အီရန်က နိုင်ငံသား လေးဦးကို ပြန်လွှတ်ပေးတယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် ငြင်း 

အီရန်က နိုင်ငံသား လေးဦးကို ပြန်လွှတ်ပေးတယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် ငြင်း 
Photo - AFP

မေ ၃

ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား လေးဦးကို ပြန်လွှတ်ရန်အတွက် အီရန်နဲ့ သဘောတူညီချက် ရရှိထားတယ်ဆိုပြီး အီရန် သတင်းတွေမှာ ဖော်ပြတာကို အိမ်ဖြူတော်အကြီးတန်းတာဝန်ရှိသူတစ်ဦးက မဟုတ်မှန်ကြောင်း တနင်္ဂနွေနေ့မှာ ငြင်းဆိုပါတယ်။ 

“စိတ်မကောင်းစရာပါပဲ၊ ဒီ သတင်းတွေဟာ မမှန်ဘူးလို့ ကျွန်တော် ပြောနိုင်ပါတယ်”လို့ အိမ်ဖြူတော်ဝန်ထမ်းရေးရာ အကြီးအကဲ ရွန်ကလိန်းက CBS ရုပ်သံရဲ့ Face the Nation အစီအစဉ်မှာ ပြောပါတယ်။ 

“အဲဒီ အမေရိကန်နိုင်ငံသား လေးဦးကို ပြန်လွှတ်မယ်ဆိုတဲ့ သဘောတူညီချက် မရှိထားပါဘူး၊ သူတို့ ပြန်လွတ်မြောက်အောင် ကျွန်တော်တို့ အသည်းအသန် ကြိုးစားနေရတာပါ၊ သူတို့ လေးဦးကို နိုင်ငံဆီ ပြန်ခေါ်နိုင်ဖို့ အခုထိ သဘောတူညီချက် မရသေးပါ”လို့ သူက ဆိုပါတယ်။ 

သတင်းရင်းမြစ်တစ်ရပ်ကို ကိုးကားပြီး အီရန်နိုင်ငံပိုင် ရုပ်သံကနေ အမေရိကန် လေးဦးကို ပြန်လွှတ်ဖို့ သဘောတူညီချက် ရထားတယ်ဆိုပြီး ဖော်ပြအပြီးမှာ ကလိန်းက ပြောဆိုလာတာပဲ ဖြစ်ပါတယ်။ စာရင်းသေ ပြုလုပ်ခံထားရတဲ့ အီရန်ငွေကြေးရန်ပုံငွေထဲက အမေရိကန်ဒေါ်လာ ၇ ဘီလီယံကို ပြန်လည်လည်ပတ်ဖို့ အမေရိကန်က သဘောတူကြောင်း ပြောထားသလို သူလျှိုလုပ်မှုနဲ့ ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား လေးဦးကို ဆန်ရှင်ဒဏ်ခတ်ပိတ်ဆို့မှုတွေ စွပ်စွဲဖမ်းဆီးထားတဲ့ အီရန်နိုင်ငံသား လေးဦးနဲ့ အကျဉ်းသားချင်း အလဲအလှယ် ပြန်လွှတ်ပေးမှာ ဖြစ်တယ်ဆိုပြီး အီရန်နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ခဲ့တာပါ။ 

ဒါအပြင် ၂၀၁၆ ခုနှစ်ကတည်းက အီရန်မှာ ဖမ်းဆီးထားတဲ့ ဗြိတိန်-အီရန် နှစ်နိုင်ငံသား ခံယူထားသူ နာဇန်နင်ဇာဂဟာရီကိုလည်း စစ်အကြွေး ပြန်လည်ပေးဆပ်ပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ Staete TV က ဖော်ပြပါတယ်။ 

နာဇန်နင်ဇာဂဟာရီကို ပြန်လွှတ်ပေးတယ်ဆိုတဲ့ သတင်းကို ဗြိတိန်တာဝန်ရှိသူတွေက ငြင်းပြီး နိုင်ငံခြားရေးတာဝန်ရှိသူကလည်း ဆွေးနွေးနေဆဲအခြေအနေပဲ ဖြစ်တယ်လို့ ပြောပါတယ်။ 

ဇာဂဟာရီရဲ့ ခင်ပွန်းဖြစ်သူ ရစ်ချက်ရတ်ကလစ်ကတော့ ဇနီးဖြစ်သူကို ပြန်လွှတ်ပေးရေးမှာ သဘောတူညီချက်ရဖို့ နီးစပ်လာတဲ့ အရိပ်အယောင်တောင် မမြင်ရကြောင်း ပြောပါတယ်။ 

အီရန်ရဲ့ ဘာသာရေးခေါင်းဆောင် အလီခါမေနီရဲ့ တနင်္ဂနွေနေ့ မိန့်ခွန်းမှာ အမေရိကန်၊ ဗြိတိန်တို့နဲ့ ဘယ်လို သဘောတူညီချက် ရထားပြီဆိုတာမျိုး ပြောဆိုသွားတာ မရှိပါ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly