နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၅ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၅ ဧပြီ ၂၀၂၁)
(Photo: : EPA - ဧပြီလ (၂၅)ရက်၊ မန္တလေးမြို့ရှိ ပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အားထောက်ခံကြောင်း ဆိုင်ကယ်သပိတ်ဖြင့် ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• အကြမ်းဖက်စစ်အုပ်စုက နေအိမ်အတွင်းသို့ ဧည့်စာရင်းစစ်မည်ဟု အကြောင်းပြကာ သတင်းစာဆရာမ မတူးတူးသာနှင့် မိသားစုဝင် စုစုပေါင်း လေးဦးအား ယမန်နေ့ညပိုင်းက ဝင်ရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။ မတူးတူးသာသည် ယခင်က ဧရာဝတီသတင်းဌာန အယ်ဒီတာနှင့် သန်လျင်ပို့စ်ဂျာနယ် ထုတ်ဝေသူဖြစ်ပြီး လက်ရှိတွင် သတင်းစာပညာသင်တန်းများ ပေးနေသူလည်း ဖြစ်သည်။ 

• တောင်ဥက္ကလာပတွင် လူငယ်များက လမ်းမများပေါ်တွင် "လုံးဝအုပ်ချုပ်၍ မရစေရ" အပါအဝင် တော်လှန်သော စာသားများ ရေးသားစိုက်ထူကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြသည်။ 

• သာကေတတွင် လူငယ်များက "ကမ္ဘာမကြေဘူး...သွေးမအေးဘူး" ဟု ရေးသားထားသည့် တော်လှန်သော စာများအား ရေးသား၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• လှိုင်တွင် ပြည်သူများက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များအား လမ်းမများပေါ် ဖြန့်ကြဲကာ အဆောက်အအုံနံရံများ၌ ကပ်ထား၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ယနေ့ နေ့လယ် ၁၁ နာရီခန့်က နေပြည်တော်သို့ ဦးတည်၍ ကုန်စည်ရထားတွဲတစ်စင်း ငမိုးရိမ်ဘူတာကို ဖြတ်၍ ထွက်သွား ကြောင်း ငမိုးရိပ်ဘူတာအနီး ဒေသခံများထံက သိရသည်။ 

• ရန်ကုန်မြို့ သာကေတ အ.ထ.က (၃) နှင့် ရွှေပြည်သာ အ.ထ.က (၁) တို့တွင် "စစ်ကျွန်ပညာရေး အလိုမရှိကြောင်း" သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• ယနေ့ နေ့လယ်ပိုင်းက မြောက်ဒဂုံ ၄၃ ရပ်ကွက်၊ ဖိုးရာဇာလမ်းနှင့် ဇွဲကပင်လမ်းဘက်တွင် အကြမ်းဖက်စစ်အုပ်စု လက်နက် ကိုင်များက အင်အားအများအပြားသုံးကာ နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ကနဦးမြေပြင်သတင်းများအရ အမျိုးသမီး သုံးဦးနှင့် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။ 

• တောင်ဒဂုံမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က လုံခြုံရေးများ ချထားဆဲဖြစ်သော်လည်း လူငယ်များက တော်လှန်ရေး အလံပေါင်းစုံ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိနေသည့်ကြားကပင် လူငယ်အများစု ပါဝင်သည့် တာမွေ သပိတ်စစ်ကြောင်းက မြို့နယ်တွင်း၌ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်စုဘက်က နေ့၊ ညမပျက် ကင်းလှည့်ကာ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်နေသည့်ကြားကပင် စမ်းချောင်းမြို့နယ်ရှိ လူငယ်များက စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• သန်လျင်မြို့နယ်တွင် လူငယ်အချို့က "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" ဟု ရေးသားထားသည့် စက္ကူဆိုင်းဘုတ်များ ကို ရေကန်များအတွင်း မျောကာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• လှိုင်မြို့နယ်တွင် လူငယ်အချို့ ယမန်နေ့က အာဆီယံအစည်းအဝေးပွဲအပြီး ထုတ်ပြန်ထားသော အချက်ငါးချက်ကို ဆန့်ကျင်သည့်အနေဖြင့် မတရားဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန်၊ ဒီမိုကရေစီစနစ် ချက်ချင်းအကောင် အထည်ဖော်ရန်၊ လူသားမဆန်သည့် ဖိနှိပ်မှုများ ချက်ချင်းရပ်ရန်၊ အကြမ်းဖက်လူသတ်စစ်အုပ်စုကို အရေးယူရန်နှင့် နိုင်ငံကာကွယ်ရေးကိုသာ ဦးတည်သည့် တပ်မတော် ဖွဲ့စည်းရန် စသည့် အချက်ငါးချက်ပါ စာရွက်များ ကိုင်ဆောင်ကာ တန်ပြန်တောင်းဆိုမှုသပိတ် ပြုလုပ်ခဲ့သည်။ 

• နေ့လယ် ၂ နာရီခန့်က အင်းစိန်၊ ပေါက်တောဝကားမှတ်တိုင်အနီး ရပ်ကွက်ရုံးတွင် အသေးစားပေါက်ကွဲမှု အနည်းဆုံး သုံးကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုရှိသည်ဟု မကြားသိရသော်လည်း အကြမ်းဖက်စစ်အုပ်စုဘက်က လာရောက်တပ်စွဲ ကာ ရှာဖွေမှုအချို့လည်း ပြုလုပ်လျက် ရှိသည်။ 

• ပေါက်ကွဲမှုများ ရှိနေခဲ့သည့် တောင်ဥက္ကလာတွင် ယနေ့ညနေ ၄ နာရီ ၂၀ မိနစ်ခန့်က အကြမ်းဖက် စစ်အုပ်စုဘက်မှ Double Cab နှစ်စီးဖြင့် နန္ဒဝန်စျေးဘက်မှ ပါရမီလမ်းဘက်သို့ အပြင်းမောင်းနှင်သွားကာ သေနတ်သံနှစ်ချက်လည်း ကြားခဲ့ရကြောင်း ဒေသခံများက ဆိုသည်။ 

မန္တလေးတိုင်းဒေသကြီး

• မြင်းခြံမြို့၊ စက်မှုဇုန် ခွာညိုလမ်းရှိ စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုကြောင်င့ ဖမ်းဝရမ်းထုတ်ထားသည့် ကိုသက်နိုင်အောင် (ခ)ကိုသက်ကြီး နေအိမ်အား နံနက် ၅ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်အဖွဲ့များက ဝင်ရောက်စီးနင်းကာ နေအိမ်တွင်းရှိ စာရွက်စာတမ်းနှင့် ရှေးဟောင်းကြွေထည်၊ ရုပ်ထုအပြင် ဗိုလ်ချုပ်ပုံငွေစက္ကူများ၊ ဆိုင်ကယ်ဦးထုပ်များကိုပါ သိမ်းဆည်းသွားသည်ဟု သိရသည်။

• မန္တလေးတွင် ဒေသခံသပိတ်စစ်ကြောင်းများက စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း အာရုဏ်ဦး သပိတ် ပြုလုပ်ခဲ့သည်။

• မန်းတွင် လူငယ်အချို့က နွေဦးတော်လှန်ရေးသည် ဒီမိုကရေစီရရန်အတွက် အသက်များ ရင်းခဲ့ရသည့်အတွက် နောက်ဆုံးမှာ အနိုင်ရဖို့ပဲ လိုတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Monopoly Game Strike ပြုလုပ်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော် လှန်ခဲ့သည်။ 

• မန်းတွင် သပိတ်စစ်ကြောင်းကြီးများဖြစ်သည့် တကသ၊ မြတောင်နှင့် သမဝါယမတက္ကသိုလ်ကျောင်းသားများ သပိတ်စစ် ကြောင်းတို့ ပူးပေါင်းကာ အင်အားရာနှင့်ချီ ပါဝင်သည့် စုပေါင်းသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• သံဃသမဂ္ဂစစ်ကြောင်းကလည်း သံဃာတော်များ ဦးဆောင်ကာ ပြည်သူများ ခြံရံလျက် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း အင်အားရာချီစုပေါင်းကာ ဆန့်ကျင်တော်လှန်ခဲ့သည်။

• ကျောက်ပန်းတောင်းရှိဒေသခံများက စစ်အုပ်စုနှင့် တိုင်းရင်းသားလက်နက်ကိုင် KIA ကြား တိုက်ပွဲဖြစ်နေသည့် မိုးမောက်ရှိ ပြည်သူများအတွက် အန္တရာယ်ကင်းရေး ဆုတောင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူမဲ့စာသပိတ် ပြုလုပ်ခဲ့သည်။ 

• မြင်းခြံတွင် ဒေသခံများက မြို့အဝင်ဆိုင်းဘုတ်၊ အဝေးပြေးယာဉ်ဝင်းဆိုင်းဘုတ်နှင့် မြင်းခံလဝက ခရိုင်ဦးစီးရုံး ဆိုင်းဘုတ်များတွင် ဆေးအနီများ ပတ်ဖြန်း၍ သွေးမတိတ် ဆေးသပိတ် ပြုလုပ်ခဲ့သည်။ 

• ပြင်ဦးလွင်မြို့ သုံတောင်ရွာ ပြည်သူများက အကြမ်းဖက်စစ်အုပ်စု အလိုမရှိကြောင်း စာများရေးသား၍ သစ်ပင်များတွင် ချိတ်ဆွဲ၍ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။

• တပ်မြို့ဟု ခေါ်ရမည့် ပြင်ဦးလွင်တွင် သံဃာတော်များ၊ ဝန်ထမ်းပေါင်းစုံနဲ့ ဒေသခံပြည်သူ ထောင်နှင့်ချီကာ စစ်အာဏာရှင် စနစ် အပြီးတိုင် ကျရှုံးရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မိတ္ထီလာတွင် ယမန်နေ့က သပိတ်စစ်ကြောင်း ဖြိုခွဲခဲ့ရကာ ပညာရေးမိသားစုဝင် ဆရာ/ဆရာမ ခုနစ်ဦး ဖမ်းဆီးခံခဲ့ရသော် လည်း ယနေ့နံနက်ပိုင်းတွင် ဒေသခံများက ဆိုင်ကယ်သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန် အာခံခဲ့ကြသည်။

• ပုဂံတွင်လည်း ဒေသခံအင်အား ၁၀၀ ကျော်က စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မတ္တရာတွင် မြို့ခံများက စစ်ကြောင်းဖွင့်ကာ NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မိုးကုတ်တွင်လည်း အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ထားသော်လည်း စစ်အာဏာရှင်စနစ်ကို မလိုလားသည့် ဒေသခံများက "ပြည်သူအပေါ် တအားဆိုးသွမ်းတဲ့ တပ်မတော်သားများ မျိုးကန်းပါစေ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

• ယနေ့နေ့လယ်ပိုင်းက မန္တလေးတက္ကသိုလ်တဝိုက်ရှိ မဟာမြိုင်နှင့် အခြားရပ်ကွက်ဘက်တွင် အကြမ်းဖက်စစ်အုပ်စု လက် နက်ကိုင်များက ဝင်ရောက်စီးနင်းရှာဖွေမှုများ ဆက်တိုက်ပြုလုပ်နေပြီး ဖမ်းဆီးခံရမှုအချို့ ရှိသည်ဟု သိရသော်လည်း မည်မျှဖမ်းဆီးခံရသည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း မန္တလေးမြို့ခံတစ်ဦးက ညနေ လေးနာရီခန့်တွင် အတည်ပြုပြောဆိုသည်။ စစ်အုပ်စုဘက်က မြို့ပေါ်တွင်လည်း ဆိုင်ကယ်များဖြင့် ယခင်ရက်များအတိုင်း ကင်းလှည့်မှုများ ရှိပြီး ယမန်နေ့ညပိုင်းကလည်း ယခင်ပေါက်ကွဲမှုဖြစ်ခဲ့သည့် စစ်တပ်ပိုင် မြဝတီဘဏ်အနီး ပေါက်ကွဲမှုရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေကြောင်းလည်း ၎င်းက ဆိုသည်။ 

• ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ပေါ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က ရွေ့လျားလှည့်ကင်းများသုံးကာ နေရာအနှံ့အပြား ၌ တားဆီးစစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် မင်းမဲ့စရိုက်ဆန်စွာ ငွေတောင်းယူခြင်း များလည်း ဆက်တိုက်လုပ်လာလျက် ရှိကြောင်း မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။ ယခင်က ဆိုင်ကယ်များအား ဦးထုပ်နှင့် လိုင်စင် စစ်ဆေးမှုများသာ ရှိခဲ့ရာက ယခုအခါ ဖုန်းနှင့် ဆိုင်ကယ်တူးဘောက်စ်များ ကိုပါ ပိုက်စိတ်တိုက်စစ်ဆေးကာ မသင်္ကာသည်ဟု ၎င်းတို့ ယူဆရသူများ၊ ဖုန်းထဲတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ပတ်သက်သည့် ဓာတ်ပုံတစ်ပုံပင် တွေ့ရှိပါက ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲရန် ရဲစခန်းများသို့ ချက်ချင်းပို့ဆောင်ခြင်းများလည်း ပြုလုပ်လာသည်ဟု သိရသည်။ 

ပဲခူးတိုင်းဒေသကြီး

• တောင်ငူ အ.ထ.က (၁) ကျောင်းရှေ့တွင် "လောက်ကောင်ပညာရေး အလိုမရှိ"၊ "မင်္ဂလာပါ ဆရာမ CDM ဆို နှုတ်ဆက်ကြ" စာများကပ်ကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ပဲခူး အ.ထ.က (၇) တွင်လည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း သွေးသပိတ် ပြုလုပ်ခဲ့သည်။

• ပြည်တက္ကသိုလ်ရှေ့တွင် ယနေ့ နေ့လယ် နှစ်နာရီခန့်က ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ကာ လူထိခိုက်မှု မရှိကြောင်း မြို့ခံများထံက သိရသည်။ ပြည်မြို့တွင် ယမန်နေ့ကလည်း စစ်တပ်ပိုင် အင်းဝဘဏ်ရှေ့၌ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သေးပြီး ပြည် လက်ရုံးတပ်ဖွဲ့မှ တပ်သား (၃) ဦးလည်း လက်နက်များနှင့်အတူ ထွက်ပြေးသွားသည့်အတွက် မြို့အဝင်အထွက်နှင့် မြို့လယ် ခေါင်များတွင် အကြမ်းဖက်စစ်အုပ်စုဘက်က တားဆီးစစ်ဆေးမှုများ ပိုက်စိတ်တိုက် ပြုလုပ်လျက် ရှိသည်။ 

• ဒိုက်ဦးတွင် ဒေသခံများက ရောင်စုံစက္ကူများဖြင့် လှေငယ်ကလေးများလုပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ရေးသား၍ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။

• ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းတွင် လူငယ်များက "တိုင်းရင်းသားလက်နက်ကိုင်များအား ကြိုဆိုထောက်ခံပါသည်"၊ "ဒီပွဲ နိုင်ကို နိုင်ရမည်" စာများပါ စက္ကူဆိုင်းဘုတ်များ ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပျောက်ကြား သပိတ်ပြုလုပ်ခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• စစ်ကိုင်း၊ ယင်းမာပင်ရှိ သပြေအေးကျေးရွာ ဘုန်းတော်ကြီးကျောင်းအား အကြမ်းဖက်စစ်တပ် လက်နက်ကိုင်များက ဒုတိယအကြိမ် ဝင်ရောက်စီးနင်းမှုကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ပြီး ကျောင်းဆောင်တစ်ဆောင်အား ဖျက်ဆီးကာ ပညာ ဒါန ကွန်ပျူတာသင်တန်းတွင် သုံးသည့် ကွန်ပျူတာ အလုံး ၂၀ ကို သိမ်းယူသွားသည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂ ရက်ကလည်း သပြေအေးဆရာတော်များ ကနီဒေသတဝိုက် သပိတ်များဖြစ်ပေါ်အောင် လုပ်ဆောင်သည်ဟု ဆိုကာ အင်အားအလုံးအရင်းဖြင့် ပထမအကြိမ် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ဒေသခံများက ရရာလက်နက်ဖြင့် ပြန်လည်ခုခံသဖြင့် နှစ်ဖက်အထိအခိုက်၊ အကျအဆုံးများလည်း ရှိခဲ့ဖူးသည်။ 

• စစ်ကိုင်း၊ ဟုမ္မလင်းတွင် ယမန်နေ့ည အသွားအလာကန့်သတ်ထားသည့်အချိန်က ဟုမ္မလင်းမြို့မဲရဲစခန်း၊ သီတဂူဆေးရုံနှင့် မြို့မရပ်ကွက်ရုံးတို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုတစုံတရာမရှိဟု သိရသည်။ 

• ပခုက္ကူတွင် ဒေသခံအချို့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လမ်းလျှောက် အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• စစ်ကိုင်း၊ ရွှေဘိုပင်မသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက မြို့တွင်းလမ်းဆုံများနှင့် စျေးများရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ကလေးမြို့တွင် ဒေသခံပြည်သူများက သပိတ်စစ်ကြောင်း သုံးကြောင်းဖွင့်၍ စစ်အာဏာရှင်စနစ် ကျရှုံးစေရေး ဆန္ဒပြခဲ့ကြ သည်။ 

• တန့်ဆည်မြိုပေါ်နှင့် ကျေးရွာအချို့တွင် အကြမ်းဖက်စစ်တပ်ဘက်က တပ်စွဲလှည့်လည် လုံခြုံရေးယူထားသော်လည်း ဒေသခံများက လူအင်အား ရာနှင့်ချီပါဝင်သည့် ဆိုင်ကဘ်သပိတ်များ ဆင်နွှဲ၍ စစ်အာဏာရှင်စနစ်ကို ဆက်လက်တော်လှန်လျက် ရှိသည်။

• မုံရွာတွင် လူတိုင်းက ဝေမိုးနိုင် ဖြစ်သည်ဟု ဆိုကာ ပင်မဆိုင်ကယ်သပိတ်စစ်ကြောင်းဖွင့်၍ စစ်အာဏာရှင် စနစ်အား ဆန့်ကျင်တော်လှန်ခဲ့ကြသည်။

• ပုလဲမြို့နယ်တွင် လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် အရေးတော်ပုံ မုချအောင်မြင်ရမည် ဟု ရေးသားထားသည့် စာရွက်များအား လိုက်လံဖြန့်ဝေ့ခဲ့ကြသည်။

• ဆားလင်းကြီးမြို့နယ်၊ ဘုတ်စုကျေးရွာတွင်လည်း ကျေးရွာနေပြည်သူ ရာနှင့်ချီစုဝေးကာ ရွာတွင်းလမ်းများ၌ လှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဘုတလင်တွင်လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် NUG အစိုးရထောက်ခံကြောင်း ဆန္ဒဖော်ထုတ် ခဲ့သည်။

မကွေးတိုင်းဒေသကြီး

• နတ်မောက်မြို့တွင် ဒေသခံများက စကောများပေါ်တွင် "စစ်အာဏာရှင် အလိုမရှိ" ၊ "NUG အစိုးရထောက်ခံကြောင်း" စာများ ရေးကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး

• မြိတ်တွင် ယမန်နေ့ည ၁၂ နာရီခန့်က ကျောင်းသားသမဂ္ဂအဖွဲ့ဝင် အမျိုးသားသုံးဦးအပါအဝင် နောက်ထပ် အမျိုးသားနှင့် အမျိုးသမီးတစ်ဦး ဖမ်းခံခဲ့ရသည်ဟု သိရသည်။ ဖမ်းဆီးခံရသူများမှာ ကိုသက်လွင်ငြိမ်း (မြိတ်-ကွန်ပျူတာသမဂ္ဂ ဒုဥက္ကဋ္ဌ)၊ ကိုပြည့်မင်းခန့် (မြိတ်တက္ကသိုလ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ)၊ ကိုစိုးဝေယံဖြိုး (မြိတ်-နည်းပညာတက္ကသိုလ်သမဂ္ဂ အဖွဲ့ဝင်) တို့ဖြစ်ပြီး အခြားသူနှစ်ဦးအား စုံစမ်းဆဲဖြစ်သည်။

• ထားဝယ်တွင် နည်းပညာ၊ ပညာရေးနှင့် ဒေသခံများ ပါဝင်သည့် သပိတ်စစ်ကြောင်းများ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် နဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။ 

• ထားဝယ်တောင်ပိုင်းကျေးရွာများ ပူးပေါင်းသပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီ စုဝေး၍ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ကျေးရွာများတွင်း လှည့်လည်၍ တော်လှန်ပုန်ကန် ဆန္ဒပြခဲ့ကြသည်။

• လောင်းလုံတွင် အကြမ်းဖက်စစ်အုပ်စု အပြီးတိုက် ပျက်သုန်းရေး ပညာရေးမိသားစုသပိတ်စစ်ကြောင်းနှင့် လောင်းလုံ တောင်ပိုင်းသပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍ လူအင်အားရာနှင့်ချီ စုပေါင်းကာ တော်လှန်ဆန္ဒပြခဲ့ကြသည်။ သပိတ်စစ်ကြောင်းက ဆိုင်ကယ်များဖြင့် လှည့်လည်ဆန္ဒဖော်ထုတ်နေစဉ် ကဒတ်ကြီးနှင့် ပြင်ကျွန်းရွာအနီးရှိ သုဿန်နားအရောက်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ရာ ထိခိုက်ဒဏ်ရာရမှု မရှိသော်လည်း ဆန္ဒပြပြည်သူများ၏ ဆိုက်ကယ်ခုနစ်စီးကို သိမ်းယူသွားခဲ့သည်ဟုသိရသည်။

• လောင်းလုံမြို့နယ် ကမြောကင်းနှင့် နခံတောကျေးရွာအုပ်စုများ ပူးပေါင်း၍လည်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သေးသည်။ ထို့ပြင် မောင်းမကန်ကျေးရွာနှင့် သဗြာကျေးရွာဘက်များတွင်လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ်များ ပြုလုပ်ခဲ့ကြသည်။

• ထားဝယ်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် PSI စလောင်းများ ဖြုတ်သိမ်းရန် စစ်အုပ်စုဘက်က လိုက်လံသတိပေးမှုများ ပြုလုပ်လျက် ရှိသည်။ ကံပေါက်ဒေသသည် နေ့စဉ်ရက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်နေသည့် တော်လှန်ရေးအမာခံဒေသလည်း ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး

• ဖျာပုံတွင် အရုပ်များပေါ်၌ "စစ်တိုက်နေတာ မဟုတ်ဘူး စနစ်ကို တိုက်နေတာ" စသည့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် သည့် စာသားများ ကပ်ကာ လူမဲ့အရုပ်သပိတ် ပြုလုပ်ခဲ့သည်။

• ပုသိမ်တွင် ကိုးမြို့ရှင်၊ ပုလဲရင်နှင့် ဦးရှင်ကြီးနတ်နန်းများတွင် CRPH ကို ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆိုင်းဘုတ်များ ထောင်ထားကာ လမ်းမီးတိုင်ဓာတ်ကြိုးများ၌လည်း ချိတ်ဆွဲ၍ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။ ထို့ပြင် မြို့ပေါ်စျေးများ၌လည်း ပြည်သူများ သွေးမအေးရန်နှင့် စည်းလုံးကြရန် နှိုးဆော်စာများကိုလည်း လိုက်လံဖြန့်ဝေခဲ့သည်။

• ပုသိမ်မြို့ပေါ်တွင်ပင် ယနေ့ နေ့လယ်ပိုင်းကလည်း လူငယ်များက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း စာများကို ပူဖောင်းများတွင် ကပ်၍ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

• ပေါင်မြို့တွင် ဒေသခံလူငယ်များက "စစ်အာဏာရှင်စနစ် မုချ ကျရှုံးစေရမည် - ပြည်သူ့အရေးတော်ပုံ အောင်ကို အောင်ရမည်"စာသားများ တောင်နံရံများတွင် ကပ်၍ ပျောက်ကြားလူမဲ့စာသပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် ဒေသခံများကလည်း စိုက်ပျိုးရေးခြံများတွင် ရာသီပေါ်သီးနှံများ၌ စစ်အာဏာရှင်ဆန့်ကျင်သော စာများကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့ကြသည်။ 

• မုဒုံတွင် လူငယ်အချို့က NUG ထောက်ခံကြောင်းနှင့် ဖမ်းဆီးခံခေါင်းဆောင်များ လွတ်ပေးရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ သည်။ 

ချင်းပြည်နယ်

• မင်းတပ်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာကပ်မှုဖြင့် အမျိုးသား သုံးဦးနှင့် အမျိုးသမီး လေးဦး ယမန်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခံရပြီးနောက် တင်းမာမှုများရှိခဲ့ရာ ညပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူများအကြား အပြန်အလှန်ပစ်ခတ်မှု အချို့ ရှိခဲ့ပြီး ပြည်သူဘက်က သုံးဦး ထပ်မံဖမ်းဆီးခံခဲ့ရပြီး စစ်တပ်ဘက်ကလည်း ထိခိုက်မှုများ ရှိခဲ့ သည်ဟု သိရသည်။ မင်းတပ်မြို့တွင် အကြမ်းဖက်စစ်အုပ်စုဘက်က အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သေနတ် ပစ်ဖောက်လာခြင်းလည်း ဖြစ်ပြီး မင်းတပ်မြို့သည် လူအင်အားရာနှင့်ချီသည့် သပိတ်စစ်ကြောင်းကြီးများ ရှိခဲ့သည့် မြို့လည်း ဖြစ်သည်။

ကချင်ပြည်နယ်

• ယနေ့နံနက် အစောပိုင်းက မြစ်ကြီးနား၊ စိမ်းမြဧရာပန်းခြံရှေ့တွင် ပေ ၃၀ ခန့်ရှိ အနီရောင်ပိတ်စပေါ်၍ ဆေးအဖြူရောင်ဖြင့် "Spring Revolution” ဟု ရေးသား၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• ပူတာအိုခရိုင်၊ ခေါင်လန်ဖူး (ဌာနေ) ပြည်သူ့စစ်အဖွဲ့အနေဖြင့် စစ်အုပ်စုနှင့် မပူးပေါင်းဘဲ NUG အစိုးရနှင့်သာ လက်တွဲပူး ပေါင်းပါဝင်ရန် ရဝမ်အမျိုးသားများမဟာမိတ်အဖွဲ့က ထုတ်ပြန်တောင်းဆိုထားသည်။

• နမ္မတီးတွင်လည်း ယနေ့နံနက်ပိုင်းက ဒေသခံအင်အား ရာနှင့်ချီ စုပေါင်းကာ စစ်အာဏာရှင်ယန္တရား အပြီးတိုင် ရပ်တန့်သွား ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ဖားကန့် တာမခန်မြို့သစ်နှင့် ဟောင်ပါးသပိတ်စစ်ကြောင်းတို့မှာ နေ့စဉ်မပျက် လမ်းပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ကျရှုံးရေး ဆန္ဒပြလျက်ရှိရာ ယနေ့တွင်လည်း လူအင်အား ထောင်နှင့်ချီ စုပေါင်းကာ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင် တော်လှန်ခဲ့ကြသည်။ ဆိုင်းတောင်ကျေးရွာတွင်လည်း ဒေသခံအင်အား ၁၀၀ ကျော်ဖြင့် NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အုပ်စု ကျရှုံးရေး ဆန္ဒပြခဲ့ကြသည်။

• ဟိုပင်တွင်လည်း ဒေသခံများ "ပြည်သူတွေက ပုန်ကန်သူ မဟုတ် - နိုင်ငံတော်ကို ပုန်ကန်တာ စစ်မိစ္ဆာ မင်းအောင်လှိုင်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အုပ်စု အပြီးတိုင်ဇာတ်သိမ်းရေး ဆန္ဒပြခဲ့ကြသည်။ 

• ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ မြို့သစ်နှင့် ဆီဟတ်ကျေးရွာကြားရှိ တာဝါတိုင်စခန်းအား KIA ဘက်က သိမ်းယူပြီးနောက် ဧပြီလ ၂၄ ရက်မှ ယနေ့နံနက်ပိုင်းအထိ စစ်အုပ်စုဘက်က လေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး ကျေးရွာများအတွင်း၌လည်း နှစ်ဖက်ပစ်ခတ်မှုများ ရှိနေသည့်အတွက် ဒေသခံများ တိမ်းရှောင်နေကြရသည်။ 

• မိုးကောင်းတွင်လည်း လူငယ်များက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် စီးရေ ၁၀၀ ခန့်ဖြင့် ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

ကယားပြည်နယ်

• လွိုင်ကော်၊ နောင်ယား (က) ရပ်ကွက်တွင် လူငယ် ၅၀ ခန့်က စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

• ဖရူဆိုမြို့နယ်တွင် ဒေသခံအင်အား ၅၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်ပြုလုပ်စဉ် အကြမ်းဖက်စစ် အုပ်စုဘက်က ရဲကား တစ်စီး၊ စစ်ကား ငါးစီးဖြင့် အင်အား ၁၀၀ ခန့် ပါဝင်သော ဖြိုခွဲရေးအဖွဲ့ဖြင့် ရောက်ရှိလာကာ အသံဗုံး နှစ်ချက်ဖောက် လူစုခွဲခဲ့ပြီး ဆန္ဒပြပြည်သူများ၏ ဆိုင်ကယ် သုံးစီးကို သိမ်းယူသွားသည်ဟု သိရပြီး ယနေ့တွင်မူ သပိတ်များ မလုပ်နိုင်ခဲ့ပေ။ 

ကရင်ပြည်နယ်

• ကရင်ပြည်နယ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က လေကြောင်းသုံးတိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအား NUG အစိုးရက ကျပ်သိန်း ၅၀၀ ဖိုးတန်ဖိုးရှိ အစားအသောက်နှင့် အသုံးအဆာင်များကို ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ - Karen Peace Support Network (KPSN) ကတဆင့် ကူညီပံ့ပိုးပေးခဲ့သည်။ 

ရှမ်းပြည်နယ်

• သီပေါမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဒေါင်းစစ်သည်ပင်မသပိတ်စစ်ကြောင်းဖြင့် လူအင်အားရာနှင့်ချီစုပေါင်းကာ မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒပြတော်လှန်ခဲ့ကြသည်။

• နောင်ချိုတွင် လူငယ်အချို့က စစ်အာဏာရှင်ယန္တရား အပြီးတိုင်ရပ်ဆိုင်းသွားရေး ဆန္ဒထုတ်ဖော်နေစဉ် အကြမ်းဖက်စစ်တပ် ဘက်က အနည်းဆုံး စစ်နှင့် ရဲကား ငါးစီးဖြင့် ရောက်ရှိလာကာ ဖြိုခွင်းခဲ့သည့်အတွက် လူငယ်အချို့ ဖမ်းဆီးခံရသည့်အပြင် လမ်း ဘေးတွင် ရပ်ထားသည့် ဆိုင်ကယ်များကိုပါ ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံများက ဝိုင်းဝန်းတားမြစ်သည့်အတွက် သေနတ်ပစ်ဖောက်မှုများလည်း ပြုလုပ်ခဲ့သည်။ 

ဧပြီ ၂၅ သုံးသပ်ချက်

• ရန်ကုန်တွင် ညပိုင်း သံဗုံးတီးမှုနှင့် ပျောက်ကြားသပိတ်များ ဆက်တိုက်အားကောင်းနေဆဲ ဖြစ်ကာ စစ်အုပ်စုနှင့် ပတ်သက် သည့် နေရာများတွင်လည်း မကြာခဏဆိုသလို ပေါက်ကွဲမှုများ ရှိနေခဲ့သည်။ စစ်အုပ်စုဘက်က လူထုပျောက်ကြားသပိတ် များကို မြို့နယ်တစ်ခုချင်းစီအလိုက် ဖြိုခွင်းမှုပုံစံကို ပြုလုပ်လျက်ရှိပြီး ညပိုင်းများတွင်လည်း သံဗုံးတီးခြင်းများ ပြုလုပ်ခြင်း များကို ဆက်တိုက် ပြုလုပ်လာလျက် ရှိသည်။ မြို့ပေါ်စစ်ဆေးမှုများကို ဆက်တိုက်လုပ်နေသည့်အတွက် စစ်အုပ်စုဘက်တွင် လုံခြုံရေးစိတ်မချရမှုနှင့် သပိတ်များ ပြန်လည်အားကောင်းလာမည်ကို စိုးရိမ်ချက် ရှိနေသည်။ 

• မန္တလေးတွင် ပင်မသပိတ်စစ်ကြောင်းကြီးများမှာ ယခင်အတိုင်း လမ်းပေါ်တက်ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပြီး စစ်အုပ်စုဘက်က သပိတ်တွင် ပါဝင်သည့် ခေါင်းဆောင်နှင့် လူငယ်များအား ဖမ်းဆီးနိုင်ရေးကို အာရုံထားလျက် ရှိသည်။ အခြားမြို့များနှင့်မတူညီသည့်အချက်မှာ မန္တလေးမြို့ပေါ်တွင် လှည့်ကင်းယူထားသည့် စစ်အုပ်စုလက်နက်ကိုင်များက မြို့ခံ ပြည်သူများကို တားဆီးစစ်ဆေးရာတွင် ငွေကြေးတောင်းခံမှုများ ဆက်တိုက်လို လုပ်ဆောင်လာနေခြင်းဖြစ်ပြီး ဒေသခံလူထု အား အကြောက်တရားသွင်းရန် အဓိက ရည်ရွယ်နေခြင်း ဖြစ်သည်။

• နယ်မြို့ကြီးများတွင် လူအင်အား ထောင်နှင့်ချီသည့် သပိတ်ကြီးများ ရှိနေဆဲဖြစ်ကာ မြင်းခြံနှင့် ယင်းမာပင်ကဲ့သို့ မြို့များတွင် သပိတ်များ ပြန်မဖြစ်ပေါ်ရေးအတွက် အင်အားသုံးမှုများကို စစ်အုပ်စုဘက်က ဆက်တိုက်ပြုလုပ်လျက် ရှိသည်။ စစ်အုပ်စုအနေဖြင့် သွားလာရန် လွယ်ကူပြီး သပိတ်ကြီးများ ဆက်တိုက်ရှိသည့် နယ်မြို့များကို တစ်မြို့ချင်းစီအလိုက် ဖြိုခွဲရန် ဦးတည်ချက်ထားနေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်များ ရှိသည့်မြို့များကိုမူ လက်ရှောင်နေသည့်ပုံစံ ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly