နိုင်ငံတော် စီမံအုပ်ချုပ်ရေး လုံးဝရပ်တန့်သွားမည့် ဘေးအန္တရာယ် ရှိနေဟု မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ပြော 

နိုင်ငံတော် စီမံအုပ်ချုပ်ရေး လုံးဝရပ်တန့်သွားမည့် ဘေးအန္တရာယ် ရှိနေဟု မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ပြော 

မေ ၁

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို စုပေါင်းညီညာသော နိုင်ငံတကာ တုံ့ပြန်မှု မရှိခြင်း၊ အကြမ်းဖက်မှုများ ဆိုးဝါးနေခြင်းတို့ကြောင့် နိုင်ငံ စီမံအုပ်ချုပ်ရေးက လုံးဝရပ်တန့်သွားမည့် ဘေးအန္တရာယ်ရှိနေသည်ဟု မြန်မာဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်က လုံခြုံရေးကောင်စီအား သောကြာနေ့က ပြောခဲ့ကြောင်း သီးခြားအစည်းအဝေးကို တက်ရောက်ခဲ့သည့် သံတမန်များအရ သိရသည်။ 

ဒေသတွင်း ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ ပြုလုပ်နေရာ ထိုင်းနိုင်ငံမှနေ၍ လုံခြုံရေးအဖွဲ့ဝင် ၁၅ နိုင်ငံအား အထူးသံတမန် ခရစ္စတင်းရှာရန်နာဘာဂျင်နာက တင်ပြခဲ့ခြင်း ဖြစ်သည်။ ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရအား ဖြုတ်ချပြီး ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်အတွက် မျှော်လင့်နေဆဲဖြစ်သော်လည်း စစ်တပ်က လာရောက်ခွင့်ကို အတည်ပြုပေးခြင်း မရှိသေးပေ။ 

အာဏာသိမ်းပြီးချိန်မှစပြီး နိုင်ငံတစ်ဝန်းက မြို့များတွင် ဒီမိုကရေစီ လိုလားဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေသည်။ 

“စစ်တပ်က သေလောက်တဲ့ အင်အား အသုံးပြုပြီး ဖြိုခွင်းနေဆဲ ဖြစ်သလို စစ်တပ်ရဲ့ နှိပ်ကွပ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ထင်ရာစိုင်း ဖမ်းဆီးမှုတွေနဲ့ နှိပ်စက်ညှင်းပန်းမှုတွေ ရှိနေတဲ့ကြားက ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှုတွေ ဆက်လက်ရှိနေဆဲပါ၊ ဒါကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးဟာ လုံးဝရပ်သွားရမယ့် ဘေးမှာ ရှိနေတော့တယ်”ဟု ရှာရန်နာဘာဂျင်နာက ပြောကြောင်း သံတမန်များအရ သိရသည်။ 

ဆက်လက်ကျူးလွန်နေဆဲ စစ်တပ်၏ ဖြိုခွင်းမှု သတင်းများက စစ်အာဏာသိမ်းအစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှုင် တက်ရောက်ခဲ့သည့် အာဆီယံအစည်းအဝေးအရ ပဋိပက္ခများ အဆုံးသတ်ရေးဆီ ရွေ့လျားမှုအလျင်ကို ယိုင်နှဲ့ပစ်နေကြောင်း ဘာဂျင်နာက သံတမန်များအား ပြောခဲ့သည်။ 

အစည်းအဝေးအပြီး ထုတ်ပြန်ချက်၌ အကြမ်းဖက်မှုများ ချက်ချင်း အဆုံးသတ်ရေး အာဆီယံ၏ တောင်းဆိုချက်သည် အရေးကြီးကြောင်း လုံခြုံရေးကောင်စီက အလေးအနက် ပြောထားပြီး အပြုသဘောဆောင်သော ဆွေးနွေးပွဲများမှ ငြိမ်းချမ်းပြီး တည်မြဲသည့် ဖြေရှင်းမှုဆီ ပထမဆုံး ခြေလှမ်းဖြစ်သည့် ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည် ဖော်ရေး တိုက်တွန်းခဲ့သည်။ 

အာဏာသိမ်းမှုအား ဆန့်ကျင်ကန့်ကွက်ခြင်းများကြောင့် ဖမ်းဆီးထားသူ ၃၄၀၀ ကျော် ရှိကာ ဆန္ဒပြသူ အနည်းဆုံး ၇၅၉ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့က ပြောထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required