နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၃ ဧပြီ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၃ ဧပြီ ၂၀၂၁)
(Photo: : EPA - ဧပြီလ (၂၃)ရက်၊ ရန်ကုန်မြို့လယ်ခေါင်တွင် ယနေ့ နေ့လယ်ပိုင်း လူငယ်အင်အား ၃၀၀ ခန့်က "ဘာတွေလဲ ရန်ကုန်သားတွေ!” ဆိုင်းဘုတ် ကိုင်ဆောင်ကာ လမ်းမကြီးပေါ် ပြန်တက်လာကာ အကြမ်းဖက်စစ်ကောင်စီစနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည့်မြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံအပြင်ထွက်လာပါက ၎င်းကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများအတွက် ဖမ်းဆီးအရေးယူပေးရန် အပြည်ပြည်ဆိုင်ရာမှုခင်းရဲတပ်ဖွဲ့- INTERPOL ထံ NUG အစိုးရက အကြောင်းကြား စာပို့လိုက်သည်။

• စမ်းချောင်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်နေသူများအား သတင်းပေးနေသည့် ပြည်သူ့သစ္စာ ဖောက်ဒလန်ရှင်းလင်းရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး ကျော်ကျော်"၊ "Robert”၊ "ဗေဒင်ဆရာမ ချစ်စုသွယ်" တို့မှာ ပြည်သူ့ လောက်ကောင်များ ဖြစ်ကြောင်းပါ ကြေညာချက်များကို လူသွားလူလာများသည့် နေရာများနှင့် ဓာတ်တိုင်များတွင် ကပ်ထားခဲ့သည်။ ယမန်နေ့ ညပိုင်းကလည်း စမ်းချောင်း၊ မင်းလမ်းတွင် ပြည်သူများက သံဗုံးတီးခဲ့ရာ အကြမ်းဖက်စစ်အုပ်စု ဘက်က ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။

• ရန်ကုန်မြို့လယ်ခေါင်တွင် ယနေ့ နေ့လယ်ပိုင်း လူငယ်အင်အား ၃၀၀ ခန့်က "ဘာတွေလဲ ရန်ကုန်သားတွေ!” ဆိုင်းဘုတ် ကိုင်ဆောင်ကာ လမ်းမကြီးပေါ် ပြန်တက်လာကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ ရန်ကုန်မြို့ပေါ်တွင် သပိတ်ကြီးများအား အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် သပိတ်ကြီးများမရှိဘဲ ရှိနေရာမှ ယနေ့တွင် ပြန်လည် လမ်းပေါ်တက်လာခြင်း ဖြစ်သည်။ ဆန္ဒပြမှုစတင်ပြီး မကြာခင်ပင် အကြမ်းဖက်စစ်တပ်ဘက် က လက်နက်ကိုင်များ ရောက်ရှိလာသည့်အတွက် အောင်မြင်စွာ လူစုခွဲခဲ့သည်ဟု သိရသည်။

• ကြည်မြင်တိုင်မြို့နယ် လူငယ်များနှင့် စမ်းချောင်း ပဒုမ္မာစစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း တော်လှန်ဆန္ဒပြခဲ့ကြသည်။

• မြန်မာ့ဒီမိုကရေစီရေးအတွက် ဘက်ပေါင်းစုံက ကူညီလုပ်ဆောင်နေသည့် တောင်ကိုရီးယားနိုင်ငံအား ကျေးဇူးတင်သည့် အနေဖြင့် စမ်းချောင်းမြို့နယ်ရှိ လူငယ်အချို့က "မြန်မာဘက်က ရပ်တည်ပေးတာ ကျေးဇူးတင်ပါတယ်" စာသားများ မြန်မာ၊ ကိုရီးယားနှစ်ဘာသာဖြင့် ရေးသားကိုင်ဆောင်ပြကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်သပိတ်မှောက်ခဲ့သည်။

• ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းတွင်းရှိ မြို့ပြပျောက်ကြားတော်လှန်ရေးသမားများ ပူးပေါင်းကာ "ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့အာဏာတည်ဆောက်ရေးတပ်ဦး" ကို ဖွဲ့စည်းလိုက်ပြီး စစ်အုပ်စု ဒေါက်တိုင်များ သုတ်သင်ရှင်းလင်းရေး၊ မိစ္ဆာစစ်တပ် တပ်ဖွဲ့ဝင်နှင့် ဒလန်သစ္စာဖောက်များအား ပြည်သူ့ခုံရုံးတင် တရားစီရင်ရေးအတွက် မြို့နယ်အသီးသီးရှိ ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

• ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်တွင်းရှိ ကျောင်းသားလူငယ်များက ယနေ့ နေ့လယ်ပိုင်းတွင်လည်း ပျောက်ကြားသ ပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း တော်လှန်ဆန္ဒပြခဲ့ကြသည်။

• စစ်ကိုင်းတိုင်း၊ ကလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်အား အကြမ်းဖက်စစ်အုပ်စုက ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်သို့ ဧပြီလ ၂၂ ရက် ပြောင်းရွှေ့ခန့်အပ်ထားရာ တာဝန်ထမ်းဆောင်မည်ဆိုပါက "မိသားစုအား ကြိုတင်နှုတ်ဆက် စကားဆိုလာရန် အသိပေးသည်" ဟု ဒဂုံတက္ကသိုလ်ကျောင်းသားများက သတိပေးထားသည်။

• အလုံမြို့နယ်တွင်လည်း ဒေသခံများက သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး

• မန္တလေးမြို့ပေါ် တပ်ပေါင်းစုသပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းက လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ဇာတ်သိမ်းရေး ဆန္ဒဖော်ထုတ်ခဲ့သည်။ အဆိုပါ တပ်ပေါင်းစုသပိတ်စစ်ကြောင်းတွင် ဒေါင်းစစ်သည်၊ ပညာရေးမိသားစု၊ သမဝါယမတက္ကသိုလ်ကျောင်းသား သပိတ်စစ်ကြောင်းများလည်း ပါဝင်ပြီး NUG အစိုးရကို ထောက်ခံကြောင်းလည်း ကြွေးကြော်ခဲ့ကြသည်။

• မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာ၊ မမ-၁၉ တွင် အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက လူငယ် ခြောက်ဦးအား ယနေ့နံနက် ၉ နာရီခွဲခန့်တွင် သတင်းပေးတိုင်ကြားမှုကြောင့် လာရောက်ဖမ်းဆီးသွားခဲ့သည်။

• မန်း စက်မှုဇုန်ပေါင်းစုံ စုပေါင်းသပိတ်စစ်ကြောင်းမှာလည်း ယနေ့နံနက်ပိုင်းတွင် အင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင် စနစ်ဆန့်ကျင်ကြောင်း သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။

• ယနေ့ နေ့လယ်ပိုင်းတွင် မန်းအခြေစိုက် တကသ သပိတ်စစ်ကြောင်းလည်း လမ်းပေါ်ထပ်တပ်ကာ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ ယနေ့တွင် မန္တလေးမြို့ပေါ်ရှိ ဘုရားကြီးငြိမ်းချမ်းရေး၊ ဗကသ၊ အထက (၇) ကျောင်းသားဟောင်းများ သပိတ်စစ်ကြောင်းများလည်း လမ်းပေါ်တက်ခဲ့ပြီး သတင်းပေးမှုများ ရှိနေသည့်အတွက် သပိတ် စတင်ပြီး မကြာမီပင် အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များက ဖြိုခွဲရန် လာရောက်ခဲ့ကြသော်လည်း သပိတ်များအား အောင်မြင်စွာ လူစုခွဲနိုင်ခဲ့သည်ဟု မန္တလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီခန့်တွင် အတည်ပြု ပြောဆိုသည်။ ထို့ပြင် စစ်အုပ်စုက ပစ်မှတ်ထားဖြိုခွဲနေသည့် ကျန်းမာရေးမိသားစု သပိတ်စစ်ကြောင်းလည်း လမ်းပေါ်တက်ကာ စစ်အာဏာရှင်စနစ် ပျက်သုန်းရေးအတွက် တော်လှန်ဆန္ဒပြခဲ့ကြသည်။

• မန္တလေးမြို့ပေါ် နေရာအတော်များများတွင် နံနက်ပိုင်းက ငြိမ်သက်နေသော်လည်း နေ့လယ်ပိုင်းတွင်မူ အကြမ်းဖက်စစ်အုပ် စုဘက် ဖြတ်သန်းသွားလာနေသည့် ယာဉ်နှင့် ဆိုင်ကယ်များအား တားဆီးစစ်ဆေးမှုများ လုပ်လာခဲ့သည်ဟု မန္တလေးမြို့ခံ တစ်ဦးက ဆိုသည်။

• မန္တလေး တက္ကသိုလ်တွင် စစ်အုပ်စုအတွက် အလုပ်လုပ်ပေးနေသည့် တက္ကသိုလ်ကောင်စီကို အသိအမှတ်မပြုသည့်အတွက် ကျောင်းသားနှင် ဆရာများ ပူးပေါင်း၍ ယာယီတက္ကသိုလ်ကောင်စီ ဖွဲ့စည်းလိုက်သည်။

• မန္တလေး၊ ပုဂံမြို့သစ်တွင် ဒေသခံ ၁၀၀ ကျော်က NUG အစိုးရ ထောက်ခံကြောင်း စာတန်းများကိုင်ဆောင်ကာ ယနေ့နံနက် ပိုင်းက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မန္တလေး၊ သာစည်တွင်လည်း စစ်အာဏာရှစ်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဒေသခံများက ဆိုင်ကယ်သပိတ်ပြုလုပ် ၍ တော်လှန်ဆန္ဒပြခဲ့သည်။

• မိတ္ထီလာတွင်လည်း ပညာရေးမိသားစုများ ဦးဆောင်ကာ "ထီလာစိတ်ဓာတ်" စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်လျက် ဒေသခံများက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် နေ့လယ်ပိုင်းကလည်း ဆိုင်ကယ် သပိတ်များ ပြုလပ်ခဲ့သည်။

• မိုးကုတ်တွင် အကြမ်းဖက်စစ်အုပ်စုဘက်က နေရာအတော်များများတွင် လုံခြုံရေးယူထားသော်လည်း ဒေသခံများက  NUG ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းကို ရပ်ကွက်လမ်းများပေါ် လှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ စစ်အုပ်စုဘက်က မိုးကုတ်မြို့ပေါ် သပိတ်ခံတပ်များကို အကြမ်းဖက် ဖြိုခွဲပြီးနောက် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်လာနေပြီး ယမန်နေ့ ညပိုင်းက၍ ယနေ့ ညနေ ၄ နာရီခန့်အချိန်အထိ စားသောက်ဆိုင်နှင့် နေအိမ်များအတွင်း ဝင်ရောက်၍ ပြည်သူ ၁၆ ဦးကို ဖမ်းဆီးထားသည်။

ပဲခူးတိုင်းဒေသကြီး

• ပြည်မြို့တွင် ယနေ့နံနက်ပိုင်းက စစ်အုပ်စုခေါင်းဆောင်ပုံပါ ဗီနိုင်းများအား ဆေးနီများ ဖြန်း၍ "စစ်အာဏာရူးများ အမြန်ဆုံး ကျရှုံးပါစေ" ဟု ရေးသားကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• ပဲခူးမြို့ပေါ် ရပ်ကွက်အချို့တွင် လူငယ်များက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း သွေးမတိတ် ဆေးသပိတ်အဖြစ် လမ်းမများပေါ် ဆေးနီများဖြန်းကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

• ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်းရဲကင်း မီးလောင်မှုနှင့် ပတ်သက်၍ ပန်းတောင်းမြို့နယ်၊ ရွာသစ်ကုန်းရှိ ဒေသခံ ရှစ်ဦးကို ဖမ်းဆီးထားကာ ဖိအားပေးဝန်ခံခိုင်းမှုများကို အကြမ်းဖက်စစ်တပ်ဘက်က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

• မုံရွာတွင် ဒေသခံများက အကြမ်းဖက်စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ယနေ့ နံနက်အစောပိုင်း က စစ်အာဏာရှင်စနစ် ကျဆုံးရေး အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• လက်နက်ကြီးများဖြင့် ပစ်ခတ်ဖြိုခွဲခံခဲ့ရသော်လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းကို ကလေးမြို့  မြို့ခံများက ယခင်ရက်များထက် အင်အားပိုများကာ ဒေသခံ ရာနှင့်ချီ၍ ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ဆန္ဒပြခဲ့ကြသည်။ ကလေးမြို့အထွက်နှင့် ထိုမာရွာ အဝင်လမ်းထိပ် တွင် ရှိသည့် နည်းပညာအထက်တန်းကျောင်းတွင် စစ်အုပ်စုဘက်က ယခင်ကတည်းက တပ်စွဲထားခဲ့သော်လည်း ယနေ့ ညနေပိုင်းတွင် အင်အားထပ်တိုးချဲ့မှုများ ရှိပြီး အင်အား ၁၀၀ ခန့်အထိ ရှိနေကြောင်းလည်း ကလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီခွဲတွင် အတည်ပြု ပြောဆိုသည်။

• စစ်ကိုင်း၊ ကန့်ဘလူတွင် အကြမ်းဖက်စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားသည့်အတွက် မြို့ရှိ သဘာဝထိန်းသိမ်းရေး နယ်မြေ လင်းနို့ဂူနှင့် တောတွင်းလမ်းများတွင် စစ်အာဏာရှင်စန် ကျဆုံးရေး စာတန်းများချိတ်ဆွဲကာ လူမဲ့သပိတ် ပြုလုပ်ခဲ့ သည်။

• ရေဦးတွင် သံဃာနှင့် ပညာရေးမိသားစုများ ဦးဆောင်သည့် လူအင်အား ၁၀၀ ကျော်ပါဝင်သည့် ရွေ့ပြောင်း သပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ကျဆုံးရေး ဆန္ဒပြခဲ့ကြသည်။

• ကသာတွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• ပခုက္ကူ၊ မြစ်ခြေတွင် ယနေ့နံနက်ပိုင်းက ဒေသခံအင်အား ရာနှင့်ချီပါဝင်သည့် စစ်အာဏာရှင်စနစ် အပြီးတိုက်ပျက်သုန်းရေး သပိတ်စစ်ကြောင်းဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ကမ္မမြို့တွင်လည်း ဒေသခံပြည်သူများက စစ်တပ်အာဏာသိမ်းမှုကို ဆဆန့်ကျင်ကြောင်း သပိတ်စစ်ကြောင်းဖွင့် တော်လှန်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး

• သရက်ခရိုင်၊ သရက်မြို့တွင် အကြမ်းဖက်စစ်တပ် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) မှ လက်နက်ကိုင်အဖွဲ့ တစ်ဦးမှာ လုံခြုံရေးယူထားစဉ် ယနေ့နံနက် ၃ နာရီခန့်က အမည်မသိ လူသုံးဦးက ဓားဖြင့် ဝင်ခုတ်သည့်အတွက် ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ထို့ပြင် ကပစကြေးနန်းများအရ လက်လုပ်ဗုံးဖြင့်ပါ အပစ်ခံခဲ့ရသည်ဟုလည်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံတွင် ဒေသခံအင်အား ရာနှင့်ချီ ပါဝင်သည့် ပင်မသပိတ်စစ်ကြောင်းက နေ့စဉ်မပျက် လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှင် အလိုမရှိကြောင်း တော်လှန်ဆန္ဒပြခဲ့ကြသည်။ လောင်းလုံမြို့နယ် ထွေအုပ်ရုံးတွင် ကိုဗစ်ကာလအတွင်း ပြည်သူများအား ထောက်ပံ့ရန် စုဆောင်းထားသည့် စားသုံးဆီပုံးများအား ဒိုင်နာကား လေးစီးဖြင့် အကြမ်းဖက်စစ်အုပ်စု ဘက်က ထုတ်ယူသွားသည်ဟုလည်း ဒေသခံများထံက သိရသည်။ လောင်းလုံမြို့နယ်တွင်းရှိ မောင်းမကန်၊ ဝေဒီ၊ ပန်းဒလဲ ကျေးရွာများတွင်လည်း ဒေသခံများက သပိတ်များ ပြုလုပ်ကာ စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသည်။

• ထားဝယ်တောင်ပိုင်း ကျေးရွာများ စုပေါင်းသပိတ်စစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းကလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်၍ ဆန္ဒပြခဲ့ကြသည်။

• ထားဝယ်တွင် အင်ဂျင်နီယာ၊ ပညာရေးမိသားစုနှင့် ဒေသခံများ ပါဝင်သည့် တပ်ပေါင်းစုသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ရေဖြူ၊ ကံပေါက်တွင် အကြမ်းဖက်စစ်တပ်ဘက်က လုံခြုံရေးများ ထားရှိနေသော်လည်း လူငယ်များက ပျောက်ကြားသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး တော်လှန်ဆန္ဒပြခဲ့ကြသည်။

• ရွှေဘိုတွင် လူငယ်များက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကွန်ဒုံးသပိတ် ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

• ပုသိမ်မြို့တွင် လူငယ်များက မျက်နှာဖုံး Mask များပေါ်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း စာသားများ ရေးသား၍ ဒေသခံများအား ဝေငှမှုများ ပြုလုပ်ခဲ့သည်။ ယမန်နေ့ညပိုင်းကလည်း ပုသိမ်မြို့ပေါ်ရပ်ကွက်အချို့တွင် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ညသပိတ်များပြုလုပ်ခဲ့သေးသည်။ 

• ပုသိမ်တွင် စည်ပင်ပိုင်မြေပေါ် ငှားရမ်းနေထိုင်သူများကို မေလ ၂၀ ရက်တွင် နောက်ဆုံးထားအခွန်ဆောင်ရန် စည်ပင်က လိုက်လံဖိအားပေးလျက် ရှိပြီး မဆောင်ပါက ဇွန်လ ၁ ရက်တွင် အဆောက်အအုံများ ဖျက်ဆီးမည်ဖြစ်ကြောင်းလည်း အကြောင်းကြားမှုများရှိသည်ဟု ဒေသခံများထံက သိရသည်။ စစ်တပ်က လက်နက်အားကိုးဖြင့် အာဏာသိမ်းပြီးနောက် ပိုင်း ဒေသခံများက အခွန်မဆောင်ဘဲ ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။

• ဖျာပုံတွင် စစ်တပ်ပိုင် Mytel ဖုန်းဆင်းကတ်များ အသုံးမပြုရေး လှုပ်ရှားမှုအဖြစ် ဆင်းကတ်များတွင် အကြမ်းဖက်စစ်တပ် အလိုမရှိကြောင်းစာများ ရေးသားကာ မီးရှို့ဖျက်ဆီး ဆန္ဒပြခဲ့ကြသည်။

• မော်ကျွန်းဟု လူသိများသည့် မော်လမြိုင်ကျွန်းမြို့နယ်တွင် NUG အစိုးရထောက်ခံကြောင်းနှင့် အကြမ်းဖက်စစ်အုပ်စု အလို မရှိကြောင်း စာများ ရေးသားထားသည့် ပိတ်စဆိုင်းဘုတ်များကို မြို့အဝင်ဆိုင်းဘုတ်နေရာတွင် ချိတ်ဆွဲ၍ လူမဲ့သပိတ် ပြု လုပ်ခဲ့သည်။

မွန်ပြည်နယ်

• မွန်ပြည်နယ်ရှိ မြို့နယ်အလိုက် ကျောင်းသားလူငယ်၊ ပြည်သူ၊ ဝန်ထမ်းနှင့် ကဏ္ဍအလိုက် ကျွမ်းကျင်သူများ၊ ရပ်မိရပ်ဖများ နှင့် စုစည်း၍ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (မွန်ပြည်နည်) ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ရေး အတွက် ရည်ရွယ်သည်။ ထို့ပြင် ဖက်ဒရယ်တပ်မတော် မပေါ်ပေါက်မီအချိန်အထိ NUG ၏ မူဝါဒလမ်းညွှန်ချက်များ အတိုင်း လိုက်နာဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။

• ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ နောင်ဘို-ကျိုက်ကော်လမ်းတွင် ဒေသခံပြည်သူများက စစ်အာဏာသိမ်းမှုဆန့်ကျင် ကြောင်း သပိတ်ပြုလုပ်စဉ် ဖြိုခွဲရန် ပြုလုပ်ခဲ့သည့် စစ်အုပ်စုဘက်မှ အိမ်စီးကားအား KNU ဘက်က ပစ်ခတ်ခဲ့သည့် အတွက် ကျဆုံးမှုများ ရှိခဲ့သည်ဟု သိရသည်။

• မော်လမြိုင်တွင် လူငယ်များက "ဓမ္မသာ နိုင်လိမ့်မည်" ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် နေ့လယ်ပိုင်းကလည်း လူငယ်အချို့က စစ်တပ်ဘက် ဖိနှိပ်မှုများရှိသည့် ကြားကပင် ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သေးသည်။
• ရေးမြို့နယ်တွင် ဒေသခံများက "CDM တွင် ပါဝင်ပေးရန်"၊ "ဖမ်းဆီးခံထားရသူများ လွတ်ပေးရန်" ဆိုင်းဘုတ်များ ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• မွန်ပြည်နယ်၊ သထုံနှင့် ဘီးလင်းဧရိယာအတွင်း ကရင်အမျိုးသားအစည်းအရုံး - KNU နှင့် အကြမ်းဖက်စစ်အုပ်စုကြား တိုက်ပွဲများ ဖြစ်ပွားနေကာ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းရှိ ဘီးလင်း-သထုံလမ်းပိုင်းကို စစ်အုပ်စုဘက်က ပိတ်ထား ကြောင်း သိရသည်။ နှစ်ဘက်ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်က သုံးဦးကျဆုံးထားသည်ဟု သိရပြီး လက်ရှိတွင် သထုံမြို့ ကင်ပွန်းချုံကျေးရွာနှင့် အနီးတဝိုက်တွင် စစ်တပ်ဘက်က တပ်ဖြန့်ထားကာ သထုံ ပေါ်တော်မူအဝတွင်လည်း ရဲကား ရှစ်စီးဖြင့် လုံခြုံချထားသည်။ ထို့ပြင် ရွှေရောင်ပြကျေးရွာမှ ဒေသခံတစ်ဦးမှာလည်း နှစ်ဖက်ပစ်ခတ်မှုများအကြား ကျည်ဆံထိမှန်ကာ သေဆုံးခဲ့သည်ဟုလည်း သိရသည်။

• မုဒုံတွင် ဒေသခံများက ရင်ခတ်ပန်းများဖြင့် NUG စာတန်းပုံဖော်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

ကချင်ပြည်နယ်

• မိုးညှင်းမြို့နယ်၊ နန်းမားမြို့တွင် ဒေသခံလူငယ်များက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနှင့် "ဒလန်ဆိုတာ လူသတ်မှုတိုင်းရဲ့ ကြံရာပါ"၊ "စစ်အာဏာရှင် ထောက်ခံသူများ အလိုမရှိ" စာသားပါ စာရွက်များအား လမ်းမများပေါ်တွင် ကပ်ကာ အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။
• မိုးကောင်းတွင်လည်း ဒေသခံများက "အရေးတော်ပုံ အောင်ပြီဟေ့" ဟု ကြွေးကြော်သံများ တိုင်ကာ လူအင်အား ၅၀ ကျော်ဖြင့် အာရုဏ်ဦးသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား တော်လှန်ခဲ့သည်။

• ဖားကန့်၊ လုံးခင်းနှင့် မလန်းအုပ်စုတွင် ဒေသခံအင်အား ရာနှင့်ချီစုပေါင်းကာ NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ ထို့ပြင် အေးမြသာယာ မှော်ပေါင်းစုံသပိတ်စစ် ကြောင်းလည်း NUG အစိုးရထောက်ခံကြောင်း ဆိုင်းဘုတ်များကိုင်ကာ လူအင်အား ရာနှင့်ချီ စုပေါင်း၍ ဆန္ဒပြခဲ့ကြသည်။

ကယားပြည်နယ်

• လွိုင်ကော် ဘာဒိုနှင့် ထေးငှားလျားရွာ စုပေါင်းသပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်ရေးအတွက် အိင်္ကျီအနီရောင်များ ဆင်တူဝင်ဆင်ကာ အနီရောင်သပိတ် ပြုလုပ်ခဲ့သည်။ ထို့ပြင် မြို့ပေါ်ရပ်ကွက်အချို့တွင်လည်း ဒေသခံ များက အသီးသပိတ်နှင့် အရုပ်သပိတ်များ ပြုလုပ်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြသည်။

ကရင်ပြည်နယ်

• ဘုရားသုံးဆူမြို့တွင် အကြမ်းဖက်စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားသော်လည်း ဒေသခံများက ဆိုင်ကယ်များဖြင့် လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပျောက်ကြားဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်

• သီပေါတွင် အင်အား ၁၀၀ ခန့်ဖြင့် ဒေသခံများက စစ်အာဏာရှင်စနစ် ကျဆုံးစေကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• မူဆယ်တွင် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• ဖယ်ခုံမြို့တွင် ဒေသခံအင်အား ထောင်နှင့်ချီ၍ အကြမ်းဖက်စစ်တပ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ကွတ်ခိုင်ရှိ Oriental Highway တိုးဂိတ်ရုံးဝန်းအတွင်းသို့ ယနေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည် လေးလုံးထက်မနည်း ထိမှန်ခဲ့ကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

နေပြည်တော်

• နေပြည်တော်၊ ပျဉ်းမနားတွင် ဒေသခံများ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ်သပိတ်ကို နေ့စဉ်ရက်ဆက် ပြုလုပ်လာခဲ့ရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆိုင်ကယ်စီးရေ ရာနှင့်ချီ စုဝေး၍ ဆက်လက်သပိတ်မှောက်ခဲ့ကြသည်။

ဧပြီ ၂၃ သုံးသပ်ချက်

• ရန်ကုန်မြို့ပေါ်တွင် ပျောက်ကြားသပိတ်များ အားကောင်းခဲ့ရာမှ ယနေ့ နေ့လယ်ပိုင်းတွင် မြို့လယ်ခေါင်နေရာများ၌ လူငယ်အင်အား ၃၀၀ ခန့်ဖြင့် သပိတ်ကြီး ပြန်လည်စတင်လာပြီ ဖြစ်သည်။ စစ်အုပ်စုဘက်က ဖိနှိပ်မှုနှင့် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်နေသည့်အတွက် သပိတ်ကြီးများ မရှိခဲ့ရာက ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။ မနက်ဖြန် ကျင်းပမည့် အာဆီယံအစည်းအဝေး မတိုင်မီ ရန်ကုန်မြို့ခံ ပြည်သူများက စစ်အုပ်စုကို ဆန့်ကျင်ကြောင်း ပြသရန်အတွက် ပြန်တက်လာ ခြင်းဖြစ်ပြီး အလားတူ သပိတ်ကြီးများ ပြန်လည်ပေါ်ထွက်လာရန် အလားအလာ များနေသည်။

• မန္တလေးတွင်လည်း သပိတ်စစ်ကြောင်းကြီးများအားလုံး ယနေ့တွင် ဆန္ဒပြခဲ့ကြသည့်အပြင် ရပ်ကွက်အလိုက် သပိတ်များ လည်း ရှိလာခဲ့သည်။ စစ်အုပ်စုဘက်က မြို့ပေါ်ရပ်ကွက်အချို့တွင် ယခင်က လမ်းမကြီးများကိုသာ ဝင်ရောက်ကင်းလှည့် လေ့ရှိရာမှ ယနေ့နေ့လယ်ပိုင်းတွင် ရပ်ကွက်တွင်း လမ်းကျဉ်းအချို့တွင်ပါ ကင်းလှည့်မှုများ ရှိလာသည့်အတွက် နောက်ပိုင်း ရက်များတွင် ဖမ်းဆီးမှုများ ပိုတိုးလုပ်လာနိုင်ခြေ ရှိသည်။

• နယ်မြို့များတွင် စစ်အုပ်စု လုံခြုံရေးတင်းကြပ်ထားသည့် နေရာများမှအပ နေရာတိုင်းလိုလိုတွင် သပိတ်များ ဆက်လက် အားကောင်းဆဲဖြစ်ပြီး စစ်အုပ်စုဘက်မှ နှစ်လကျော် ဆက်တိုက် အကြမ်းဖက်ဖြိုခွဲမှုများ လုပ်နေရသည့်အတွက် အားလျော့ လာပုံ ရှိသည်။

• စစ်အုပ်စုအနေဖြင့် သပိတ်များ ဖြိုခွဲရေးထက် အာဆီယံအစည်းအဝေးသို့ အာရုံကျနေပြီး နိုင်ငံတကာဖိအားဒဏ်က လွတ်မြောက်ရေးကို ဦးစားပေးနေသည်။ ၎င်းတို့ အားကိုးသည့် တရုတ်ဘက်ကလည်း အာဆီယံအစည်းအဝေးရလဒ်ကို စောင့်ကြည့်နေသည့်အတွက် ယင်းအစည်းအဝေးပြီးသည်နှင့် ဖြစ်လာနိုင်သည့် အခြေအနေကို စစ်တပ်ဘက်က စိုးရိမ်လျက် ရှိသည်။ NUG အစိုးရကိုလည်း နိုင်ငံတကာ ထောက်ခံမှု တိုးလာခြင်းကလည်း စစ်အုပ်စုအတွက် အကျပ်ရိုက်နေစေပြီး ပြည်တွင်းသပိတ်များ အားကောင်းလာနေဆဲဖြစ်သည့်အတွက် ၎င်းကို ထောက်ခံသည့်နိုင်ငံများ အားလျော့လာမည်ကို အထူးစိုးရိမ်လျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required