စစ်အုပ်စု၏ ဆွေမျိုးများကို သြစတြေးလျ ပြည်ထဲရေးဌာနက စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေ

စစ်အုပ်စု၏ ဆွေမျိုးများကို သြစတြေးလျ ပြည်ထဲရေးဌာနက စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေ

မေ ၅

သြစတြေးလျတွင် နေထိုင်လျက် ရှိသည့် မြန်မာအာဏာသိမ်းစစ်အုပ်စု ဆွေမျိုးများကို ယခုအခါ သြစတြေးလျ ပြည်ထဲရေး၀န်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။ အဆိုပါ စစ်အုပ်စု၏ သြစတြေးလျရောက် ဆွေမျိုးများသည် မြန်မာနိုင်ငံ၌ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ္ဍာရေး အထောက်အပံ့များ လက်ခံရရှိ သို့မဟုတ် ပိုင်ဆိုင်မှုများကို လက်သင့်ခံပေးနေနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေစဥ် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခြင်း ဖြစ်သည်။

မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ အကြီးတန်းအဖွဲ့၀င်များ၏ ဆွေမျိုးပုဂ္ဂိုလ် ၂၂ ဦးထက်မနည်း သြစတြေးလျတွင် နေထိုင်လျက် ရှိကြောင်း The Age နှင့် The Sydney Morning Herald က ထုတ်ဖော်နိုင်သည်။

ထို့ပြင် သြစတြေးလျအစိုးရသည် မြန်မာနိုင်ငံသားများ၏ ဗီဇာများကို သက်တမ်းတိုးပေးမည်ဟု မေလ ၅ ရက်တွင် ကြေညာသွားမည်ဖြစ်ကြောင်း သိရပြီး သို့မှသာလျင် မြန်မာနိုင်ငံသားများအနေဖြင့် အာဏာသိမ်းမှုနောက်ပိုင်း မူလနိုင်ငံသို့ အတင်းအကျပ်မဖြစ်မနေ ပြန်သွားရခြင်းမျိုးကို ကြုံရလိမ့်မည် မဟုတ်ပေ။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်က နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံထားရသည့် အစိုးရထံမှ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်၏ အဖွဲ့၀င်များကို အရေးယူဒဏ်ခတ်မှု လုပ်ဆောင်ရေးအတွက် လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် သြစတြေးလျ၌ အခြေချနေထိုင်သည့်မြန်မာများက သြစတြေးလျအစိုးရကို တိုက်တွန်းတောင်းဆိုလျက်ရှိသည်။ ထို့ပြင် ဘဏ္ဍာငွေကြေး အထောက်အပံ့ရနေပြီး သြစတြေးလျတွင် နေထိုင်လျက်ရှိသည့် စစ်အုပ်စု မိသားစု၀င်များ၏ ဗီဇာများကို သြစတြေးလျအစိုးရဘက်မှ ပယ်ဖျက်ရေးအတွက်လည်း ၎င်းတို့က ဆန္ဒရှိနေသည်။

မြန်မာ အာဏာသိမ်းစစ်အုပ်စု၏ အကြီးတန်းအဖွဲ့၀င်တစ်ဦး၏ သားတစ်ဦး အပါအ၀င် သြစတြေးလျတွင် နေထိုင်နေသော မြန်မာနိုင်ငံသားတစ်ချို့ကို သြစတြေးလျပြည်ထဲရေးဌာနက စတင် စစ်ဆေးစုံစမ်းနေပြီ ဖြစ်သည်။ သြစတြေးလျအစိုးရအနေဖြင့် လူတစ်ဦးတစ်ယောက်ချင်းစီ၏ ဗီဇာများကို ပယ်ဖျက်မည်လား သို့မဟုတ် သက်တမ်းတိုးခွင့်မပေးတော့ဘူးလား ဆိုသည်ကို ဆုံးဖြတ်ချင့်တွက်မည်ဖြစ်ကြောင်း အမည်မဖော်သည့် သတင်းရင်းမြစ်များအရ သိရသည်။

သြစတြေးလျ‌ရောက် ဒီမိုကရေစီ လိုလားသော တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ခုသည် စာရင်းတစ်ခုကို ပြုစုပြီး ယင်းကို မော်ရစ်ဆင် အစိုးရထံ ပေးပို့ထားသည်။ ထိုစာရင်းထဲတွင် မြန်မာအာဏာသိမ်းစစ်တပ် အကြီးတန်းအဖွဲ့၀င်များ၏ ဆွေမျိုး ၁၅ ဦး၏ အမည်စာရင်းများ ပါ၀င်ပြီး ၎င်းတို့သည် မူရင်းနိုင်ငံရှိ မိသားစုထံမှ ငွေကြေးဆိုင်ရာ အကျိုးဖြစ်ထွန်းမှုများ ရှိနေနိုင်သည်ဟု ယုံကြည်ရသည်။

အဆိုပါ စာရင်းကို ပြုစုပြင်ဆင်ရာတွင် ကူညီပါ၀င်ခဲ့သည့် သြစတြေးလျရောက် မြန်မာဆရာ၀န်တစ်ဦးဖြစ်သည့် မနန်းစီစီ၀င်းက ပြောကြားရာတွင် သြစတြေးလျအနေဖြင့် မြန်မာ အာဏာသိမ်းစစ်အုပ်စု၏ အဖွဲ့၀င်များအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူရန် လိုအပ်သည်ဟု ပြောသည်။ သြစတြေးလျရှိ ပိုင်ဆိုင်မှုများသည် မြန်မာစစ်အုပ်စု၀င်များ သို့မဟုတ် ၎င်းတို့၏ မိသားစု၏ အမည်ဖြင့် ရှိနေဖွယ် မရှိသည့်အတွက် အသေးစိတ်စုံစမ်းစစ်ဆေးရန် လိုကြောင်း သူမက ပြောသည်။

“စစ်အုပ်စုအဖွဲ့၀င်တွေရဲ့ မိသားစုတွေက ဒီ သြစတြေးလျလည်း ရှိပါတယ်၊ ပြီးတော့ အမေရိကန်နဲ့ ယူကေမှာလည်း ရှိတယ်၊ အများစုက စင်ကာပူမှာ ရှိပါတယ်၊ အဲဒီမှာ အရေးယူပိတ်ဆို့မှု မရှိတော့ ဘဏ္ဍာငွေတွေက လွတ်လွတ်လပ်လပ် စီးဆင်းနေပါတယ်”
“ပိုင်ဆိုင်မှုတွေက သူတို့တွေရဲ့ အမည်နဲ့ တိုက်ရိုက်ထားတာ မဖြစ်နိုင်ပါဘူး၊ တတိယပုဂ္ဂိုလ်တစ်ဦးရဲ့ နာမည်နဲ့ထားတာ ဖြစ်နိုင်ပါတယ်၊ ဒီတော့ အဲဒီ ပိုင်ဆိုင်မှုတွေကို ပိတ်ဖို့ သေချာလုပ်ဖို့ လိုပါတယ်၊ သူတို့တွေကို ပြည်နှင်ဒဏ်ပေးသင့်ပါတယ်၊ ဗီဇာတွေကိုလည်း ရပ်စဲသင့်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

သြစတြေးလျသည် ရိုဟင်ဂျာ(မူရင်းဖော်ပြ) မွတ်ဆလင်များအပေါ် အကြမ်းဖက်မှုကို ကြီးကြပ်ခဲ့သည်ဟု စွပ်စွဲခံရသည့် မြန်မာစစ်တပ်အရာရှိငါးဦးကို အရေးယူပိတ်ဆို့မှု လုပ်ဆောင်ထားသည်။ သို့သော် ယင်းသည် စစ်အာဏာသိမ်းမှုမတိုင်မီက ဖြစ်သည်။
လက်ရှိအချိန်တွင် အာဏာသိမ်းစစ်တပ်၏ အဖွဲ့၀င်များအပေါ် နောက်ထပ် အရေးယူပိတ်ဆို့မှုများ ထပ်လုပ်သင့်သလား ဆိုသည်အပါအ၀င် စစ်အာဏာသိမ်းမှုအပေါ် သြစတြေးလျ၏ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် ပါလီမန်ဆိုင်ရာ စုံစမ်းလေ့လာမှုတစ်ခု လုပ်‌ဆောင်နေသည်။

“ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ထားသူတွေ ဒါမှမဟုတ် သူတို့ မိသားစုတွေကို သြစတြေးလျအနေနဲ့ ခိုလှုံခွင့် ဒါမှမဟုတ် အကာအကွယ်ပေးတာမျိုး မရှိသင့်ပါဘူး” ဟု လေဘာပါတီ အမတ်တစ်ဦးဖြစ်သည့် ဂျူလီယန် ဟေးလ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required