နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၀ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၀ ဧပြီ ၂၀၂၁)
(Photo:    : EPA - ဧပြီလ ၃၀ ရက်၊ မန္တလေးမြို့ရှိ ပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

•    လှိုင်မြို့နယ်တွင် လူငယ်များက စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် မြို့နယ်တွင်း ကျောင်း ရှေ့များတွင် ဆေးနီများဖြင့် ပတ်ဖြန်း၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် အမျိုးသမီးငယ်တချို့ကလည်း  "ထမီမလိပ် တို့သပိတ်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

•    မြောက်ဥက္ကလာပတွင်လည်း မြို့နယ်တွင်းကျောင်းအချို့၌ "စစ်ကျွန်ပညာရေး အလိုမရှိကြောင်း" ဆေးနီသပိတ် ပြုလုပ်ခဲ့သည်။

•    တောင်ဒဂုံတွင် ယနေ့နေ့လယ် ၁၁ နာရီခန့်က မြိတ်လမ်းမပေါ်တွင် လူငယ် ၂၀ ခန့်က ဆန္ဒပြခဲ့ရာ မကြာခင်ပင် အကြမ်း ဖက်စစ်အုပ်စုဘက်က လက်နက်ကိုင်လုံခြုံရေးများ ရောက်ရှိလာပြီး (၂၄) ရပ်ကွက် မြိတ်လမ်းထဲအထိ ဝင်ရောက် ပစ်ခတ်ရာ ဆိုင်ကယ်စီးလာသူ သူတစ်ဦး အပစ်ခံရကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ ထို့ပြင် ပဒုမ္မာလမ်း အတွင်းရှိ အခြားသူ အနည်းဆုံး နှစ်ဦးကိုလည်း ထပ်မံဖမ်းဆီးသွားသ်ညဟု သိရပြီး ဆိုင်ကယ်စီးလာသူ ကျည်ထိမှန်မှု ရှိ-မရှိကိုမူ သီးခြးအတည်မပြုနိုင်သေးပေ။

•    မြောက်ဒဂုံတွင်လည်း လူငယ်များက CRPH ထောက်ခံကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

•    မြောက်ဥက္ကလာပတွင် ဒေသခံများက အကြမ်းဖက်စစ်အုပ်စုအား ဆန့်ကျင်ကြောင်း စာများရေးသားထားသည့် စက္ကူဆိုင်း ဘုတ်များကို အလှပန်းအိုးများတွင် ချိတ်ဆွဲ၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

•    ရွှေပြည်သာမြို့နယ်တွင်းရှိ ရထားလမ်းများပေါ်တွင် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်ပြုလုပ် ခဲ့သည်။ ထို့ပြင် မြို့နယ်တွင်းရှိ လူငယ်အချို့ကလည်း စစ်အုပ်စုကို ထောက်ခံနေသည့် တရုတ်နိုင်ငံအား ကန့်ကွက် သည့်အနေ ဖြင့် တရုတ်အလံနှင့် သမ္မတ ရှီကျင့်ဖျင်ပုံများအား မီးရှို့ဆန္ဒပြခဲ့ကြသည်။

•    ရန်ကုန်မြို့လယ်ခေါင် ဗိုလ်ချုပ်စျေးရှေ့နှင့် ရွှေဘုံသာလမ်းအနီးတွင် လူငယ်များက အင်အား ၃၀၀ ခန့်ဖြင့် မိုးရွာသွန်း နေသည့်ကြားကပင် "အနိုင်မခံ အရှုံးမပေး နွေဦးတော်လှန်ရေး" ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့သည်။ အဆိုပါသပိတ်စစ်ကြောင်းတွင် စမ်းချောင်း၊ လှိုင်၊ မင်္ဂလာတောင်ညွန့်အပါအဝင် အခြားသော မြို့နယ်များက လူငယ်စစ်ကြောင်းများလည်း ပူးပေါင်းထားသည်။ အဆိုပါသပိတ်စစ်ကြောင်း စတင်ပြီး မကြာခင်ပင် အကြမ်းဖက်စစ်အုပ်စု ဘက်က အသံဗုံးများဖောက်ကာ ရှေ့နောက်ညှပ်ဖမ်းမှု ပြုလုပ်ခဲ့သည့်အတွက် အနည်းဆုံး လူငယ် ၇ ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။

•    လှိုင်မြို့နယ်၊ (၁) ရပ်ကွက်၊ အောင်မေတ္တာလမ်းရှိ သီတဂူဆေးခန်းတွင် လုပ်ကိုင်သူ ဒေါက်တာဟန်မြတ်သူကို ယနေ့ နေ့လယ် ၁ နာရီခန့်က အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားသည်။

•    မရမ်းကုန်းမြို့နယ်တွင်လည်း လူငယ်များက စစ်အုပ်စုက လုပ်ဆောင်လိုသည့်အရာတိုင်းကို ဆန့်ကျင်သည့် အနေဖြင့် "အခွန်မဆောင်ဘူး"၊ "မီတာခမပေးဘူး"၊ "အာဏာမရစေရဘူး" စသည့် တော်လှန်သောစာများကို ဓာတ်တိုင်နှင့် အဆောက် အဦအုတ်နံရံများတွင်ကပ်ကာ "ဘူးသပိတ်" ပြုလုပ်ခဲ့သည်။

•    သင်္ဃန်းကျွန်းတွင်လည်း အင်အား ၁၀၀ ကျော်ပါဝင်သည့် မြို့နယ်ပေါင်းစုံ သပိတ်စစ်ကြောင်းက "သွေးကြွေးမှာ ဆွေးနွေးစရာမရှိ" ဟုဆိုကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့သည်။

•    စမ်းချောင်းမြို့နယ်တွင် လူငယ်များက လမ်းမကြီးများပေါ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းပါ စာရွက်များ ဖြန့်ကြဲကာ ဆေးရောင်စုံများ ပတ်ဖြန်း၍ သွေးမတိတ် ဆေးသပိတ် ပြုလုပ်ခဲ့သည်။

•    မင်္ဂလာဒုံတွင် စစ်အုပ်စုအား ဆန့်ကျင်ကြောင်း စာများ ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ အိမ်တွင်း သပိတ် ပြုလုပ်ခဲ့သည်။

•    ရန်ကုန်မြို့ နာမည်ကြီးကျောင်းတစ်ခုဖြစ်သည့် အ.ထ.က (၁) ဒဂုံကျောင်းရှေ့တွင် လူငယ်အချို့က စစ်ကျွန်ပညာရေး အလို မရှိကြောင်းစာများ ရေးသားထားသည့် CD ချပ်များ ဖြန့်ကြဲခဲ့ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သည်။

•    ကျောက်တန်းမြို့နယ်တွင်းရှိ ကျောင်းအချို့ရှေ့တွင်လည်း လူငယ်များက ဘွဲ့ဝတ်စုံများ ဝတ်ဆင်ကာ စစ်အုပ်စုက ပေးသည့် ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

•    အင်းစိန်မြို့နယ်တွင်လည်း လူငယ်များက "လုံးဝအုပ်ချုပ်ခွင့် မရစေရ – အင်းစိန်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အုပ်စုအား ဆန့်ကျင်ခဲ့ကြသည်။

•    လှိုင်သာယာတွင် “စစ်အာဏာရှင် အမြစ်ဖြုတ်ချေမှုန်းရေး" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ပျောက်ကြားဆိုင်ကယ် သပိတ်ပြုလုပ်သည်။

•    ရဲစခန်း ဗုံးကွဲခဲ့သည့် တောင်ဥက္ကလာပမြို့နယ်တွင် ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က မြို့နယ်အဓိကလမ်းမကြီးဖြစ်သည့် မေတ္တာလမ်း၊ မေတ္တာ မီးသတ်ရေကန်ရှေ့တွင် ဗုံးနှစ်လုံး တွေ့ရှိကာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး နောက်ထပ်တစ်လုံး မပေါက်ကွဲသေးသည့်အတွက် မေတ္တာလမ်းနှင့် (၉) ရပ်ကွက် ဇာနည်လမ်းတို့အား အကြမ်းဖက်စစ်အုပ်စုဘက်က လုံခြုံရေးချ ပိတ်ဆို့ထားကြောင်း သိရသည်။ ပေါက်ကွဲမှုနှင့် ပတ်သက်၍ ထိခိုက်မှု ရှိ-မရှိကိုမူ သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။

•    ရန်ကုန်မြို့ မြို့နယ်အနှံ့အပြားတွင် လာမည့် မေလ ၂ ရက်နေ့တွင် ပြည်လုံးကျွတ်သပိတ် ဆင်နွှဲမည်ဖြစ်ကြောင်း လိုက်လံ နှိုးဆော်စာများ ဖြန့်ဝေလျက် ရှိသည်။

မန္တလေးတိုင်းဒေသကြီး

•    ယမန်နေ့ညပိုင်းက မိတ္ထီလာမြို့၊ သာယာကုန်းရပ်ရှိ အစိုးရဝန်ထမ်းအိမ်ရာဝင်းအတွင်း စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ - စရဖ အဖွဲ့ ယာယီရုံးဖွင့်ထားသည့် နေရာတွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု အခြေအနေကိုမူ တိကျစွာ မသိရသေးပေ။

•    မန္တလေးမြောက်ပိုင်း ၁၆ လမ်းတွင် ယမန်နေ့ညပိုင်းက အကြမ်းဖက်စစ်အုပ်စု အဖွဲ့ဝင်အချင်းချင်း မှားယွင်းပစ်ခတ်မှု ကြောင့် ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု သိရသည်။

•    မန္တလေးမြို့ပေါ် ကျောင်းအချို့တွင် စိန်ပန်းလူငယ်များက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း Paper Strike  ပြုလုပ်ခဲ့ကြသည်။

•    ယနေ့နံနက်ပိုင်းကလည်း အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းလည်း လမ်းပေါ်တက်ခဲ့ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးရေး အာရုဏ်ဦးသပိတ်ပြုလုပ်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

•    မန္တလေး၊ သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက လမ်းပေါ်တက်လာပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် စက်မှုစုပေါင်းသပိတ်စစ်ကြောင်းလည်း လမ်းပေါ်တက် လာကာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

•    မန္တလေး တပ်ပေါင်းစုသပိတ်စစ်ကြောင်းမှာလည်း နေ့စဉ်မပျက် ဆန္ဒဖော်ထုတ်ကာ စစ်အာဏာရှင်စနစ် ကျရှုံးရေး တော်လှန်ခဲ့ကြသည်။ တပ်ပေါင်းစုစစ်ကြောင်းတွင် ဘုရားကြီးငြိမ်းချမ်းရေး၊ တမ္ပဝတီ၊ ပညာရေးမိသားစု၊ ဒေါင်းစစ်သည်၊ အ.ထ.က (၇) ကျောင်းသားဟောင်းများ သပိတ်စစ်ကြောင်းတို့လည်း ပါဝင်သည်။

•    မန်း အင်ဂျင်နီယာမိသားစု သပိတ်စစ်ကြောင်းမှာလည်း ယနေ့တွင် လမ်းပေါ်တက်လာခဲ့ပြီး ဆိုင်ကယ်စီးရေ ၁၀၀ ခန့်ဖြင့် မြို့တွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

•    မန္တလေးမြို့ပေါ်တွင် သပိတ်ကြီးများအားလုံး အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က အိမ်စီးကားနှင့် အရပ်ဝတ်လုံခြုံရေးများ၊ ရဲ နှင့် စစ်ဝတ်စုံဝတ် လက်နက်ကိုင်များ ကင်းလှည့်စစ်ဆေးမှုကို လျှော့ချထားနေကြောင်း မန္တလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီခန့်တွင် အတည်ပြု ပြောဆိုသည်။ သို့သော် ရပ်ကွက်တွင်းလမ်းများပေါ်တွင်မူ မျက်နှာစိမ်းစျေး သည်များ ပိုမိုများပြားလာပြီး ရဲစခန်းများတွင်လည်း ယခင်က စစ်ဝတ်စုံဝတ် လက်နက်ကိုင် လုံခြုံရေးများ ချထားရာမှ ရဲဝန်ထမ်းများကိုသာ ပြောင်းလဲချထားမှုများ ရှိသည်ဟုလည်း နန်းရှေ့ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ညနေ ၄ နာရီခွဲတွင် အတည်ပြု ပြောဆိုသည်။

•    ချမ်းအေးသာစံမြို့နယ်၊ ၆၄ နှင့် ၆၅ ကြား၊ ၃၃ နှင့် ၃၄ လမ်းကြားရှိ မန္တလေးခရိုင်တရားရုံးအနီး တရားရေးဝန်ထမ်းအိမ်ရာ တွင် ယနေ့နံနက်ပိုင်းက ဆိုင်ကယ်တစ်စီးပေါ်မှ လက်လုပ်မိုင်းဖြင့် ပစ်ခဲ့သည့်အတွက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု တစုံတရာမရှိခဲ့ပေ။

•    မန္တလေး၊ ပုလိပ်မြို့တွင်လည်း ဒေသခံများက နာမည်ကြီးဘုရားများတွင် "စစ်အာဏာရှင် မုချကျဆုံးစေရမည်"  စာတန်းများ ချိတ်ဆွဲကာ စစ်အုပ်စုယန္တရား အပြီးတိုင်ရပ်တန့်သွားရေး လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

•    မြင်းခြံတွင် အကြမ်းဖက်စစ်အုပ်စုက မြို့နေရာအနှံ့ လုံခြုံရေးတင်ကြပ်ထားသည့်အတွက် ဒေသခံလူငယ်များက စစ်အာဏာ ရှင်စနစ်ကျရှုံးစေရး ပျောက်ကြားသပိတ်များ ပြုလုပ်ခဲ့သည်။

•    ညောင်ဦးပင်မသပိတ်စစ်ကြောင်းလည်း "စစ်ကျွန်မခံ ဒို့တော်လှန်" ဆိုင်းဘုတ်များ လွှင့်ထူကာ အင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒပြတော်လှန်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

•    ဖြူး၊ ကညွတ်ကွင်းတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးနှင့် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဒေသခံ များက လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် ဖြူးမြို့ပေါ်တွင်လည်း ဒေသခံများက အနီရောင်ပူဖောင်းများပါ်တွင် စစ်အာ ဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ရေးသား၍ ရေမျှောသပိတ် ပြုလုပ်ခဲ့သည်။

•    ပဲခူးမြို့ပေါ် လူစည်ကားရာ နေရာများနှင့် စျေးများတွင် ဒေသခံများက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပျောက် ကြားသပိတ် ပြုလုပ်ခဲ့သည်။

•    ပဲခူးမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က ပြည်သူ့လုံခြုံရေးအဖွဲ့များ တန်ပြန်ဖွဲ့စည်းထားကြောင်း သိရသည်။ စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ပြည်သူများက သပိတ်များအား စစ်အုပ်စု လာရောက်တိုက်ခိုက် ဖြိုခွင်းမှုများပြုလုပ်ပါက ခုခံ ကာကွယ်ရန်အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား မြို့နယ်အလိုက် ဖွဲ့စည်းထားကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။ ယမန်နေ့ညကလည်း အသွားအလာကန့်သတ်ထားသည့် ည ၁၁ နာရီကျော်အချိန်က ပဲခူး-သနပ်ပင်လမ်းပေါ်တွင် စစ်တပ်အရာရှိကားနှင့် ရဲတပ်ဖွဲ့အရာရှိတစ်ဦးတို့ အချင်းချင်း ပစ်ခတ်မှုများ ရှိခဲ့ပြီး ပဲခူးနာရီစင်ရှေ့အရောက်တွင် လမ်းမပေါ်ရှိ ဘလောက်တုံးများ တိုက်မိကာ စစ်ဘက်အရာရှိကား တိမ်းမှောက်ခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကာ ယနေ့နေ့လယ်ပိုင်းတွင် သေဆုံးသွားသည်ဟု သိရသည်။

•    ပဲခူး၊ ပျဉ်ပုံကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရပ်နားထားသည့် ကျေးရွာပိုင် အရေးပေါ်လူနာတင်ယာဉ် နှစ်စီးအား အကြမ်းဖက်စစ်အုပ်စုက ယမန်နေ့က အကြောင်းမဲ့သိမ်းဆည်းယူသွားကြောင်း သိရသည်။

•    ပြည်မြို့အခြေစိုက် တကသကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ဦးဆောင်လျက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းကို ပျူမြို့ဟောင်းထဲတွင် ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

•    စစ်ကိုင်းတွင် အကြမ်းဖက်စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ဒေသခံများက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

•    ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာတွင် အကြမ်းဖက်စစ်အုပ်စုအား သတင်းပေးကာ ဒေသခံများ ရိုက်နှက်၊ ဖမ်းဆီးခြင်းများ ပြုလုပ်နိုင်အောင် စီစဉ်ပေးခဲ့သည့် ဒလံများကို ဧပြီလ ၂၉ ရက်ညပိုင်းက ဒေသခံများက ရှင်းလင်းခဲ့ရာ နှစ်ဦး သေဆုံးကာ၊ (၇) ဦး ဒဏ်ရာရရှိပြီး စစ်ဆေးရုံတွင် ကုသနေရသည်ဟု သိရသည်။

•    ကလေးမြို့တွင် ယမန်နေ့က တိုင်းပညာရေးမှူးရုံးအနီး ပစ်ခတ်မှုအချို့ရှိခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင်မူ ဒေသခံများ က စစ်ကြောင်းများခွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်ဆင်နွှဲခဲ့သည်။ ကလေး တိုင်းပညာရေး မှူးတွင် ယမန်နေ့က လက်လုပ်ဗုံး ပစ်ခံခဲ့ရခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် အင်အား ၂၀ ခန့်ဖြင့် လိုက်လံရှာဖွေမှုများ လုပ်လာခဲ့ကြောင်း ကလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။ ယမန်နေ့ ညပိုင်းကလည်း ကလေးမြို့အနီး ပြင်သာရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်ကိုလည်း လက်လုပ်မိုင်းပစ်သွင်းခံရမှု ဖြစ်ခဲ့ပြီး တစုံတရာ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

•    မုံရွာတွင်လည်း စစ်အုပ်စုဘက်က လုံခြုံရေးကန့်သတ်ထားသည့်ကြားကပင် ပင်မသပိတ်စစ်ကြောင်းမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့သည်။ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အဖမ်းခံရပြီးနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုဘက်က ၎င်းနှင့် ဆက်စပ်နေသူများကို အပြင်းအထန် လိုက်လံဖမ်းဆီးနေကာ မြို့လယ်နာရီစင်တွင် လည်း ဗီနိုင်းများ ကပ်၍ အလိုရှိကြောင်း ကြေညာထားရာ ပြည်သူများက အဆိုပါဗီနိုင်းများအား ပြန်ဖြုတ်ထားခဲ့ကြသည်။

•    ဒီပဲယင်း၊ မရကန်ရွာတွင် ပြည်သူများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် NUG အစိုးရထောက်ခံကြောင်း ကျေးရွာတွင်းလမ်းများ၌ လှည့်လည်၍ လူအင်အား ၁၀၀ ကျော်ဖြင့် ဆန္ဒပြခဲ့ကြသည်။

•    ဘုတလင်မြို့နယ်တွင်လည်း ပညာရေးမိသားစုများ ဦးဆောင်သည့် သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင် ကြောင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး

•    ရေနံချောင်း၊ မြို့ရှောင်လမ်းတွင် အင်္ဂလိပ်ဘာသာဖြင့် ရေနံချောင်းက ကြိုဆိုပါသည် စာအား ဖျက်၍ NUG အစိုးရအား ကြိုဆိုကြောင်း ရေးသား၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

•    ပညာရေး၊ နည်းပညာနှင့် အင်ဂျင်နီယာစစ်ကြောင်းများ ပါဝင်သည့် ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းမှာလည်း ယနေ့နံနက်ပိုင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

•    ထားဝယ်တောင်ပိုင်း ကျေးရွာများ စုပေါင်းသပိတ်စစ်ကြောင်းမှာလည်း နေ့စဉ်မပျက် ဆန္ဒထုတ်ဖော်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း စစ်အာဏာရှင်စနစ် အပြီးတိုင်းချုပ်ငြိမ်းရေး ဆန္ဒပြခဲ့ကြသည်။

•    လောင်းလုံမြို့နယ်၊ ညင်းမော်ကျေးရွာတွင် ဒေသခံများက စီးရေ ၁၀၀ ခန့်ပါဝင်သည့် ဆိုင်ကယ်သပိတ်စစ်ကြောင်းဖြင့် ကျေးရွာတွင်းလမ်းများနှင့် လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်ရေး ဆန္ဒပြ တော်လှန်ခဲ့ကြသည်။ လောင်းလုံမြို့ပေါ်တွင်လည်း ယနေ့ နေ့လယ်ပိုင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသေးသည်။

•    မောင်းမကန်ကျေးရွာတွင်လည်း ဒေသခံများက သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်ယန္တရားများ အပြီးတိုင် ရပ်ဆိုင်း သွားရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

•    လောင်းလုံမြောက်ပိုင်း လေးသွန်းခံ၊ အောက်ရေဖြူကျေးရွာများတွင် သပိတ်စစ်ကြောင်းများ ထွက်ကာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့သည်။

မွန်ပြည်နယ်

•    ချောင်းဆုံတွင် ယမန်နေ့ည ၇ နာရီဝန်းကျင်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအနီး ဆိုင်ကယ်မောင်းနှင်လာသည့် ပြည်သူနှစ်ဦးအား အကြမ်းဖက်စစ်တပ် လက်နက်ကိုင်များက ကားဖြင့် တိုက်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းကလည်း မြို့ခံများက ကျောင်းအချို့ရှေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

•    သထုံတွင် လူငယ်၊ ကျောင်းသား၊ ဝန်ထမ်း၊ ပြည်သူနှင့် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူများနှင့် ရပ်မိရပ်ဖများ စုစည်းကာ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (သထုံမြို့နယ်) ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

•    ပေါင်မြို့နယ်တွင် ဒေသခံများက စစ်တပ်က "အဓမ္မအာဏာသိမ်းမှုကို လုံးဝလက်မခံပါ" ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍ အာရုဏ်ဦးသပိတ်ပြုလုပ်ခဲ့သည်။

•    ကျိုက်ထိုတွင် လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း "ဘူး" သပိတ် ပြုလုပ်ခဲ့ကြသည်။

•    ကျိုက်ထိုမြို့ပေါ်တွင် စစ်အုပ်စုက ကျောင်းများဖွင့်ပါက မိဘများအနေဖြင့် သားသမီးများ ကျောင်းနောက်ကျမည်ကို စိုးရိမ် စိတ်ဖြင့် ကျောင်းမအပ်ကြရန်နှင့် စစ်အုပ်စုဆန့်ကျင်ရေးတွင် ပြည်သူများနှင့်အတူ ရပ်တည်ကြရန် ကျိုက်ထိုနှင့် သိမ်ဇရမ် ကျောင်းသားသမဂ္ဂများက တိုက်တွန်းထားသည်။

•    မော်လမြိုင်တွင် ဒေသခံလူငယ်များက မြို့ပေါ်ကျောင်းများရှေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် လူငယ်အချို့ကလည်း "စခဲ့တဲ့တိုက်ပွဲ ပြီးဆုံးအောင် တိုက်မည်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်

•    မတူပီတွင် Joseph Oxygen ပရဟိတအဖွဲ့မှ မိုင်ဗန်နေကိမ်းအား စစ်အုပ်စု၏ လက်နက်ကိုင်အဖွဲ့များ (စစ်နှင့် ရဲ) များက ယမန်နေ့ည ၁၁ နာရီခန့်တွင် သူမ၏ နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။ အဆိုပါ ပရဟိတအဖွဲ့ ဦးဆောင်သူ ဦးထွန်းလင်းနှင့် လူငယ် လေးဦးကိုလည်း မတ်လ ၇ ရက်က ဖမ်းဆီးထားပြီး ယခုအချိန် ပြန်မလွတ်လာသေးပေ။

•    ယခင်ကတည်းက နယ်မြေလုတိုက်ပွဲများကြောင့် မငြိမ်မသက် ဖြစ်နေသည့် ပလက်ဝမြို့တွင် ဒေသခံများက ချင်းကာကွယ်ရေးတပ်ဖွဲ့ - ပလက်ဝ (Chinland Defense Force – Paletwa) ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ကချင်ပြည်နယ်

•    နမ္မတီးတွင် ဒေသခံများက စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

•    မိုးကောင်းတွင် ဒေသခံများက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းနှင့် NUG အစိုးရထောက်ခံကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

•    ဟိုပင်တွင် စစ်အုပ်စုက ကျောင်းပြန်ဖွင့်ရန် လုပ်ဆောင်လာမှုကို ဆန့်ကျင်သည့်အနေဖြင့် လူငယ်များက မြို့ပေါ်ကျောင်းအချို့တွင် "စစ်ကျွန်ပညာရေး အလိုမရှိ"၊ "ကျောင်းမအပ်ဘူး" စသည့် စာများများ ကျောင်းရှေ့နှင့် အုတ်တံတိုင်းများတွင် ရေးသားကာ တော်လှန်ခဲ့ကြသည်။

•    ဖားကန့် မှော်ပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းမှာ လူအင်အား ရာနှင့်ချီ စုပေါင်း၍ နေ့စဉ်မပျက် စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့သည်။ ဖားကန့် အောင်မြေကွက်သစ်နှင့် ယူမာကျေးရွာတို့ ပူးပေါင်း၍လည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ တာမခန်မြို့သစ်တွင်လည်း ဒေသခံများက  NUG အစိုးရကိုသာ ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသည်။ ဖားကန့် (၈) မိုင်ဂိတ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က စက်သုံးဆီသယ်ယူခြင်းကို ပိတ်ပင်ထားလိုက်သည့်အတွက် အရောင်းဆိုင်များတွင် ဆီပြတ်တောက်ကာ တစ်ဂါလံလျှင် ကျပ် ၂၀၀၀၀ အထိ စျေးမြင့်တက်ခဲ့ သည်။

•    မြစ်ကြီးနား အထွေထွေသပိတ်စစ်ကြောင်းမှာလည်း နေ့စဉ်မပျက် လမ်းပေါ်တက်ကာ စစ်အာဏာရှင်ယန္တရားများ အပြီး တိုင်ချုပ်ငြိမ်းရေးနှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြတော်လှန်ခဲ့ကြသည်။

•    ရွှေကူတွင် ဆိုင်ကယ်စီးရေ ၁၀၀ ကျော်ဖြင့် ဒေသခံများက မြို့တွင်းလှည့်လည်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်

•    ကယားပြည်နယ်အတွင်း မြို့များတွင် စစ်အုပ်စုလက်အောက် တာဝန်မထမ်းဆောင်လိုသည့်အတွက် နုတ်ထွက်ထားသူ ကျေးရွာအုပ်ချုပ်ရေးမှူးများကို လိုက်လံဖမ်းဆီးလျက်ရှိရာ အသွားအလာကန့်သတ်ထားသည့် ယနေ့နံနက် ၃ နာရီခန့်က လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း စောဖိုးလှမင်းကို လာရောက်ဖမ်းဆီးသွားခဲ့သည်။ ထို့ပြင် နောင်ယား (ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ခူလောရင်းရှို့ နေအိမ်သို့လည်း နံနက် ၄ နာရီခန့်က အင်အားအ လုံးအရင်းဖြင့် စစ်အုပ်စုလက်နက်ကိုင်အဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ရာ နေအိမ်တွင် မရှိသည့်အတွက် လွတ်မြောက်သွားခဲ့ သည်။

ကရင်ပြည်နယ်

•    ကော့ကရိတ်တွင် ဒေသခံအင်အား ရာနှင့် ချီပါဝင်သည့် သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း နှင့် NUG အစိုးရထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ အဆိုပါ သပိတ်စစ်ကြောင်းအား ကရင် အမျိုးသားအစည်းအရုံး - KNU လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ကလည်း လုံခြုံရေးပေး စောင့်ရှောက်ခဲ့သည်။

ရှမ်းပြည်နယ်

•    သီပေါတွင် အကြမ်းဖက်စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ဒေသခံများ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ယမန်နေ့ည အသွားအလာကန့်သတ်ထားသည့် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က သီပေါ၊ တောင်မြို့ရပ်ကွက်၊ နယ်မြေ (၂) ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ စိုင်းသာလှိုင်နေအိမ်အား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခံခဲ့ရပြီး ထိခိုက်မှု တစုံတရာ မရှိခဲ့ပေ။

•    တောင်ကြီးမြို့တွင် ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ NUG အစိုးရထောက်ခံကြောင်းနှင့် ဖယ်ဒရယ် ပြည်ထောင်စု ကိုယ်စားပြု အလံများကို ဒေသခံများက လွှင့်ထူခဲ့ကြသည်။

•    ကွတ်ခိုင်တွင် တောင်တန်းဒေသ လူမျိုးပေါင်းစုံ တော်လှန်ရေး ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လမ်းများပေါ်တက် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။

ဧပြီ ၃၀ သုံးသပ်ချက်

•    ရန်ကုန်မြို့တွင် သပိတ်စစ်ကြောင်းကြီးများ အပြိုင်ထွက်လာပြီဖြစ်သလို စစ်အုပ်စုဘက်က သတင်းရယူဖမ်းဆီးမှုများကို ဆက်တိုက်လုပ်လာခဲ့သည်။ စစ်အုပ်စုဘက်က ကျောင်းများပြန်ဖွင့်ရန် ကြိုးစားမှုကို ဆန့်ကျင်မှုများ အားကောင်းကောင်းဖြင့် ဖြစ်ပေါ်နေပြီး ပေါက်ကွဲမှုများလည်း ဆက်တိုက်ရှိနေဆဲ ဖြစ်သည်။ လက်နက်ကိုင် အကြမ်းဖက်စစ်တပ်ဘက်က ညပိုင်း များတွင်သာ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်နေကာ နေ့ပိုင်းတွင်မူ သတင်းအချက်အလက် ရယူမှုအပိုင်း ပိုမိုလုပ်ဆောင်လာ လျက် ရှိသည်။

•    မန္တလေးမြို့ပေါ်တွင် သပိတ်ကြီးများ ပိုမိုအားကောင်းလာခဲ့ကာ စစ်အုပ်စုလက်အောက်ခံ ရုံးများတွင်လည်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လျက် ရှိသည်။ မန္တလေးနှင့်အနီးတဝိုက်ရှိ စစ်အခြေစိုက်စခန်းများ တိုက်ခိုက်ခံရပြီးနောက် မန္တလေးမြို့ ပေါ်တွင် လုံခြုံရေးအင်အား လျော့ချထားမှုတချို့ ရှိနေပြီး ညပိုင်းများတွင် အင်အားသုံးဖမ်းဆီးခြင်းများအား မြို့ပေါ်ရပ်ကွက်အချို့၌ ပိုမိုလုပ်ဆောင်လာလျက် ရှိသည်။

•    တိုင်းရင်သားနယ်မြေများဖြစ်သည့် ကချင်နှင့် တနင်္သာရီတို့တွင် သပိတ်များ ပိုမိုအားကောင်းလာခဲ့ကာ ကယားတွင်မူ စစ်အုပ်စုဘက်က ဖိနှိပ်မှုများ တိုးမြှင့်လုပ်ဆောင်လာသည့်အတွက် ပျောက်ကြားသပိတ်များအဖြစ် ပြောင်းလဲလာခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင်မူ တိုင်းမြို့ကြီးများ၌ သပိတ်များ အားကောင်းနေဆဲဖြစ်ကာ စစ်အုပ်စုဘက်ကလည်း ဖိနှိပ်မှုများ ပိုတိုးလုပ်ဆောင်လာလျက် ရှိသည်။

•    စစ်အုပ်စုဘက်တွင် တပ်တွင်းစည်းလုံးမှုပျက်နေကြောင်း ပိုမိုသိသာသည့် အဖြစ်အပျက်များ ဆက်လက်ဖြစ်ပေါ်နေပြီး တိုင်းရင်းသားဒေသ တိုက်ပွဲများကြောင့် အထိနာလျက် ရှိသည်။ နိုင်ငံအနှံ့အပြားရှိ သပိတ်များ ဖြိုခွဲရန်ထက် အားကောင်း သည့် နယ်မြို့များအား တစ်မြို့ချင်းအလိုက် ဖြိုခွဲရန် စစ်အုပ်စုက ရည်ရွယ်ထားနေပြီး ၎င်းတို့၏ သတင်းပေးများနှင့် ဝန်ထမ်းများ လုံခြုံရေးအတွက် တန်ပြန်ကာကွယ်ရေးအဖွဲ့များကို အရပ်သားများဖြင့် ဖွဲ့စည်းလာလျက် ရှိသည်။ 

(Photo:    : EPA - ဧပြီလ ၃၀ ရက်၊ မန္တလေးမြို့ရှိ ပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly