သတင်းထောက်မှ စစ်ကောင်စီရဲ့ဝါဒဖြန့်ချီရေးဖြစ်လာသူ အမျိုးသမီးဗိုလ်ကြီး

သတင်းထောက်မှ စစ်ကောင်စီရဲ့ဝါဒဖြန့်ချီရေးဖြစ်လာသူ အမျိုးသမီးဗိုလ်ကြီး

အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်သမား ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၂၉ ရက်နေ့၊ သုံးကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်  သတင်းထုတ်ပြန်ရေးအတွက် အလှည့်ကျတာဝန်ယူမယ့်သူ သုံးယောက်အား စတင်ပွဲထုတ်လာသည်။ 

အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦးဖြစ်၏။ မျက်နှာခပ်ရှင်းရှင်း အမျိုးသမီးတစ်ဦးကို လူအများသတိထားမိလာကြသည်။ သူက အသက် ၃၀ အရွယ်ရှိ၊ ဗိုလ်ကြီး အေးသဇင်မြင့်ဖြစ်၏။ သူသည် ဗိုလ်တစ်ထောင်ကျောင်းဟုလူသိများသော (NMDC) ကောလိပ်တွင် သတင်းအတတ်ပညာသင်ယူခဲ့သူဖြစ်သည်။ 

စစ်ကောင်စီအတွက် လိမ်ညာပေးနေရသည့်အတွက် ငရဲကျသည်နှင့်ပင်တူမည်ဟု မအေးသဇင်မြင့်၏ လုပ်ဖော်ကိုင်ဘက်ဟောင်း သတင်းထောက်တစ်ဦးက ပြောသည်။ 

“သူက သတင်းထောက်အတူလုပ်တုန်းကလည်း ကြိုးစားတယ်၊ သူ့အကြောင်းလဲ သိနေတော့ ဒေါသလည်း ထွက်မိတယ်၊ နှမျောလည်း နှမျောတယ်၊သူဒီမဟုတ်မမှန်တဲ့ သတင်းတွေပြောနေရတာ သူ့အတွက် ငရဲကျသလို ဖြစ်နေမှာပဲ”

လူအများ သတိထားမိလာသည့်ဖြစ်ရပ်မှာ နေပြည်တော် တပ်မတော်နေ့အခမ်းအနားတက်ရောက်ခဲ့သည့် ၎င်း၏ပုံများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာရာကစသည်။ ယင်းတစ်နေ့တည်းတွင် စစ်ကောင်စီသည် နိုင်ငံတစ်ဝှမ်း လူဒါဇင်နှင့်ချီသတ်ဖြတ်ခဲ့သောကြောင့်ဖြစ်သည်။  မအေးသဇင်မြင့်သည် ပြည်တွင်း သတင်းမီဒီယာတိုက်များဖြစ်သော ပြည်မြန်မာဂျာနယ်နှင့် Skynet up to date ချန်နယ်တို့တွင် ၄ နှစ်ကျော်လုပ်ကိုင်ခဲ့သည်။ 

သတင်းပညာကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး ပထမဆုံးဖွင့်လှစ်သော သတင်းအတတ်ပညာမေဂျာ၏ ပထမအပတ်စဉ်တက်ရောက်ခဲ့သူလည်းဖြစ်သည်။ ယင်းသင်တန်းတွင် သင်တန်းသား ၄၀ ကျော်သာရှိခဲ့သည်။ 
ကျောင်းနေဘက်သူငယ်ချင်းတစ်ဦးက မအေးသဇင်မြင့်က စစ်တပ်အရမ်းကြိုက်သူဟု မှတ်ချက်ပြုသည်။ 

“သူက ကျုံပျော်ကလာတက်တဲ့အဖွဲ့ပေါ့နော်၊ အတန်းထဲမှာဆိုရင် အပြင်စာတွေတွေဘာတွေဖတ်တယ်၊ အဲ့တော့ ရင်းနှီးကြတယ်၊ သူငယ်ချင်းတွေအပေါ်လဲ ကောင်းကောင်းမွန်မွန်ဆက်ဆံတော့၊ သူတို့အဆောင် လိုက်အိပ်ဖြစ်လို့ စကားပြောကြရင်၊ သူ့ခံယူချက်က စစ်တပ်ကို အရမ်းကြိုက်တာ၊ အဲ့ကတည်းက အငြင်းပွား ရတာတွေတော့ ရှိတယ်။သူတို့ တစ်မိသားစုလုံးကလည်း စစ်တပ်အသိုင်းအဝိုင်းထဲကပဲဆိုတော့လေ”

သတင်းထောက်လုပ်တုန်းက ၎င်းသည် နိုင်ငံတကာခရီးစဉ်များသွားရောက်ဖူးပြီး၊ သတင်းသင်တန်းအမြောက်အများလည်း တက်ရောက်ခဲ့ဖူးသည်။ သူနှင့်အတူ တစ်တန်းတည်းကျောင်းနေဘက် သူငယ်ချင်း နောက်တစ်ဦးကလည်း မအေးသဇင်မြင့်သည် ဦးသိန်းစိန်ခေတ်ကပေးအပ်ခဲ့ဖူးသော နိုင်ငံတကာပညာသင်ဆုရခဲ့ဖူးသည်။ 

သို့သော် ယင်းစကော်လားရှစ်အစီအစဉ်မှာ အငြင်းပွားမှုတွေရှိခဲ့ပြီးနောက် အများနည်းတူ မအေးသဇင်မြင့်လည်း ကျောင်းမတက်ဖြစ်ခဲ့ပါ။ ယင်းနောက် ၂၀၁၅ ခုနှစ် အမျိုးသမီးဗိုလ်သင်တန်း ဒုတိယအပတ်စဉ် တက်ရောက်ခဲ့ပြီး ထူးချွန်ဆုလည်းရရှိခဲ့သည်။ 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂုဏ်ပြုလေ့ရှိသော ထူးချွန်ဗိုလ်လောင်းအရာရှိ ညစာစားပွဲလည်း တက်ရောက်ခဲ့ဖူးသည်။ သို့သော် သတင်းလောက ကလာသည့် ၎င်းကို လုပ်ငန်းခွင်ဝင်သည့်အခါ စစ်ဘက်ဆိုင်ရာတာဝန်
များအစား စစ်တပ်ပိုင်ဝါဒဖြန့်သတင်းစာ မြဝတီတွင်သာ ပေးလုပ်ကြောင်း ၎င်း၏ သူငယ်ချင်းဖြစ်သူက ရှင်းပြသည်။ 

“တိုင်းပြည်ကာကွယ်ရေး သီးသန့်သာလုပ်ပြီးတော့ အခုလိုပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်တပ်မဟုတ်ပဲ၊ ပြည်သူတွေကို ကာကွယ်ပေးတဲ့ စစ်တပ်ကို ချစ်တဲ့ သူငယ်ချင်းမျိုးပဲ သူ့ကိုဖြစ်စေချင်တယ်”

စင်စစ်တွင် စစ်ကောင်စီလက်ကိုင်တုတ်ဖြစ်လာသူ မအေးသဇင်မြင့်တစ်ယောက်တည်းပဲ မဟုတ်ပါ။ သတင်းအတတ်ပညာကျောင်းဆင်း နောက်ထပ် အမျိုးသမီးနှစ်ဦးလည်း အလားတူအရာရှိအဆင့်အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိ၏။ တစ်ဦးက မမေသင်္ကြန်နိုင် ဖြစ်သည်။ သူသည် မအေးသဇင်မြင့်၏ ကျောင်းနေဘက်သူငယ်ချင်းဖြစ်သည်။ 

သို့သော် မအေးသဇင်မြင့်မှာ စစ်မှုထမ်းရာတွင် စီနီယာကျသည့်အတွက် တပ်တွင်းတွင်  မမေသင်္ကြန်နိုင်က မမ ဟုခေါ်ဆိုရသည်။ ကျန်တစ်ဦး၏ အမည်ကို မဇ္ဈိမ က စုံစမ်းနေဆဲပါ။ အမျိုးသားစီမံခန့်ခွဲမှုကောလိပ် သတင်းအတတ်ပညာ မေဂျာ၏ အမှတ်စဉ် ၁ ကျောင်းဆင်းများက  မအေးသဇင်မြင့်ရရှိထားသော သတင်းအတတ်ပညာဘွဲ့ကို အဓမ္မဘက်ရပ်တည်အသုံးပြုနိုင်ခြင်းမရှိအောင် ပြန်လည်ရုတ်သိမ်းနိုင်ရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း ဧပြီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly