမ်းမြန်မာစစ်အုပ်စုသည် ဓာတ်ငွေ့ရောင်းချရမှုများကနေ ဒေါ်လာ သန်းရာချီ ရရှိထားခဲ့ကြောင်း ပြင်သစ်သတင်းစာတစ်စောင်က မေလ ၄ ရက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီလ အာဏာသိမ်းပြီးနောက်ပိုင်း လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းမှုများ လုပ်နေခဲ့သည့် အာဏာသိမ်းစစ်အုပ်စုကို ဘဏ္ဍာငွေကြေး ထောက်ပံ့မှု ရပ်ဆိုင်းရေးအတွက် Total အပေါ် ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများက ၀ိုင်း၀န်းဖိအားပေးလျက် ရှိသည်။

ရတနာဓာတ်ငွေ့လုပ်ကွက်နှင့် ထိုင်းနိုင်ငံအကြား ချိတ်ဆက်ထားသည့် ပိုက်လိုင်းကို ပိုင်ဆိုင်သော မုတ္တမ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (MGTC) တွင် Total နှင့် စစ်တပ်ထိန်းချုပ်သော မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းတို့က အစုရှယ်ယာများ ပိုင်ဆိုင်ထားသည်။

၁၉၉၄ ခုနှစ်တွင် စတင်ထူထောင်ပြီး ဘာမြူဒါတွင် မှတ်ပုံတင်ခဲ့သည့် MGTC သည် ဓာတ်ငွေ့သယ်ယူပို့ဆောင်မှုအတွက် မတန်တဆ စျေးနှုန်းများ သတ်မှတ်ခဲ့ကြောင်း ကုမ္ပဏီ၏ စာရင်းများကို ကိုးကားပြီး Le Monde သတင်းစာက ဖော်ပြသည်။

ထိုသို့ စီစဉ်ဆောင်ရွက်မှုအရ ဓာတ်ငွေ့သယ်ယူပို့ဆောင်မှုကို နည်းပါးသော နှုန်းထားတစ်ရပ်ဖြင့် အခွန်ကောက်ခံခဲ့ခြင်းကြောင့် နိုင်ငံအနေဖြင့် ရေနံဓာတ်သတ္ထုတူးဖော်ခွင့်အတွက် ရရှိသော ငွေကြေးပမာဏ လျော့သွားခဲ့ကြောင်း Le Monde က ဖော်ပြသည်။

ယင်းသို့ လုပ်ဆောင်မှုနှင့်အတူ အာဏာသိမ်းစစ်တပ်အနေဖြင့် ယင်း၏ ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီကနေတဆင့် ဓာတ်ငွေ့ ပို့ဆောင်မှုကနေ ငွေကြေးများကို တိုက်ရိုက် ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင် Total ၏ ပါတနာဖြစ်သည့် မုတ္တမ ဓာတ်ငွေ့ပို့ဆောင်မှုကုမ္ပဏီ MGTC သည် အနုတ်အသိမ်း ဒေါ်လာ ၅၂၃ သန်းနီးပါးအထိ ရှိခဲ့ပြီး ကုန်ကျစရိတ် ဒေါ်လာ ၁၁ သန်းမျှ ရှိခဲ့သည်ဟု ကြေညာထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required