မြန်မာနိုင်ငံ၏ အခြေအနေအ‌ပေါ် စိုးရိမ်ပူပန်စွာ စောင့်ကြည့်လျက်ရှိဟု ရုရှား ပြော

မြန်မာနိုင်ငံ၏ အခြေအနေအ‌ပေါ် စိုးရိမ်ပူပန်စွာ စောင့်ကြည့်လျက်ရှိဟု ရုရှား ပြော

ဧပြီ ၂၇

ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေမိကြောင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဧပြီ ၂၆ ရက်တွင် ပြောသည်။

ရုရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံရှိ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အရပ်သားများကို ထိခိုက်သေဆုံးစေသည့် မည်သည့်လုပ်ဆောင်ချက်မျိုးကိုမဆို ပြစ်တင်ရှုတ်ချကြောင်း ပက်စ်ကော့ဗ်က သတင်းထောက်များကို ပြောသည်။

“ကျွန်တော်တို့ အလွန်ပဲ စိုးရိမ်ပူပန်မိပါတယ်၊ ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို အထူးအလေးထား စောင့်ကြည့်နေပါတယ်၊ လူ့အသက်ဆုံးရှုံးမှုတွေကို ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေ ကျွန်တော်တို့ အပြင်းအထန် ရှုတ်ချပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

သို့ရာတွင် မြန်မာအနေဖြင့် ယင်း၏ ပြဿနာများကို ယင်းဘာသာ ဖြေရှင်းရမည်ဖြစ်ကြောင်း ပက်စ်ကော့ဗ်က ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူများကို အာဏာသိမ်းစစ်တပ်က ဖြိုခွင်းနှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ရာ အနည်းဆုံး လူပေါင်း ၇၄၅ ဦး သေဆုံးခဲ့ကြောင်း စောင့်ကြည့်အဖွဲ့တစ်ခု၏ ကိန်းဂဏန်းများအရ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြီးခဲ့သည့် ဧပြီ ၂၃ ရက် ထုတ်ပြန်မှုတစ်ခုအရ လူပေါင်း ၃,၃၇၁ ဦး ထိန်းသိမ်းခံထားရပြီး ၇၉ ဦး စီရင်ချက်ချခံထားခဲ့ရာ အနည်းဆုံး လူပေါင်း ၁,၁၁၈ ဦးအတွက် ဖမ်း၀ရမ်းများ ထုတ်ထားကြောင်း သိရသည်။

မြန်မာ့အကျပ်အတည်း ဖြေရှင်းနိုင်ရေး ဆွေးနွေးရန် ပြီးခဲ့သည့် စနေနေ့က အာဆီယံ ခေါင်းဆောင်များ ဂျကာတာတွင် စုဝေးတွေ့ဆုံခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly