ထိုင်းနယ်စပ် မြန်မာဖက်ခြမ်း၌ တိုက်ပွဲများ ပြင်းထန် 

ထိုင်းနယ်စပ် မြန်မာဖက်ခြမ်း၌ တိုက်ပွဲများ ပြင်းထန် 

ဧပြီ ၂၇

ကရင်လက်နက်ကိုင်တပ်များ အများစု ထိန်းချုပ်ရာ ဧရိယာဖြစ်သော ထိုင်းနိုင်ငံနှင့် အရှေ့ဖက်ခြမ်းနယ်စပ်အနီးက မြန်မာစစ်တပ်စခန်းတစ်ခု၌ အင်္ဂါနေ့က တိုက်ပွဲကြီးများ ဖြစ်ပွားသည်။ 

နိုင်ငံအား အကျပ်အတည်းအတွင်း ကျရောက်စေခဲ့သော ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှစ၍ အများအားဖြင့် ပြင်းထန်သော တိုက်ပွဲအချို့၌ စစ်တပ်စခန်းများကို လက်ရသိမ်းပိုက်နိုင်ခဲ့ကြောင်း KNU လက်နက်ကိုင်တပ်က ပြောသည်။ 

ယနေ့ ဖြစ်ပွားသော ပြင်းထန်သည့် တိုက်ပွဲမှာ အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် ပတ်သက်ကာ အရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်များနှင့် စစ်အစိုးရတို့ ဘုံသဘောတူညီချက် ရရှိခဲ့ပြီး ရက်ပိုင်းအတွင်း ဖြစ်ပွားပေါ်ပေါက်ခြင်းလည်း ဖြစ်သည်။ 

အရုဏ်မတက်ခင်၌ ပြင်းထန်သည့် ပစ်ခတ်သံများ စတင်ကြားရသည်ဟု ထိုင်းနိုင်ငံ သံလွင်မြစ်တစ်လျှောက်က ကျေးရွာသူရွာသားများက ပြောကြသည်။ သစ်တောထူထပ်သော တောင်ကုန်းတစ်ခု၌ မီးတောက်မီးလျှံများနှင့် မီးခိုးများ လိမ့်တက်နေသည့် မြင်ကွင်းကို လူမှုမီဒီယာ ဗီဒီယိုပို့စ်များတွင် မြင်တွေ့ရသည်။ 

စစ်တပ်စခန်းအား နံနက် ၅ နာရီမှ ၆ ဝန်းကျင်တွင် KNU တို့မှ လက်ရသိမ်းပိုက်နိုင်ခဲ့သည်ဟု ယင်းအဖွဲ့၏ နိုင်ငံခြားရေးရာ အကြီးအကဲ ပဒိုစောတောနီးက ရိုက်တာသတင်းသို့ ပြောသည်။ 

စစ်တပ်၏ အခြေစိုက်စခန်းကို သိမ်းပိုက်နိုင်ပြီး မီးလောင်ပျက်စီးကြောင်း၊ တပ်ဖွဲ့အနေဖြင့် အသေအပျောက်စာရင်းကို စစ်ဆေးလျက် ရှိကြောင်း ၎င်းက ဆိုသည်။ အခြားနေရာများတွင်လည်း တိုက်ပွဲများဖြစ်နေသည်ဟု ၎င်းက ပြောသော်လည်း အသေးစိတ် မဆိုပေ။ 

စစ်တပ်အခြေစိုက်စခန်း စီးနင်းသိမ်းပိုက်ခံရကြောင်းကိုလည်း ပြည်တွင်းမီဒီယာအုပ်စုတစ်ရပ်ဖြစ်သည့် Karen information Center က ဆိုသည်။ စစ်သား ခုနစ်ဦး ထွက်ပြေးသွားကြသည်ကို မြင်တွေ့ရကြောင်း ရွာသူရွာသားများကလည်း ပြောသည်။ 
မြန်မာစစ်တပ်ကက လတ်တလော ထုတ်ပြန်ပြောဆိုသေးခြင်း မရှိပေ။ 

အဆိုပါ စစ်တပ်စခန်းကို KNU က ဝိုင်းရံပိတ်ဆို့ထားခြင်းဖြစ်ပြီး မကြာသေးသော သီတင်းပတ်များ၌ စားနပ်ရိက္ခာ ပြတ်တောက်နေခဲ့ကြောင်း စစ်သားများနှင့် ဆက်သွယ်မှုရခဲ့သည့် ထိုင်းရွာသားများက ဆိုသည်။ 

စစ်တပ်အာဏာသိမ်းပြီးချိန်မှစကာ KNU နှင့် ထိပ်တိုက်တိုက်ပွဲများ ဖြစ်ပွားပေါ်ပေါက်နေခြင်းဖြစ်သည်။ 

မကြာသေးသော သီတင်းပတ်များအတွင်း စစ်တပ်၏ လေကြောင်းထိုးစစ်များအပါအဝင် တိုက်ပွဲများကြောင့် နေရပ်ထွက်ပြေးတိမ်းရှောင်ရသူပေါင်း ၂၄၀၀၀ ဝန်းကျင်ရှိပြီး တောအတွင်း ပုန်းခိုနေထိုင်ကြရကြောင်း KNU တပ်ဖွဲ့က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly