မြန်မာသို့ အာဆီယံကိုယ်စားလှယ်အဖွဲ့ လာ‌ရောက်မည့်ကိစ္စကို အာဏာသိမ်းစစ်ခေါင်းဆောင် လက်ခံခဲ့

မြန်မာသို့ အာဆီယံကိုယ်စားလှယ်အဖွဲ့ လာ‌ရောက်မည့်ကိစ္စကို အာဏာသိမ်းစစ်ခေါင်းဆောင် လက်ခံခဲ့

ဧပြီ ၂၄

မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ပြေလည်အောင် ကူညီဖြေရှင်းရန် အာဆီယံမှ ကိုယ်စားလှယ်အဖွဲ့တစ်ခု လာရောက်မည့်ကိစ္စကို ၎င်းအနေဖြင့် မကန့်ကွက်ပါဟု မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့သည်ဟု သိရသည်။

ယင်းသည် ဧပြီ ၂၄ ရက် ဂျကာတာ၌ အာဆီယံခေါင်းဆောင်များ အစည်းအဝေးတစ်ခုကနေ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း စင်ကာပူ၀န်ကြီးချုပ် လီရှန်လွန်းက ပြောသည်။

မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် အစည်းအဝေးအတွင်း အာဆီယံအဖွဲ့၀င်နိုင်ငံများက မြန်မာနိုင်ငံတွင် ၎င်းတို့ မြင်တွေ့လိုသည့် ရလဒ်ခြောက်ခုကို ထုတ်ဖော်ခဲ့ကြောင်း သိရသည်။ ယင်းတို့အနက် အာဆီယံ ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဥ်ကို မြန်မာအာဏာပိုင်များဘက်မှ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးရေးလည်း ပါ၀င်ကြောင်း သိရသည်။

အခြားသော ရည်မှန်းချက်များထဲတွင် လက်နက်မဲ့ အရပ်သားများအပေါ် အင်အားအသုံးပြုမှု ရပ်တန့်ရေး၊ နိုင်ငံ‌ရေးအရ ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရေး၊ အာဆီယံ ဦးဆောင်ပြီး အခြားသော သက်ဆိုင်ပတ်သက်သူများ ပါ၀င်ဖွဲ့စည်းထားသော လူသားချင်းစာနာမှု အကူအညီပေးရေး အားထုတ်မှုတစ်ရပ်ကို ခွင့်ပြုပေးရေးတို့ ပါ၀င်နေသည်။

“အဆုံးသတ်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်” ဟု မစ္စတာ လီက အစည်းအဝေးအပြီး သတင်းထောက်များကို ပြောသည်။

“ကျွန်တော်တို့ ပြောတာကို သူနားထောင်ပါတယ်လို့ သူပြောပါတယ်၊ သူ့အနေနဲ့ အကူအညီဖြစ်တယ်လို့ သဘောထားတဲ့ အချက်တွေကို သူယူပါလိမ့်မယ်၊ ပြီးတော့ အာဆီယံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါ၀င်တာကို သူ မဆန့်ကျင်ခဲ့ပါဘူး၊ နောက် အာဆီယံ ကိုယ်စားလှယ်အဖွဲ့ ခရီးစဥ်တစ်ခု၊ နောက် လူသားချင်းစာနာမှုအကူအညီကိုလည်း သူမဆန့်ကျင်ပါဘူး၊ ပြီးတော့ အပြုသဘောဆောင်တဲ့ နည်းလမ်းတစ်ခုနဲ့ သူတို့ ရှေ့ဆက်သွားပြီး အာဆီယံနဲ့ ပတ်သက်ဆောင်ရွက်ပါလိမ့်မယ်” ဟု စင်ကာပူ၀န်ကြီးချုပ်က ပြောသည်။

ထို့ပြင် အာဆီယံအနေဖြင့် မြန်မာသို့ သွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့တစ်ခုနှင့်ပတ်သက်ပြီး  ယခုအခါ အတူတကွ စီစဥ်လုပ်ဆောင်သွားလိမ့်မည်ဟု ယူဆကြောင်း မစ္စတာ လီက သတင်းထောက်များကို ပြောသည်။ ထို့ပြင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီ ကြိုးပမ်းချက်တစ်ခုကို စတင် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်သွားတော့မည်ဟု ယူဆကြောင်း မစ္စတာ လီက ပြောသည်။

“သေချာတာကတော့ ဒါကို အကောင်အထည်ဖော်တဲ့အခါမှာ ရှေ့မှာ သွားရမည့် လမ်းက ရှည်တော့ ရှည်ပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ခင်ဗျားအနေနဲ့ အကြမ်းဖက်မှု ရပ်စဲမယ် ဆိုတာနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ပြန်လွှတ်မယ်လို့ ပြောဖို့ အရာကိစ္စတစ်ခုရှိလို့ဖြစ်ပါတယ်၊ ဒါက ပြီးမြောက်အောင် လုပ်ရမယ့် အခြားကိစ္စတစ်ခုဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

“ပြီးတော့ နိုင်ငံရေး ဖြေရှင်းချက်တစ်ခု ရရှိဖို့အတွက် ပြည့်စုံကျယ်ပြန့်တဲ့ ဆွေးနွေးမှုတစ်ခု ရှိဖို့က ပိုမို ခက်ခဲနေဆဲဖြစ်ပါတယ်၊ ဒါပေမယ့် အနည်းဆုံးတော့ ကျွန်တော်တို့ ရှေ့ဆက်လှမ်းနိုင်တဲ့ အဆင့်တစ်ချို့ ရှိနေပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ထို့ပြင် အာဆီယံကိုယ်စားလှယ်အဖွဲ့တွင် စင်ကာပူမှ မည်သူ ပါ၀င်မည်လဲ ဆိုသည်နှင့် အာဆီယံအဖွဲ့၀င်အားလုံးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသွားနိုင်သလားဆိုသည်ကို ပြောရန် စောသေးကြောင်း မစ္စတာ လီက ပြောသည်။

“ဒါပေမယ့် ခြုံငုံပြောရရင်တော့ ဒါက အကျိုးရှိတဲ့ အစည်းအဝေးတစ်ခုဖြစ်တယ်လို့ ကျွန်တော် ပြောပါရစေ၊ ဒါက ကျွန်တော်တို့အတွက် ရှေ့ဆက်လှမ်းနိုင်မယ့် ခြေလှမ်းတွေကို ညွှန်ပြပေးခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

“တကယ်လို့ အာဆီယံအနေနဲ့ တွေ့ဆုံစည်းဝေးမှု မလုပ်ခဲ့ဘူး ဒါမှမဟုတ် ကိစ္စနဲ့ပတ်သက်လို့ သုံးသပ်ချက်တစ်ခု ချနိုင်ခြင်း မရှိခဲ့ဘူးဆိုရင်တော့ အခြေအနေက အရမ်းဆိုးသွားပါလိမ့်မယ်” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required