၂၀၂၂ မတိုင်မီ မြန်မာနိုင်ငံ၏ လူဦးရေထက်၀က်ခန့် ဆင်းရဲနွမ်းပါးမှုအောက် ကျရောက်နိုင်ဟု UNDP သတိပေး

၂၀၂၂ မတိုင်မီ မြန်မာနိုင်ငံ၏ လူဦးရေထက်၀က်ခန့် ဆင်းရဲနွမ်းပါးမှုအောက် ကျရောက်နိုင်ဟု UNDP သတိပေး
Photo - EPA

ဧပြီ ၃၀

စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အကျပ်အတည်းနှင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတို့၏ အကျိုးဆက်များကြောင့် မြန်မာနိုင်ငံ၏ လူဦးရေ ထက်၀က်နီးပါးခန့် သို့မဟုတ် လူပေါင်း ၂၅ သန်းခန့်သည် ၂၀၂၂ ခုနှစ်ထက်နောက်မကျဘဲ ဆင်းရဲတွင်းသို့ သက်ဆင်းရနိုင်သည့် အခြေအနေနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က သတိပေးသည်။

အကျပ်အတည်း အခြေအနေများ၏ ဆိုးကျိုးသက်ရောက်မှုက လူပေါင်းသန်းနှင့်ချီကို ဆင်းရဲနွမ်းပါးမှုအောက် တွန်းပို့နိုင်သည်ဟု UNDP က ဧပြီ ၃၀ ရက် အစီရင်ခံစာတစ်ရပ်တွင် ထုတ်ပြန်ပြောကြားသည်။

“ကိုဗစ်-၁၉ အပြင် ခုလက်ရှိဖြစ်နေဆဲ နိုင်ငံရေးအကျပ်အတည်းက လှိုင်းလုံးတွေကို ပိုထန်စေပြီး အဲဒီလှိုင်းတွေက ခုသာခံသာအနည်းဆုံးလူတွေကို ဆင်းရဲနွမ်းပါးမှုအောက် ပိုမိုနက်ရှိုင်းစွာနဲ့ ပြန်လည်သက်ဆင်းစေအောင် တွန်းပို့နေပါတယ်” UNDP ၏ အာရှနှင့်ပစိဖိတ်ဆိုင်ရာ ဒေသညွှန်ကြားရေးမှူး ကန်နီ ၀စ်နာရာဂျာက ရိုက်တာကို ပြောသည်။

“ဆယ်စုနှစ်တစ်စုကြာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလအတွင်း ရရှိခဲ့တဲ့ ဖွံ့ဖြိုးမှုတွေက မပြည့်စုံပါဘူး၊ အဲဒီတိုးတက်ရရှိထားခဲ့တဲ့ ဖွံ့ဖြိုးမှုတွေက လအနည်းငယ်အတွင်း တိုက်စားခံနေရပါတယ်” ဟု သူမက ပြောသည်။ နိုင်ငံ၏ တိုးတက်မှုသည် စစ်အုပ်ချုပ်ရေးလက်အောက် ကျရောက်ခဲ့ပြီး လူဦးရေထက်၀က်ခန့် ဆင်းရဲခဲ့သည့် ၂၀၀၅ ခုနှစ်က အခြေအနေများဆီသို့ ပြန်လည်ဆုတ်ဆိုင်းသွားနိုင်ကြောင်း သူမက ပြောသည်။

ယမန်နှစ်ကုန်ပိုင်းတွင် ပျမ်းမျှအားဖြင့် အိမ်ထောင်စုများ၏ ၈၃ ရာခိုင်နှုန်းသည် ကပ်ရောဂါကြောင့် ၎င်းတို့၏ ၀င်ငွေရရှိမှုပိုင်း တစ်၀က်နီးပါးခန့် လျော့ကျမှု ဖြစ်ခဲ့သည်ဟု ထုတ်ဖော်ခဲ့ကြောင်း လေ့လာချက်တစ်ခုက ပြသနေခဲ့သည်။

ထို့ပြင် ကပ်ရောဂါ၏ လူမှု-စီးပွားရေး သက်ရောက်မှုများကြောင့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် နေထိုင်နေရသည့် လူဦးရေသည် ၁၁ ရာခိုင်နှုန်း မြင့်တက်ထားခဲ့သည်ဟု ခန့်မှန်းရသည်။

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ယိုယွင်းဆိုးရွားလာနေသည့် လုံခြုံရေး အခြေအနေ၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ခြိမ်းခြောက်မှုများကြောင့် ဆင်းရဲနွမ်းပါးမှုနှုန်းကို လာမည့်နှစ်စပိုင်းမတိုင်မီ နောက်ထပ် ၁၂ ရာခိုင်နှုန်း ထပ်မံမြင့်တက်စေရန် တွန်းပို့နိုင်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

အမျိုးသမီးများနှင့် ကလေးငယ်များသည် ယခု အကျပ်အတည်း အခြေအနေများ၏ အလေးလံဆုံး ၀န်ထုပ်၀န်ပိုးများကို ခံရရန် ရှိနေသည်ဟု အစီရင်ခံစာတွင် ပြောသည်။

“မြန်မာနိုင်ငံက ကလေးငယ်အားလုံးရဲ့ ထက်၀က်လောက်ဟာ တစ်နှစ်အတွင်းမှာပဲ ဆင်းရဲနွမ်းပါးမှုအောက်မှာ နေရနိုင်ပါတယ်” ဟု မစ္စ ၀စ်နာရာဂျာက ပြောသည်။ ခုခံနိုင်စွမ်းအားနည်းသည့် အခြေအနေတွင် ရှိနေပြီးဖြစ်သည့် ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်ကြရသူများသည် ဖိအားများနှင့် ပိုမိုရင်ဆိုင်ခဲ့ရသည်ဟုလည်း သူမက ပြောသည်။

မြို့ပြဧရိယာများတွင် လုံခြုံရေးအခြေအနေက ထောက်ပံ့‌ရေးကွင်းဆက်များကို အက်ကွဲစေပြီး လူများနှင့် ၀န်ဆောင်မှုများ၏ သွားလာလှုပ်ရှားစီးဆင်းမှု၊  စိုက်ပျိုးရေးထုတ်ကုန်များအပါအ၀င် လူသုံးကုန်ပစ္စည်းများ၏ စီးဆင်းရွေ့လျားမှုများအပေါ် ဟန့်တားနေခဲ့ရာ မြို့ပြ ဆင်းရဲနွမ်းပါးမှုသည် သုံးဆတိုးလာဖွယ် ရှိကြောင်း အစီရင်ခံစာတွင် ပြောထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required