မြန်မာ့အကျပ်အတည်းကို အာဆီယံခေါင်းဆောင်များ ဆက်လက်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ဟု မလေးရှားနှင့် စင်ကာပူ ပြော

မြန်မာ့အကျပ်အတည်းကို အာဆီယံခေါင်းဆောင်များ ဆက်လက်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ဟု မလေးရှားနှင့် စင်ကာပူ ပြော

မေ ၂

အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်နေဆဲ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်း‌ရေးဆိုင်ရာ ဘုံသဘောတူညီချက် ငါးချက်နှင့်ပတ်သက်ပြီး အသေအချာ ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ပြီး သက်ဆိုင်ရာ ပါ၀င်ပတ်သက်သူများသည်လည်း ဆက်လက် ချိတ်ဆက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း စင်ကာပူနှင့် မလေးရှားနိုင်ငံတို့၏ နိုင်ငံခြားရေး၀န်ကြီးများက ပြောသည်။

မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဟီရှမ်မူဒင် ဟူစိန်သည် စင်ကာပူသို့ နှစ်ရက်တာ အလည်အပတ်ခရီးစဥ်အတွင်း မေလ ၂ ရက်က စင်ကာပူနိုင်ငံခြားရေး၀န်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်နှင့် တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

ထို့နောက် မစ္စတာ ဟီရှမ်မူဒင်နှင့် မစ္စတာ ဗီဗီယန် ဘလာခရစ်ရှ်နန်တို့၏ ပူးတွဲထုတ်ပြန်ချက်တစ်စောင်တွင် မြန်မာ့အရေးက အာဆီယံအတွက် အရေးကြီးကြောင်းနှင့် မြန်မာပြည်သူများ၏ အကျိုးတရားအတွက် “ခိုင်မြဲပြီး ငြိမ်းချမ်းသော ဖြေရှင်းချက်” တစ်ခု ဖြစ်ပေါ်ရရှိစေရန် အာဆီယံအဖွဲ့၀င်များဘက်က အပြုသဘောဆောင်သည့် အခန်းကဏ္ဍကနေ ဆက်လက်ပါ၀င်သွားရေးအတွက် ၀န်ကြီးနှစ်ဦးက သဘောတူခဲ့ကြကြောင်း ပါရှိသည်။

မြန်မာ့အကျပ်အတည်း ဆွေးနွေးရန် ဧပြီ ၂၄ ရက်က ဂျကာတာတွင် မြန်မာအာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် တက်ရောက်ခဲ့သည့် ဆွေးနွေးပွဲအတွင်း ရရှိခဲ့သည့် သဘောတူညီချက် ငါးချက်နှင့်ပတ်သက်ပြီး အာဆီယံခေါင်းဆောင်များ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်ဟု ၎င်းတို့က ဖြည့်စွက်ပြောကြားသည်။

ထို့ပြင် နိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်း ရပ်ဆိုင်းရေးနှင့် သက်ဆိုင်သူအားလုံး ငြိမ်းချမ်းသော ဖြေရှင်းနည်းလမ်းတစ်ခု ရှာဖွေရန် ဆွေးနွေးညှိနှိုင်းမှုတွင် ပါ၀င်ရေးအတွက် တောင်းဆိုသည့် အများသဘောတူညီချက်နှင့်ပတ်သက်၍လည်း နိုင်ငံခြား‌ရေး၀န်ကြီးနှစ်ဦးက သဘောတူညီခဲ့ကြသည်။

အစည်းအဝေး ရလဒ်နှင့်ပတ်သက်ပြီး အာဆီယံခေါင်းဆောင်များက အလွန်ကျေနပ်ကြသည်ဆိုသော်လည်း ဆက်လက်လုပ်ဆောင်ရမည့် ကိစ္စများ ရှိနေကြောင်း မစ္စတာ ဟီရှမ်မူဒင်က မေလ ၂ ရက်တွင် ပြောခဲ့သည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ရှေ့ဆက်သွားနိုင်မယ့် လမ်းကို ရှာဖို့အတွက် လုပ်ဆောင်ဖို့ လိုအပ်တဲ့ လုပ်ဆောင်စရာကိစ္စတွေ အများကြီး ရှိနေဆဲပါ” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက်က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့၀င်များ၏ လူမဆန်စွာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လူရာပေါင်းများစွာ သေဆုံးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required