ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာကို စစ်တပ်ကဝင်စီးပြီး ပစ္စည်းချို့ကိုယူဆောင်

ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာကို စစ်တပ်ကဝင်စီးပြီး ပစ္စည်းချို့ကိုယူဆောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ထဲက သပြေအေးကျေးရွာကို ဒီကနေ့ ဧပြီ ၂၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကား အစီး ၂၀ လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။

သပြေအေးကျေးရွာတံခါးကို ဘူဒိုဇာသုံးဖျက်ဆီးဝင်ရောက်ခဲ့တာဖြစ်ပြီး ရွာဦးကျောင်းတိုက်ထဲကိုဝင်ကာ နွေရာသီသင်တန်းအတွက်လှူဒါန်းထားတဲ့ ကွန်ပျုတာအလုံး ၂၀ လောက်ကိုယူဆောင်သွားတယ်လို့ ကျောင်းထိုင်ဆရာတော်ကမိန့်ပါတယ်။

ဒီ့အပြင်ကို ရွာထဲမှာရှိတဲ့ ကြက်၊ ဝက်တွေအပြင် ဆိုင်ကယ်တချို့ကိုပါ ယူဆောင်သွားသေးတယ်လို့လဲ ရွားသားတစ်ယောက်ကမဇ္ဈိမကိုပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် ရွာထဲကျန်ရှိနေတဲ့ ရွာသားတချို့ပါထွက်ပြေးတိန်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။သပြေအေးရွာဆိုတာ အရင်လပိုင်းလောက်တုန်းက အကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းခဲ့လို့ တူမီးတွေနဲ့ ပြန်ခုခံခဲ့ကြတဲ့ ရွာလည်းဖြစ်ပါတယ်။ 
အဲ့ဒီ့တုန်းက ရွာသား ငါး ယောက်ဖမ်းဆီးခံခဲ့ရပြီး  နှစ်ယောက်ရဲ့အလောင်းကို မုံရွာဆေးရုံကြီးမှာ သွားထုတ်ခဲ့ကြရပါတယ်။

ကျန်ရွာသား သုံးယောက်ကတော့ စစ်တပ်ကဖမ်းဆီးပြီး အကျဉ်းချထားကြောင်းသာသိရပြီး ဘာသတင်းမှမကြားရသေးပါဘူး။

မကြာသေးခင်ရက်ပိုင်းကလည်း ယင်းမာပင်နဲ့ကပ်လျပ် ကနီမြို့နယ်ထဲမှာ အကြမ်းဖက်စစ်တပ်က အင်အားသုံးဝင်ရောက်လို့ ရွာပေါင်း ၂၀ ထက်မနည်းကလူတွေထွက်ပြေးခဲ့ကြရပါသေးတယ်။

လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီးထဲက ယင်းမာပင်နဲ့ ကနီမြို့နယ်တွေထဲမှာ အကြမ်းဖက်စစ်တပ်က တူမီးသေနတ်တွေ၊ လေးဂွတွေကိုအပ်ဖို့ ဆော်ဩနေကြတယ်လို့သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required