မြန်မာ့အရေး အပါအ၀င် နိုင်ငံတကာအရေးကိစ္စများ ဆွေးနွေးရန် ကုလအကြီးအကဲ ရုရှားသို့ သွားရောက်မည်

မြန်မာ့အရေး အပါအ၀င် နိုင်ငံတကာအရေးကိစ္စများ ဆွေးနွေးရန် ကုလအကြီးအကဲ ရုရှားသို့ သွားရောက်မည်

ဧပြီ ၃၀

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်သည် မေလထဲတွင် ရုရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ကုလ ဆိုင်ရာ ရုရှားသံတမန်အဖွဲ့က ဧပြီ ၂၉ ရက်တွင် ပြောသည်။

ရုရှားအပေါ် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများ ကြီးထွားနေစဉ်ကာလအတွင်း ကုလ အကြီးအကဲ၏ ခရီးစဉ်ကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“ကုလအတွင်းရေးမှူးချုပ်ဟာ မော်စကို ကို လာရောက်ပါလိမ့်မယ်၊ မေလ ၁၂ နဲ့ ၁၃ မှာ သူ ရုရှားမှာ ရောက်နေပါလိမ့်မယ်” ဟု ကုလ ဆိုင်ရာ ရုရှား ဒုသံအမတ် ဒီမစ်ထရီ ပိုလ်ယန်စကီးက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

“ကုလအကြီးအကဲအနေနဲ့ နိုင်ငံခြားရေး၀န်ကြီး ဆာဂေး လက်ဗ်ရော့ဗ်နဲ့အကြား တကယ် အကျိုးများတဲ့ ဆွေး‌နွေးမှုတွေ လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ပြီးတော့ အဲဒီမှာ သူ့အတွက် တကယ့်ကို ကောင်းမွန်တဲ့ သံတမန်ရေးနဲ့ ယဉ်ကျေးမှု အစီအစဉ်တစ်ခုလည်း ရှိပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ထိုခရီးစဉ်အတွင်း ကုလအကြီးအကဲသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံရန် စီစဉ်ထားသလား ဆိုသည်ကို ပိုလ်ယန်စကီးက ထုတ်ဖော်သွားခြင်း မရှိပေ။

ကုလ အကြီးအကဲသည် ၎င်း၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း မြန်မာအရေးကိစ္စ အပါအ၀င် ယူကရိန်း၊ ဆီးရီးယား၊ လစ်ဗျားနှင့် အာဖဂန်နစ္စတန် အရေးကိစ္စများနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပိုလ်ယန်စကီးက ပြောသွားခဲ့သည်။

ဆိုက်ဘာတိုက်ခိုက်မှုများ၊ ရွေးကောက်ပွဲ စွက်ဖက်မှုနှင့် အခြားသော လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး စွပ်စွဲမှုများနှင့်အတူ ရုရှားအပေါ် နိုင်ငံတကာ ဖိအားများ တိုးမြင့်ကျရောက်နေစဥ် ယခုကဲ့သို့ ကုလအကြီးအကဲ ဂူတာရက်စ်က ရုရှားသို့ သွားရောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required