ချင်းပြည်နယ် ဟားခါးမြို့မှာ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးကျဆုံး

ချင်းပြည်နယ် ဟားခါးမြို့မှာ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးကျဆုံး

မေ ၅

ချင်းပြည်နယ် ဟားခါးမြို့မှာ Chinland Defense Force_ Hakha အဖွဲ့နဲ့ စစ်ကောင်စီ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေအကြား မေလ ၄ ရက်နေ့ ညပိုင်းမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။ 

ချင်းပြည်နယ် ဟားခါးမြို့- ထန်တလန်ကြားမှာ မေလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲ ဝန်းကျင်မှာ ချင်းပြည်သူ့ကာကွယ်ရေး (CDF- Hakha) အဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ 

အဲဒီနောက် ည ၈ နာရီခွဲဝန်းကျင်မှာ ဟားခါးမြို့ အင်းဝဘဏ် မျက်နှာချင်းဆိုင်မှာရှိတဲ့ BOC ဂိတ် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့စခန်းမှာ ထပ်မံပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ CDF- Hakha အဖွဲ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့က ဖမ်းဆီးခံထားရသူတွေ အားလုံးကို မေလ ၂ ရက်နေ့ ညနေ ၄ နာရီနောက်ဆုံးထားပြီး ပြန်လွှတ်မပေးရင် စစ်ဆင်ရေး တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ CDF- Hakha အဖွဲ့က ကြေညာထားပေမယ့် ဖမ်းဆီးခံလူငယ်တွေကို လွှတ်ပေးတာ မရှိတဲ့အတွက် ဟားခါးမြို့မှာ ပစ်ခတ်မှုတွေကို တွေ့လာရတာ ဖြစ်ပါတယ်။

ဟားခါးမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဆက်လက်တင်ပြနိုင်ဖို့ ဒေသခံတွေနဲ့ CDF- Hakha အဖွဲ့ တာဝန်ရှိသူတွေကို မဇ္ဈိမက ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required