ဝါဒဖြန့်ယန္တယားအားကောင်းရန် စစ်ကောင်စီ မီဒီယာစင်တာဖွင့်

ဝါဒဖြန့်ယန္တယားအားကောင်းရန် စစ်ကောင်စီ မီဒီယာစင်တာဖွင့်

မေ ၂

အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါဒဖြန့်ယန္တယားအားကောင်းလာဖို့အတွက် မြဝတီမီဒီယာစင်တာကို မေလ(၂) ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။ အဲဒီ မီဒီယာစင်တာကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ လိုလားတဲ့နိုင်ငံရေးအယူအဆ လူနေမှုနဲ့ ယဉ်ကျေးမှုစနစ်တွေ၊ စီးပွားရေး ထိုးနှက်မှုတွေကို ကာကွယ်ဖို့အတွက် လိုအပ်တယ်လို့  အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။ 

အဲဒီမီဒီယာ စင်တာနေရာဟာ အရင်က ရန်ကင်းမှတ်တမ်းရုံးနေရာမှာဖြစ်ပြီး ခုနှစ်ထပ်အဆောက်အအုံဖြစ်ပါတယ်။ အဲဒီစင်တာမှာ စတူဒီယိုငှားရမ်းတာတွေ၊ ရုံးခန်းငှားရမ်းတာတွေကိုလည်းပြုလုပ်သွားမှာဖြစ်ပြီး လူ(၂၀၀)ဆန့် ရုပ်ရှင်ရုံတွေ ဖျော်ဖြေရေးခန်းမတွေပါပါဝင်တယ်လို့ ဆိုပါတယ်။ 

ဒါအပြင် ဒီလိုစင်တာလုပ်တာဟာ နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာရဲ့ လွပ်လပ်စွာပြောဆိုခွင့်ကို တိုးတက်အောင်လုပ်ဖို့လို့ စစ်ကောင်စီခေါင်းဆောင်က ပြောဆိုပေမယ့် တကယ်လက်တွေ့မှာတော့ အမီအခိုကင်းပြီး ပွင့်လင်းမြင်သာစွာ ရေးသားထုတ်ဝေနေတဲ့ မီဒီယာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ နှိပ်ကွပ်နေတာကို တွေ့ရပါတယ်။ ဧပြီ(၂၉)ရက်က မြစ်ကြီးနားသတင်း ဂျာနယ်ကို စစ်ကောင်စီပြန်ကြားရေးက ထုတ်ဝေခွင့်ရပ်ဆိုင်းလိုက်ပါတယ်။ လက်ရှိမြေပြင်မှာဖြစ်ပျက်နေတဲ့ ဆန္ဒပြသတင်းတွေကို တင်ဆက်နေတာဟာ စစ်ကောင်စီရဲ့ အရှိုက်ကို ထိစေပြီး သတင်းအမှန်တွေကို ဖုံးကွယ်လိုတဲ့အတွက် လိုက်လံပိတ်နေတယ်ဆိုတာ ထင်ရှားစေပါတယ်။

 စစ်ကောင်စီခေါင်းဆောင်တွေဟာ  ဘယ်လောက်ပဲ လွတ်လပ်စွာပြောဆိုခွင့်ပေးနေတယ် မီဒီယာဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတယ်လို့ ပါးစပ်ကပြောနေပေမယ့် လက်တွေ့မှာတော့ မီဒီယာလုပ်ငန်းလုပ်ကိုင်သူတွေ သတင်းထောက်တွေကို ဖမ်းဆီးတာတွေနဲ့ တရားစွဲဆိုတာတွေရှိနေပါတယ်။ 

လောလောလတ်လတ် မေလ(၁)ရက်နေ့က အမျိုးသမီး အလွတ်တန်းသတင်းထောက် မသူဇာကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ မသူဇာလွတ်မြောက်ခဲ့ပါတယ်။ မသူဇာကို မတွေ့တဲ့ သူရဲ့ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးခဲ့ပါတယ်။နေအိမ်က သတင်းလုပ်ငန်းမှာ အသုံးပြုတဲ့ ကင်မရာ လက်ပတော့ လက်ကိုင်ဖုန်းတွေကို သိမ်းသွားခဲ့ပါတယ်။မသူဇာဟာ ရန်ကုန်မြို့မှာ စစ်ကောင်စီက ပြည်သူတွေကို မတရား အနိုင်ကျင့်တာတွေကို အင်တာနက်လူမှုကွန်ရက်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြီး သတင်း တင်ဆက်ခဲ့သူ ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေတွေက လောလောလတ်လတ်ဖြစ်ပျက်ထားတာတွေကြောင့် စစ်ကောင်စီရဲ့ မီဒီယာဖွံ့ဖြိုးဆိုတဲ့ အရာဟာ တကယ်မီဒီယာလုပ်ငန်းမှာ လုပ်ကိုင်သူတွေအဖို့ ယုံနိုင်စရာမရှိပါဘူး။ ဒီကနေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွပ်လပ်ခွင့်နေ့အဖြစ် တကမ္ဘာလုံးမှာ ကျင်းပနေပေမယ့် မြန်မာနိုင်ငံမှာတော့ ဖိနှိပ်ခံနေရပါတယ်။

 “လက်ရှိ ကျမတို့ မြန်မာနိုင်ငံ အခြေအနေက သတင်းလွတ်လပ်ခွင့်ဆိုတာ အောက်ဆုံးကို ထိုးကျသွားပါပြီ။ ကမ္ဘာ စာနယ်ဇင်း လွတ်လပ်ခွင့် နေ့ကို ကျမတို့ လွတ်လွတ်လပ်လပ် ပြန်လည်ပါ၀င်နိုင်ဖို့ဆို ဒီမိုကရေစီကို အလေးပေးတဲ့ နိုင်ငံတွေရဲ့ စစ်တပ်အပေါ် ထိရောက်တဲ့ အမြန်ဆုံးအရေးယူနိုင်မှုက အဓိကနေရာမှာ ရှိနေပါပြီ။ သတင်း လွတ်လပ်ခွင့် အပြည့်အ၀ အော်နိုင်ဖို့က သတင်းထောက်တွေရဲ့ ပါးစပ်တွေ နားတွေ မျက်စိတွေ လက်တွေ လွတ်လပ်နေဖို့က အဓိကပါ။ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး ကျဆုံးအောင် မြန်မာပြည်သူတွေနဲ့ အတူ ကမာ့နိုင်ငံတွေက အပြည့်အ၀ ါ၀င်ပေးပါတော့လို့ ကျမတောင်းဆိုပါရစေ “ လို့ လက်ရှိမြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ သတင်းထောက် မသူဇာက ပြောပြထားပါတယ်။

 မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေဟာ ဖေဖော်ဝါရီ (၁) ရက်နေ့မှစပြီး ပိုမိုတိုက်ခိုက်ခံရမှုများ ရှိလာတယ်လို့ ယူနက်စကိုက ထုတ်ပြန်ထားပါတယ်။ လွတ်လပ် အမှီအခိုကင်းပြီး ဗဟုအသွင်ဆောင်တဲ့ လွတ်လပ်တဲ့ စာနယ်ဇင်းဟာ ဒီမိုကရေစီအတွက် မရှိမဖြစ်လိုအပ်တယ်လို့လည်း ယူနက်စကို ကဆိုထားပါတယ်။ ယူနက်စကိုရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ တရားစွဲဆိုခံထားရတဲ့ မီဒီယာသမား (၅၉)ဦးရှိပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရသူ (၈၂) ဦးရှိကာ ထွက်ပြေးတိမ်းရှောင်နေသူ (၂၆)ဦးရှိနေပါတယ်။ 
မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေကလည်း မီဒီယာကုမ္ပဏီတွေက သတင်းအချက်အလက် ထုတ်လွှင့်တာတွေ ပိတ်ခံထားရပြီး လိုင်စင်ဖျက်သိမ်းတာတွေ ရုံးခန်းဝင်ရောက်စီးနင်းခံရတာတွေရှိနေတဲ့အတွက် မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်တာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ  ပြဋ္ဌာန်းထားတဲ့ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့  ထုတ်ဖော်ပြောဆိုခွင့်တို့ကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒါအပြင် မီဒီယာလုပ်ငန်းအများစု ရပ်ဆိုင်းဖို့ ဖိအားပေးခံနေရပြီး မြန်မာနိုင်ငံမှာ မည်သည့် လွတ်လပ်တဲ့ အဓိက ပုံနှိပ်မီဒီယာလုပ်ငန်းလည်ပတ်နေခြင်းမရှိဘဲ သတင်းလွှမ်းခြုံမှု၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရရှိမှုတို့ကို ထိန်းချုပ်ဖို့ အင်တာနက်တွေကို ဆက်လက်ပိတ်ထားဆဲဖြစ်နေတယ်လို့ သံတမန်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ဒါကြောင့် မြန်မာနိုင်ငံက  ဖမ်းဆီးခံ မီဒီယာဝန်ထမ်းတွေအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ၊ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးလွတ်လပ်ခွင့် ပျိုးထောင်ဖို့အပါအဝင် အင်တာနက်ပိတ်ဆို့မှုတွေ အားလုံးကို ရပ်ဆိုင်းဖို့  သံတမန်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly