နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူ ၇ဝဝ ကျော်အတွက် စစ်ခေါင်းဆောင်တွေ တာဝန်ခံရမယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူ ၇ဝဝ ကျော်အတွက် စစ်ခေါင်းဆောင်တွေ တာဝန်ခံရမယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

ဧပြီ ၂၆

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားခဲ့တဲ့ အပြစ်မဲ့ပြည်သူလူထု ၇ဝဝ ကျော်အတွက် စစ်ကောင်စီခေါင်းဆောင်တွေ တာဝန်ယူ၊ တာဝန်ခံရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဧပြီလ ၂၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဧပြီလ ၂၆ ရက်နေ့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးမှာ PPST ယာယီအဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွင့်မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံအစည်းအဝေးရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ကြိုဆိုကြောင်းနဲ့ တိကျတဲ့လုပ်ငန်းစဉ်၊ အချိန်ဇယားတွေနဲ့ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားဖို့လည်း အာဆီယံကို မေတ္တာရပ်ခံခဲ့ပါတယ်။

အကြမ်းဖက်လုပ်ရပ်မှန်သမျှ ချက်ချင်းရပ်တန့်ရေး၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးရေး၊ အာဆီယံအထူးကိုယ်စားလှယ်က ကြားဝင်အကျိုးဆောင်စေ့စပ်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး စတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မိမိတို့ EAOs တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အာဆီယံနဲ့ လက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူချက် ၅ ရပ်မှာ မပါဝင်လာခဲ့တဲ့ အချက်တစ်ချက်ဖြစ်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေအားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရေး အာဆီယံအနေနဲ့ ကြိုးပမ်းဆောင်ရွက်ပေးဖို့လည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က တောင်းဆိုလိုက်ပါတယ်။

အာဏာရှင်စနစ်အပြီးသတ်ချုပ်ငြိမ်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းခဲ့နိုင်တဲ့အပေါ် PPST အဖွဲ့နေနဲ့ နှစ်ထောင်းအားရဝမ်းမြောက်မိတယ်လို့လည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး (၁၅/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့၊ နံနက်ပိုင်းတွင် Video Conferencing ဖြင့် စတင်ကျင်းပလျက်ရှိပြီးဧပြီလ (၂၇) ရက်နေ့အထိ ဆက်လက် ကျင်းပမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required