အာဏာသိမ်းစစ်ခေါင်းဆောင်ကို အရေးယူပေးဖို့ အာဆီယံနိုင်ငံခေါင်းဆောင်တွေထံ ကချင်လူထုသပိတ်ကော်မတီ အိတ်ဖွင့်စာပေးပို့

အာဏာသိမ်းစစ်ခေါင်းဆောင်ကို အရေးယူပေးဖို့ အာဆီယံနိုင်ငံခေါင်းဆောင်တွေထံ ကချင်လူထုသပိတ်ကော်မတီ အိတ်ဖွင့်စာပေးပို့

ဧပြီ ၂၄

ဒီမိုကရေစီ ပြန်လည်ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ကျည်အစစ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ အာဆီယံနိုင်ငံခေါင်းဆောင်တွေထံ ကချင်ပြည်နယ် လူထုသပိတ်ဆန္ဒဖော်ထုတ်ရေးကော်မတီတွေ စုပေါင်းပြီး  ဧပြီလ ၂၃ ရက်နေ့က အိတ်ဖွင့်စာ ပေးပို့ထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေဟာ လူမျိုးတုန်းသတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်စုကို ကျူးလွန်သောပြစ်မှုတို့ကို ကျူးလွန်ခဲ့တဲ့ အဓိက တရားခံတွေဖြစ်တဲ့အတွက် အရေးယူပေးဖို့ တောင်းဆိုတာလို့ အိတ်ဖွင့်စာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူလူထုတစ်ရပ်လုံးက ထောက်ခံတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အသိအမှတ်ပြုပေးဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံအရေးဆွေးနွေးမယ့် အာဆီယံထိပ်သီး အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပသွားဖို့ရှိနေပြီး အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌလည်း အစည်းအဝေးတက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ ဧပြီလ ၂၃ ရက်နေ့အထိ သေဆုံးသူပေါင်း ၇၄၅ ဦးရှိပြီး ဖမ်းဆီးခံထားရသူပေါင်း ၃၃၇၁ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP) က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly