မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုသစ်များ မချမှတ်ရန် ဘိုင်ဒင်အစိုးရကို Chevron စည်းရုံးနေ

မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုသစ်များ မချမှတ်ရန် ဘိုင်ဒင်အစိုးရကို Chevron စည်းရုံးနေ

ဧပြီ ၂၃

အာဏာသိမ်းမြန်မာစစ်အုပ်စုကို ငွေကြေးကူညီထောက်ပံ့နေသည့် နိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီတစ်ခုအပေါ် ကျယ်ပြန့်သည့် အရေးယူပိတ်ဆို့မှုများ မချမှတ်ရေးအတွက် ဘိုင်ဒင် အစိုးရကို အမေရိကန်ရေနံကုမ္ပဏီကြီး Chevron က စည်းရုံးလျက် ရှိကြောင်း သိရသည်။

အမေရိကန်ရှိ ဒုတိယအကြီးဆုံး ရေနံနှင့် ဓာတ်ငွေ့ထုတ်လုပ်သူ လုပ်ငန်း Chevron သည် ဖက်ဒရယ် အရာရှိဟောင်းတစ်ချို့အပါအ၀င် စည်းရုံးရေးသမားများကို နိုင်ငံခြားရေး၀န်ကြီးဌာန၊ အခြား အေဂျင်စီများနှင့် ကွန်ဂရက်ဆိုင်ရာ ရုံးများထံ စေလွှတ်ထားခဲ့ကြောင်း ယင်းကိစ္စကို သိရှိသူလေးဦးက ပြောသည်။

အရေးယူပိတ်ဆို့မှုများက မြန်မာနိုင်ငံ၏ ဓာတ်ငွေ့လုပ်ငန်း၏ ကာလကြာ အလားအလာကောင်းမှုကို ထိခိုက်စေနိုင်သည်ဟု ယင်းကုမ္ပဏီက ပြောသည်။

Chevron သည် မြန်မာနိုင်ငံရှိ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းများထဲတွင် ပါတနာတစ်ဦးအဖြစ် ပါ၀င်လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ကာလကြာ ပတ်သက်ဆက်ဆံထားခဲ့သည်။MOGE သည် မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးနီးကပ်ကပ် ပတ်သက်ဆက်နွယ်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် MOGE အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရေးအတွက် ဒီမိုကရက်များ၊ သံတမန်များနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဘိုင်ဒင်အစိုးရအပေါ် ဖိအားပေးတောင်းဆိုလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required