ဂျပန်သတင်းထောက်ကို သတင်းမှားဖြန့်ဝေမှုဖြင့် အာဏာသိမ်းစစ်အုပ်စုက တရားစွဲဆို

ဂျပန်သတင်းထောက်ကို သတင်းမှားဖြန့်ဝေမှုဖြင့် အာဏာသိမ်းစစ်အုပ်စုက တရားစွဲဆို

မေ ၄

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီကို သတင်းမှားဖြန့်‌ဝေမှုဖြင့် မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက တရားစွဲဆိုထားကြောင်း မေလ ၄ ရက် သတင်းတစ်ရပ်အရ သိရသည်။

ထိုသို့ တရားစွဲဆိုမှုက မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် နောက်ထပ်ထိုးနှက်ချက်တစ်ခုလည်း ဖြစ်သည်။

ဂျပန်အလွတ်တန်းသတင်းထောက် ယူကီ ကီတာဇူမီသည် ပြီးခဲ့သည့်လက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၎င်းသည် သတင်းမှားများ ဖြန့်‌ဝေမှုဖြင့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်သည့် မေလ ၃ ရက်တွင် တရားစွဲဆိုခံခဲ့ရကြောင်း ကျိုဒိုသတင်းအေဂျင်စီ၏ သတင်းတစ်ရပ်အရ သိရသည်။

၎င်းသည် လက်ရှိ မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဂျာနယ်လစ် ၅၀ ဦးအနက် တစ်ဦး အပါအ၀င် ဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုသည် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြမှုများအပေါ် ဖြိုခွင်းနှိမ်နင်းခဲ့ပြီး ယင်း၏ တစ်စိတ်တစ်ဒေသအဖြစ် ဂျာနယ်လစ်များကိုလည်း ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်ဆောင်ထားသည်။

ထိန်းသိမ်းခံ သတင်းထောက် ယူကီ ကီတာဇူမီသည် ရန်ကုန် အင်းစိန်ထောင်ထဲတွင် သီတင်းပတ်အချို့ နေထိုင်ခဲ့ရသော်လည်း ကျန်းမာရေး ကောင်းမွန်ကြောင်း အမည်မဖော်ပြသည့် ဂျပန်သံရုံး အရာရှိတစ်ဦးကို ကိုးကားပြီး ကျိုဒိုသတင်းဌာနက ဖော်ပြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required