ကုလ အထွေထွေညီလာခံ၌ မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရန် စဥ်းစားလျက်ရှိ

ကုလ အထွေထွေညီလာခံ၌ မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရန် စဥ်းစားလျက်ရှိ
ဧပြီလ ၁ ရက်နေ့ကသာကေတမြို့နယ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြမြင်ကွင်း (Photo - AFP)

ဧပြီ ၂၃

စစ်အာဏာသိမ်းမှုဖြစ်ထားသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ရရှိအောင် ဖော်ဆောင်ပေးရေးနှင့် ထိန်းသိမ်းခံ အရပ်သားခေါင်းဆောင်များကို ပြန်လွှတ်ပေးရေး အာဏာသိမ်းစစ်အုပ်စုကို တောင်းဆိုမည့် မြန်မာ့အရေး မူကြမ်းဆုံးဖြတ်ချက်တစ်ရပ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အချေအတင် ဆွေးနွေးလျက် ရှိကြောင်း သံတမန်များက ဧပြီ ၂၂ ရက်တွင် ပြောသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၁၀ နိုင်ငံမှ ခေါင်းဆောင်များနှင့် နိုင်ငံခြားရေး၀န်ကြီးများသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဧပြီ ၂၄ ရက်တွင် ဂျကာတာမြို့၌ ဆွေး‌နွေးသွားကြရန် ရှိနေသည်။

ကုလ အထွေထွေညီလာခံတွင် ယခု စဉ်းစားဆွေးနွေးနေသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး မဲခွဲဆုံးဖြတ်မှု မတိုင်ခင် အာဆီယံ ဆွေး‌နွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်ကို စောင့်ဆိုင်းလျက်ရှိကြောင်းလည်း အမည်မဖော်လိုသူ သံတမန်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ တပ်ဖွဲ့၀င်များ၏ လက်ချက်ကြောင့် ကလေးငယ် ၅၂ ဦးအပါအ၀င် လူပေါင်း ၇၄၁ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ကိန်းဂဏန်းများအရ သိရသည်။

မြန်မာစစ်တပ်သည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြမှုများကို နှိမ်နင်းရန် ကြိုးပမ်းလျက်ရှိပြီး လူအသက်သေစေသည်အထိ အင်အားအသုံးပြုမှုများကို တိုးမြင့်လုပ်ဆောင်ထားခဲ့သည်။ခန့်မှန်းခြေအားဖြင့် လူပေါင်း နှစ်သိန်းခွဲခန့်သည်လည်း ၎င်းတို့၏ အိုးအိမ်နေရာများကို စွန့်ခွာထားကြရသည်။

လုံခြုံရေးကောင်စီနှင့်မတူဘဲ ကုလအထွေထွေညီလာခံမှ ထွက်ပေါ်သော ဆုံးဖြတ်ချက်တစ်ရပ်ကို မဖြစ်မနေ လိုက်နာဆောင်ရွက်စရာ မလိုသော်လည်း ယင်းက အာဏာသိမ်းစစ်အုပ်စု အပေါ် နိုင်ငံတကာဖိအားများ တိုးပွားစေမည် ဖြစ်သည်။

အေအက်ဖ်ပီက တွေ့မြင်ခဲ့သည့် မူကြမ်းထဲတွင် မြန်မာပြည်သူများ၏ သဘောဆန္ဒကို လေးစားလိုက်နာရန်၊ အရေးပေါ်အခြေအနေ ကြေညာမှု အဆုံးသတ်ရန်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ခွင့်ပြုရန် အာဏာသိမ်းစစ်တပ်ကို တိုက်တွန်းတောင်းဆိုထားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦး၀င်းမြင့်နှင့် အခြားဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ချက်ချင်း ပြန်လွှတ်ပေးရန်လည်း အာဏာသိမ်းစစ်အုပ်စုကို ယင်းက တိုက်တွန်းထားသည်။

သို့သော် ယင်းမူကြမ်းထဲတွင် အာဏာသိမ်းမှုအပေါ် ပြတ်ပြတ်သားသား ရှုတ်ချထားခြင်း မရှိပေ။

ယင်းတွင် မြန်မာပြည်သူများအပေါ် မည်သည့်နည်းဖြင့်မဆို အကြမ်းဖက်မှုအားလုံး ချက်ချင်း ရပ်ဆိုင်းရေးနှင့် ကုလ အထူးသံတမန်ကို နိုင်ငံထံ လာရောက်ခွင့်ပြုရေးအတွက် အာဏာသိမ်းစစ်တပ်ကို တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required